နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
26.3.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သော ဒေါ်ဟာလီမာ (ဘ) ဦးအဒူဆလာမ်သည် ယခင်က သိမ်တောင်ပြင် ကျေးရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ အမှတ် (၁) ရပ်ကွက် (အနောက်ရပ်ကွက်) တွင် နေထိုင်လျက် ရှိသည်။ ၎င်းသည် ငွေကြေး ချမ်းသာသူ တစ်ဦးဖြစ်သည်။ 

မတ်လ (၂၄) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ တစ်ဦးတို့သည် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ဒေါ်ဟာလီမာကို ဖမ်းဆီးရန် လာရောက်ကြောင်း ပြောကြားပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် အတူ ဒေါ်ဟာလီမာ၏ နေအိမ်သို့ သွားရောက်ကာ ဒေါ်ဟာလီမာကို ရဲအုပ်မြတ်ထွေးက စစ်ဆေးရန် ခေါ်ခိုင်းသည်ဟု ပြောဆို၍ ဖမ်းဆီးပြီး မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင် တို့က ဒေါ်ဟာလီမာ၏ နေအိမ်တွင်း ရှာဖွေ စစ်ဆေးခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် မြို့မ ရဲစခန်းသို့ ရောက်သည်နှင့် ရဲအုပ်မြတ်ထွေးက ဒေါ်ဟာလီမာကို ငွေကျပ် ငါးထောင်တန် ငွေစက္ကူများ အတုပြုလုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် သိန်း (၅၀) တောင်းခံခဲ့သည်။ ဒေါ်ဟာလီမာက ညအချိန်၌ စခန်းတွင် ချုပ်နှောင် ခံထားရပါက မဖွယ်မရာ ပြုလုပ်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် သိန်း (၃၀) ပေးကာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ရဲအုပ်မြတ်ထွေးသည် ယခင်က အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ၎င်းသည် နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး သိန်းထောင်ချီ ချမ်းသာလာသူ တစ်ဦး ဖြစ်ပြီး၊ ဥပဒေကို မလိုက်နာဘဲ လိုင်စင်မဲ့ကား စီးနင်းနေသူလည်း ဖြစ်သည်။ ရဲအုပ်တစ်ဦး၏ လစာဖြင့် ၎င်းပိုင်ဆိုင်နေသည့် တိုက်နှင့် ကားများ မည်ကဲ့သို့ ရရှိသည်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။ ၎င်းသည် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကို ဝေစုပေးနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများ ဝေဖန် သုံးသပ် နေကြသည်။ ဒေသခံများက ၎င်း၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်နေမှုများကို အထက် အာဏာပိုင်များက အမြန်ဆုံး စုံစမ်း စစ်ဆေး၍ အရေးယူပေးရန် အထူး လိုလားနေကြသည်။



Rohingya Eye
RB News
25.3.2016

မြေပုံ ။ ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ဒုက္ခသည် စခန်းတွင် လူဦးရေ ၂၉၁၅ ဦးခန့် ရှိပြီး၊ အသက် (၅) နှစ်အောက် ကလေး ၂၀၀ ဦးခန့် အပါအ၀င် ဖြစ်သည်။ အဆိုပါ ကလေးငယ်များ အတွက် မည်သည့် နိုင်ငံတကာ အဖွဲ့အစည်း NGO များမှ ထောက်ပံ့ခြင်း မရှိကြောင်း ဒုက္ခသည်များက RB News သို့ပြောသည်။

အဆိုပါ ဒုက္ခသည် စခန်းတွင် WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့မှ ထောက်ပံ့သည့် ဆန်များကို MHZO အဖွဲ့မှ ၀န်ထမ်း တစ်ဦးက ဒုက္ခသည် တစ်ဦးအတွက် တစ်ရက်လျှင် ဆန်တစ်ဗူးခွဲနှုန်းဖြင့် ပေးဝေလျက် ရှိသည်။ ဒုက္ခသည် များမှ ဆန်မှအပ ကျန်သည့် မည်သည့် ရိက္ခာမှ မရရှိသောကြောင့် (၁၅) ရက်စာ ဆန်ချန်ထား၍ ကျန်သည်များကို အပြင်သို့ ရောင်းချကာ အခြား စားသောက်ဖွယ်ရာများ ၀ယ်ယူနေရသည်။ 

ဒုက္ခသည်စခန်းမှ ဆန်တစ်အိတ် အပြင်သို့ ရောင်းချလျှင် စခန်း လုံခြုံရေး တာဝန်ယူထားသည် တာဝန်ခံ ရဲအုပ်လှဝင်းကို ငွေကျပ် တစ်ထောင်စီ ပေးရသည်။ ထို့အပြင် ဒုက္ခသည် စခန်းတွင်း ရောင်းချရန် နွားတစ်ကောင် ယူလာပါက အဆိုပါ တာဝန်ခံကို ငွေကျပ် (၅) သောင်း ပေးရကြောင်း ဒုက္ခသည်များက ပြောပါသည်။ ဒုက္ခသည်များမှာ ၎င်းတို့၏ ဆန်များ ရောင်းချ၍ အမဲသား တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် ၀ယ်ယူ စားသောက်ရသည်။ 

စခန်းတွင်းသို့ ပြင်ပမှ အခြားပစ္စည်းများ ၀ယ်ယူ၍ ယူလာပါ စခန်း လုံခြုံရေး တာဝန်ခံ ရဲအုပ်လှဝင်းကို ပစ္စည်း တန်ဖိုး၏ ၁၀% ပေးသွင်း နေရသည်။ 

R.I.A အဖွဲ့မှ ဦးစီး၍ စခန်းနှင့် ဝေးသည့် နေရာတွင်ရှိသည့် ရေတွင်းနှစ်တွင်းမှ ရေစုပ်စက်ဖြင့် ရေပေးဝေနေသော်လည်း အဆီအနံ့ရှိခြင်း၊ မသန့်ရှင်းခြင်း တို့ကြောင့် သောက်သုံးရေ အဖြစ် သောက်သုံးရန် အခက်ကြုံနေသည်ဟု ဆိုသည်။ ထို့အပြင် ရေကိုလည်း နံနက် အစောပိုင်းတွင် တန်းစီ စောင့်ဆိုင်း၍ ယူနေရသည်ဟု ပြောပါသည်။ 

R.I.A အဖွဲ့မှ နေ့စဉ် နှစ်နာရီကြာ ဆေးဝါး ကုသပေးရန် စီစဉ် ပေးထားသော်လည်း အချိန်အလွန် နည်းသောကြောင့် ဒုက္ခသည်များ၏ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသည်ဟု ဆိုသည်။ အခြား မည်သည့် အဖွဲ့အစည်းကမှ ကူညီ စောင့်ရှောက် ပေးနေခြင်း မရှိသောကြောင့် ကျန်းမာချို့တဲ့လာပါ အသက်ရှင် ရပ်တည်နိုင်ရန် နည်းလမ်းမရှိဟု ပြောပါသည်။ 

ထိုကဲ့သို့ အခက်အခဲ ပေါင်းစုံကို မခံနိုင်တော့၍ မတ်လ (၁၈) ရက်နေ့တွင် မိသားစုနှစ်စုသည် နှစ်ရက်ကြာ လမ်းခရီးကို စွန့်စား၍ စစ်တွေမြို့ ဘူမေ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ သွားခဲ့သည်။ လမ်းခရီးတွင် အသက် (၃) နှစ်အရွယ် ကလေးငယ် တစ်ဦး ဖြစ်သည့် အဒူရော်ရှိတ် သေဆုံးသွားခဲ့ကြောင်း ဘူမေမှ ဒုက္ခသည်တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။ 

ဒုက္ခသည်များက ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတကာ အဖွဲ့အစည်းများမှ စာနာ၍ ကူညီ ဖြေရှင်းပေးရန် အထူးလိုလား နေကြသည်။



RB News
25.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဒေါ်ဟူမိုက်ရာ (ဘ) ဦးရော်ဟီမူလ္လာ (အသက် ၃၁ နှစ်) ၏ နေအိမ်သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒေသ (၄) အပိုင် အလယ်သံကျော် စခန်းမှ ရဲအုပ်ခင်ဝင်းနှင့် နယ်ခြားစောင့်ရဲ အချို့က စစ်ဆေးရန်ဟု ဆိုကာ ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဒေါ်ဟူမိုက်ရာ၏ ဖုန်းထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ငွေကျပ် သိန်း (၅၀) ညှစ်ရန် ကြိုးစားခဲ့သည်။ 

ဒေါ်ဟူမိုက်ရာက ငွေကျပ် သိန်း (၅၀) ပေးရန် ငြင်းဆိုသောအခါ ဖမ်းဆီး ခေါ်ဆောင် သွားပြီး တရားစွဲဆိုခဲ့သည်။ ထို့နောက် မိသားစုဝင်များကို ဒေါ်ဟူမိုက်ရာအား လွှတ်ပေးမည်ဟု ပြောကြားပြီး ငွေကျပ် သိန်း (၅၀) ညှစ်ယူခဲ့သည်။ ငွေညှစ်ပြီးနောက် ပြန်လည် လွှတ်ပေးခြင်း မရှိခဲ့ဘဲ တရားရုံးမှ ထောင်ဒဏ် (၃) လ မတရားသဖြင့် ချမှတ်ခဲ့သည်။ 

ဒေါ်ဟူမိုက်ရာသည် ဖမ်းဆီးခံရချိန်တွင် ကိုယ်ဝန်ဆောင် ထားသူ ဖြစ်ပြီး၊ ဆယ်နှစ်အောက် ကလေး (၄) ဦး၏ မိခင် ဖြစ်သည်။ ထောင်ဒဏ်ချခံရပြီး လွန်ခဲ့သည့် လအနည်းငယ် ပြန်လည် လွတ်မြောက် လာခဲ့သည်။ 
မတ်လ (၁၉) ရက်နေ့ ည (၁၁) နာရီခန့် အချိန်တွင် ဒေါ်ဟူမိုက်ရာ၏ ခင်ပွန်း ဖြစ်သူ ဆေးကုသရန် ခရီးထွက်နေခိုက် အလယ်သံကျော်မှ စခန်းမှ ရဲမှူးသန်းလွင်နှင့် နယ်ခြားစောင့်ရဲ အချို့ ရောက်ရှိလာပြီး တစ်အိမ်လုံးကို ရှာဖွေ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း နယ်ခြားစောင့်ရဲ များက အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေညှစ်ရန် ကြိုးစားခဲ့သည်။ ၎င်းက မိမိမှာ ငွေမရှိတော့ကြောင်း၊ ရွှေတစ်ကျပ်သား ကျန်တော့ကြောင်း၊ မိမိကို လက်ထိပ်ခတ် ထားသည်ကို လွှတ်ပေးရန် အသနားခံကြောင်း ပြောကြားသည်ကို အိမ်နီးချင်းများက ကြားသိခဲ့ကြောင်း ဒေသခံ ရွာသား အချို့က RB News သို့ ပြောသည်။ 

နယ်ခြားစောင့်ရဲ များက နောက်ဆုံးတွင် ရွှေယူ၍ စာရွက် အလွတ်ပေါ်တွင် လက်ဗွေနှိပ်ခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ 



MYARF
RB News
25.3.2016

ဘူးသီး​တောင်​ ။ ရခိုင်​ပြည်​နယ်​ ၊ ဘူးသီး​တောင်​ မြို့နယ်​​ တောင်​ပိုင်း ​ညောင်​​ချောင်း ​နယ်​ခြား​စောင့်​ ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည်​ ဖရုံ​ချောင်း ​ကျေးရွာအုပ်​စု၊ ဒိုးတန်းရွာ​မှ အပြစ်​မဲ့​ ဒေသခံ ရိုဟင်​ဂျာ (၄) ဦးကို ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်း၍ ​ငွေကျပ် (၄) သိန်း ညှစ်​ယူ ခဲ့သည်​ဟု သတင်း ရရှိပါသည်။

မတ်လ (၂၁) ရက်နေ့ ည (၉) နာရီခန့် အချိန်တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် တစ်ဦးတို့နှင့် အတူ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် စိုက်ခင်းများ ဖျက်ဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်၍ အိမ်သုံး ပစ္စည်းများ လုယက်ခြင်းနှင့် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နှစ်ရက်ကြာ အချုပ်ခန်းထဲတွင် ချုပ်နှောင် ထားခဲ့ပြီး မတ်လ (၂၃) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် ငွေကျပ် (၄) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ မတ်လ (၁၇) ရက်နေ့တွင် စေတီတောင် ဈေးသို့ ဈေးရောင်း သွားခဲ့သည့် တာဟဲရ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) ကို အဆိုပါ နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး သုံးရက်အကြာတွင် ငွေကျပ် (၂) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။



MYARF
RB News
25.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု ဆင်သေပြင်ရွာမှ ဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေယာဒ်အူလ္လာ (အသက် ၃၃ နှစ်) နှင့် နုရ်ကာမာလ် (ဘ) ဦးဒိလ်မာမတ်တို့က ဒေသခံ ရွာသားများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၁၂) ရက်နေ့ ည (၆) နာရီခန့် အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးဘာရှ်ရှားမျာ (ဘ) ဦးမိုဟာမတ်အာလောမ် (အသက် ၃၂ နှစ်) နှင့် ညီဖြစ်သူ ဦးဂျာမာလ်ဟူဆောင်း (အသက် ၂၇ နှစ်) ၏ ဇနီး ဒေါ်လိုင်လာဘေဂမ် တို့ အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့သည်။ မတ်လ (၁၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး ဟိုက်ရုလ်အာမီးန်နှင့် နုရ်ကာမာလ် တို့က စကားများခဲ့သူ နှစ်ဦးမှ ဦးဘာရှ်ရှားမျာကို ဆင်သေပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ခေါ်ခိုင်းသည်ဟု ဆိုကာ ကြိုးဖြင့် ချည်နှောင်၍ အတင်းအဓမ္မ ခေါ်ဆောင် သွားခဲ့သည်။ 

သတင်းပေး နှစ်ဦးက ဦးဘာရှ်ရှားမျာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်သွားသည့်ဟန် ပြုလုပ်ကာ လမ်းတစ်ဝက်တွင် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည့် အတွက် ၎င်းတို့ကို ငွေပေးရန် ငွေမပေးပါက ကင်းစခန်းသို့ အမှန်တကယ် ခေါ်ဆောင် သွားမည်ဟု ခြိမ်းခြောက် ပြောဆို၍ ဦးဘာရှ်ရှားမျာ ထံမှ ငွေကျပ် (၆) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးဘာရှ်ရှားမျာသည် ဆင်းရဲသား တစ်ဦး ဖြစ်ပြီး အိမ်မွေး ကြက်ငှက်များနှင့် အိမ်ရှိ သစ်များ ရောင်း၍ အဆိုပါ ငွေ (၆) သောင်းကို ပေးခဲ့ခြင်း ဖြစ်သည်။ 

ဟိုက်ရုလ်အာမီးန်သည် န.စ.က ခေတ်ကတည်းကပင် ဌာနဆိုင်ရာများနှင့် နီးနီးကပ်ကပ် နေသူ ဖြစ်ပြီး၊ မိမိ၏ ကျေးရွာသားများကို ဌာနဆိုင်ရာများနှင့် ရင်းနှီးသည်ကို အင်အားအဖြစ် အသုံးချ၍ အမျိုးမျိုး အကွက်ဆင်ကာ ခြိမ်းခြောက် ငွေညှစ်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေခြင်းမှ အစိုးရ အာဏာပိုင်များကို ဝေစုပေးသဖြင့် ၎င်းအား လွတ်လပ်စွာ နေထိုင်ခွင့် ပေးနေသည်ဟု ယူဆကြောင်း ဒေသခံများက သုံးသပ် နေကြသည်။



Rohingya Eye
RB News
24.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် မတ်လ (၁၉) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စစ်ဆေးသည့် အဖွဲ့ ရောက်ရှိလာပြီး ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၃ ထောင် ကောက်ခံလျက် ရှိသည်။ မွေးကင်းစ ကလေးတစ်ဦးကို အိမ်ထောင်စု စာရင်းတွင် တင်မည်ဆိုပါက ရဲစခန်းမှ ထောက်ခံစာ၊ သက်သေ (၂) ဦးနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နိုင်ငံအတွင်း မွေးဖွားကြောင်း ထောက်ခံချက်များ လိုအပ်လျက် ရှိနေပြီ၊ အဆိုပါ ထောက်ခံချက်များ လွယ်လွယ်ကူကူ မရသောကြောင့် ကလေးများကို အိမ်ထောင်စု စာရင်းတွင် တင်နိုင်ရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေကြသည်။ 

ထောက်ခံချက်များ ရ၍ တင်ပြလျှင်လည်း ဆွဲ၊တင်၊စစ် စစ်ဆေးသည့် အဖွဲ့ကို ငွေကျပ် တစ်သောင်း ပေးရသည်။ သို့သော်လည်း ချက်ချင်း တင်မပေးဘဲ၊ နယ်မြေရုံးမှ ခွင့်ပြုချက်ရမှသာ တင်ပေးမည်ဟု ပြောဆိုသောကြောင့် ကလေး တစ်ဦးတစ်ယောက်ကိုမှ တင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အပြောင်းအရွှေ့ များကိုလည်း အလွယ်တကူ ပြုလုပ်ပေးခြင်း မရှိသလို၊ တစ်ရပ်ကွက်ထဲတွင်ပင် အိမ်ထောင်စု စာရင်း တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလိုလျှင် အထောက်အထား များနှင့် တကွ ငွေကျပ် ငါးသောင်းစီ ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။ အခြားမြို့ပေါ် ရပ်ကွက်များတွင်လည်း ထိုသို့ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

ယခင်နှစ်က ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် မွေးကင်းစ ကလေးများကို အိမ်ထောင်စု စာရင်း၌ တင်ရာတွင် လွယ်ကူစွာ တင်နိုင်ခဲ့ပြီး၊ ယခုကဲ့သို့ သက်သေ နှစ်ဦးနှင့် ရဲစခန်း ထောက်ခံစာများ မလိုအပ်ခဲ့ကြောင်း၊ ယခုအခါ လွယ်လွယ်ကူကူ တင်မပေးခြင်းမှာ ရည်ရွယ်ချက် ရှိရှိဖြင့် နိုင်ငံမဲ့ဘ၀သို့ ရောက်အောင် ကြိုတင် အကွက်ချ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မြို့မိမြို့မ အချို့က ပြောပါသည်။



Rohingya Eye
RB News
23.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ညပိုင်းတွင် ယူနီဖောင်း မပါဘဲ ရွာထဲသို့ တိတ်တဆိတ် ၀င်ရောက်၍ ဆူပူသောင်းကျန်းခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ည (၈) နာရီအချိန်တွင် မာမတ်နူရ် (ဘ) ဦးဆွေဒူလ်အာမီးန် (အသက် ၁၈ နှစ်) သည် ၎င်း၏ အိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် နယ်ခြားစောင့်ရဲ များက စစ်ဆေးပြီး ၎င်း၏ လက်ထဲရှိ MPT ဆင်းမ်ကဒ်သုံး ဖုန်းကို ယူကာ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ လုပ်ကြံ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားကာ တစ်ညလုံး ထိပ်တုံးခတ်၍ ချုပ်နှောင် ထားခဲ့သည်။ အဆိုပါ ကင်းစခန်းသို့ တပ်ကြပ်ကြီး တစ်ဦး ပြောင်းလာသည့် အချိန်မှစ၍ ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်ပြီး၊ မာမတ်နူရ် ထံမှ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျူးကျော်တဲ ဆောက်နေသည့် လယ်မြေ

Rohingya Eye
RB News
23.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သုံးမိုင် ဘုန်းကြီးကျောင်းတွင် ခိုလှုံ နေထိုင်လျက် ရှိသော န.တ.လ (မြိုလူမျိုး) မိသားစု (၅) စုသည် မောင်တော မြို့နယ် တောင်ပိုင်း၊ ဥဒေါင်း ကျေးရွာရှိ န.တ.လ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ နေထိုင်ပြီးနောက် အဆိုပါ မိသားစု (၅) စုသည် ဦးကော်ရီးမူလ္လာ (ဘ) ဦးအဘူဘော်ကော်ရ် (အသက် ၅၂ နှစ်) ၏ လယ်မြေ နှစ်ဧကပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ ကျူးကျော်တဲများ ဆောက်လုပ်နေခြင်းကို ရွာသားများက မတ်လ (၂၁) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးသာခင်ထံ သွားရောက်၍ ကန့်ကွက်ခဲ့သော်လည်း ဦးသာခင်က တရားမ၀င် ကျူးကျော်နေခြင်းကို လယ်ပိုင်ရှင်များက သွားရောက် ဟန့်တားနိုင်ကြောင်း၊ ၎င်းအနေဖြင့် တားမြစ်လျှင် သင့်တော်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်ကို ရွာသားများက အားမရသဖြင့် ကံပူးကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးထံ သွားရောက် တိုင်ကြားခဲ့သော်လည်း တပ်ရင်းမှူးက ဦးသာခင် ပြောသည့်အတိုင်း ပြောကြားခဲ့သည်။ 

အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူး တို့က သွားရောက် ဟန့်တား မပေးသဖြင့် ရွာသားများက ၎င်းတို့ ကိုယ်တိုင် သွားရောက် ဟန့်တားလျှင် န.တ.လ ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။ အဆိုပါ လယ်မြေများသည် ရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး၊ သီးနှံများ စိုက်ပျိုးထားသော လယ်မြေများ ဖြစ်သည်။ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီး၍ ကျူးကျော်တဲများ ဆောက်လုပ်နေခြင်းကို အမြန်ဆုံး ဟန့်တားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များထံ ရွာသားများက တောင်းဆိုနေကြသည်။



MYARF
RB News
23.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ၏ အနီးတ၀ိုက် ကျေးရွာများ ဖြစ်သည့် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် (စေတီပြင်)၊ ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြောင်ရွာ၊ စပယ်ကုံး ကျေးရွာများတွင် ချောင်းမှ ရေလောင်း၍ ဆောင်းသီးနှံ စိုက်ပျိုးသည့် စိုက်ခင်းများမှ ဆင်သေပြင် ကျေးရွာသား တစ်ဦး ဖြစ်သည့် ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေဒူလ္လာက တစ်ဧကလျှင် ငွေကျပ် (၄) သောင်းစီ အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

အထက်ဖော်ပြပါ ကျေးရွာများကို ဖြတ်၍ တောက်လျှောက် စီးဆင်းလာသည့် ချောင်းငယ် တစ်ခု၏ ကမ်းနားတွင် ရှိသည့် လယ်ယာမြေ (၁၀၀) ဧကတွင် လယ်သမားများက ငရုတ်၊ အာလူး၊ ခရမ်းသီး စသော ဆောင်းသီးနှံများ စိုက်ပျိုးကြသည်။ ယင်းစိုက်ခင်းများတွင် ချောင်းမှ ရေလောင်းနိုင်ရန် အတွက် ဦးဟိုက်ရုလ်အာမီးန်အား တစ်ဧကလျှင် ငွေကျပ် (၄) သောင်းစီ ပေးသွင်းနေရခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ဦးဟိုက်ရုလ်အာမီးန်သည် အများပိုင် ချောင်းတစ်ခုကို သက်ဆိုင်ရာ ဆည်မြောင်း ဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် ရေကာတာ ဆည်ဖို့ပြီး ဆင်းရဲသော လယ်သမားများ ထံမှ မတရားသဖြင့် ငွေကောက်ခံ နေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကွင်းဆင်း စစ်ဆေး၍ ဖြစ်ရပ်မှန်ကို စီစစ်ပေးပါရန်နှင့် အများ အကျိုးကို လျစ်လျူရှုပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစား နေသည့် ဦးဟိုက်ရုလ်အာမီးန်အား ထိရောက်စွာ အရေးယူပေးပါရန် မေတ္တာရပ်ခံကြောင်း ဒေသခံ လယ်သမားများက ပြောပါသည်။



ကိုမိုးဇော်
21.3.2016

ခေတ်စနစ်နဲ့ သာမက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ပါ မကိုက်ညီတော့ တာကြောင့် ဧည့်စာရင်း တိုင်ကြားတာနဲ့ ပတ်သက်တဲ့ ဥပဒေ ပုဒ်မတွေကို မကြာခင်မှာ ပြည်ထောင်စု လွှတ်တော်ကနေ ပယ်ဖျက်ဖို့ ရှိနေပါတယ်။ ဒီလို ပယ်ဖျက်ဖို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်း အဖြစ် အမျိုးသား လွှတ်တော်ကို တင်ပြ ထားပြီး အစိုးရသစ် ဖွဲ့စည်းပြီး နောက်ပိုင်းမှာ အတည်ပြု ပြဌာန်းဖွယ် ရှိနေပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အနှောက်အယှက် ဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားတာ၊ ဧည့်စာရင်း စစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့အတွက် ဥပဒေကြမ်းအဖြစ်နဲ့ လွှတ်တော်ကို တင်ပြထားပြီဖြစ်ပါတယ်။

လောလောဆည်မှာတော့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် လက်ခံရရှိထားပြီဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးကပြောပါတယ်။

“ဧည့်စာရင်းကို ပယ်ဖျက်ဖို့ဆိုပြီးတော့ လုပ်နေတာတော့ ကြာပြီလေ ။ ပြီးခဲ့တဲ့ လွှတ်တော်ထဲက အဲဒါကတော့ အဓိက lobby လုပ်တာကတော့ CSO တွေ၊ ကျောင်းသားတွေကနေပြီးတော့မှ အဓိက Lobby လုပ်တာ။ လုပ်တော့ လွှတ်တော်ကနေပြီးတော့ လက်ခံပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ အောင်မြင်သွားတယ်။ အောင်မြင်သွားတော့ အခုက ဥပဒေကြမ်း ။ ဥပဒေကြမ်းကို အခု အန်တီတို့က အတည်ပြုပေးရတယ်။ အဲဒါဆိုလို့ရှိရင်တော့ ဥပဒေအတည်ဖြစ်ပြီပေါ့နော်။”

ပြင်ဆင်၊ပယ်ဖျက်မယ့် ဥပဒေကြမ်းမှာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)၊ ပုဒ်မ ၁၇နဲ့ ပုဒ်မ ၂၇ပါ “ပုဒ်မ ၁၇”တို့ပါဝင်တာဖြစ်ပါတယ်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှုးက အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုက ညဉ့်အိပ်၊ညဉ့်နေ လာရောက်တည်းခိုတဲ့ ဧည်သည်တွေကို ဧည့်စာရင်းတိုင်ကြားတာလက်ခံဖို့၊ ဧည့်စာရင်းစစ်ဆေးဖို့နဲ့ ဧည့်စာရင်းတိုင်ကြားတာပျက်ကွက်ရင် အရေးယူဖို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၇ ကတော့ တခြားရပ်ကွက် သို့မဟုတ် ကျေးရွာတွေကို ညဉ့်အိပ်၊ညဉ့်နေသွားရင် ဧည့်စာရင်းတိုင်ကြားဖို့နဲ့ ပုဒ်မ ၁၇ပျက်ကွက်ရင် ပုဒ်မ ၂၇အရ ကျပ် ၅ထောင်ထက် မပိုတဲ့ ငွေဒဏ်နဲ့ ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကိုတော့ မကြာခင်မှာ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ ဒေါ်စူစန်နာလှလှစိုးက ဆက်ပြောပါတယ်။

“အဲဒါကတော့ ရက်ကို မသက်မှတ်သေးဘူး ။ အခုကတော့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတော့ အလုပ်ရှုပ်နေတော့လေ ။ ဥပဒေကြမ်းတွေကအများကြီးတွေက အများကြီး တန်းစီနေတယ်ဆိုတော့ ဘယ်တော့ ကျမလဲမသိဘူးလေ။ ဒါပေမယ့် အောင်မြင်ဖို့တော့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လွှတ်တော်ကတည်းကနေပြီးတော့ သဘောတူထားတဲ့ဥစ္စာဆိုတော့လေ။”

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အခုလို ပြောပါတယ်။

“ဟုတ်တယ်။ အမျိုးသားလွှတ်တော်က ပုဂ္ဂိုလ်တွေကိုပေးတယ်။ ကျနော်ခုနက ဖတ်ကြည့်လိုက်ပါတယ်။ ပုဒ်မ ၁၃ (ဆ) ကို ပယ်ဖျက်ဖို့ပေါ့နော် ဧည့်စာရင်း တိုင်တဲ့ကိစ္စက ပြည်သူတွေအတွက် အကျိုးမရှိဘူး Too Corruption ဖြစ်တယ်ဆိုပြီးတော့ အဲဒီမှာ အကျိုးအကြောင်း ဖော်ပြပြီးတော့ ဥပဒေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့က လွှတ်တော်ကို ဥပဒေကြမ်းတင်ထားတာ။”

ဒီလို ပယ်ဖျက်မှာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့သဘောကတော့် ဧည့်စာရင်း တိုင်တာကို မထားသင့်ဘူးလို့ပဲ သဘောရတယ်လေ။ ဧည့်စာရင်း တိုင်တာကို အလုပ်တခုအနေနဲ့ တာဝန်ပေးတာက် ဧည့်စာရင်း တိုင်၊ မတိုင်ရင် တရားစွဲမယ်ဆိုတာက ဒါက ပြင်းထန်တယ်ပေါ့ဗျာ။ ဒီလုံခြုံရေးအပိုင်းဆက်လုပ်မယ်ဆိုရင် လုံခြုံရေးတာဝန်ရှိတဲ့လူတွေက သူတို့အနေနဲ့ မသင်္ကာတဲ့လူတွေရှိရင် အရေးယူလို့ရတာပဲ ။ အဓိကတော့ အလုပ်လည်းမရူပ်တော့ဘူး။ အများပြည်သူအတွက် အကောင်းဆုံးပဲပေါ့။”

ဒီဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့ တင်ပြတဲ့ စာမှာတော့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေဟာ ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့ကြောင်း၊ မြန်မာနိုင်ငံပုံရိပ်ကို အိုးမဲသုတ်ပြီး တိုင်းရင်းသားတွေကို နှိပ်စက်ဖို့ ရည်ရွယ်တဲ့ ဥပဒေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဥပဒေ ပုဒ်မတွေကို အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ပြဌာန်းပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာအစိုးရတွေက ဆက်လက်ကျင့်သုံးနေခဲ့တာဖြစ်ပါတယ်။



အင်ကြင်းနိုင်
21.3.2016

ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဥက္ကဋ္ဌ အဖြစ်နဲ့ အစိုးရသစ် အဖွဲ့ကို ဦးဆောင် သွားမှာ ဖြစ်တယ်လို့ ပါတီ ထိပ်ပိုင်း ခေါင်းဆောင် တဦးက ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ၀န်ကြီး အမည် စာရင်းတွေကို မတ်လ (၂၄) ရက်နေ့လောက်မှာ ထုတ်ပြန် နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟို အလုပ် အမှုဆောင် ဆွေးနွေးပွဲ အပြီး သတင်းထောက် တွေကို အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့သစ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်သွားနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကိုပြောပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းကို အခုလိုဖြေဆိုပါတယ်။

“ဘာပဲပြောပြောပါတီရဲ့ ဥက္ကဋ္ဌ Role ဟာ သူက ထိပ်မှာ အမြဲတမ်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုရှိသလဲ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့် အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။ အဲဒီတော့ ဘယ်နေရာ အခန်းကဏ္ဍ ဆိုတာလည်းတော့ မမေးနဲ့တော့ပေါ့ဗျာ။ ဒီအနေအထားကိုပဲ basic principle ကိုပဲ ပြောပြတာပါ။”

အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရုံး ဒါမှမဟုတ် ၀န်ကြီးရာထူးတခုခုယူပြီး အစိုးရထဲပါဝင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ညွန်ကြားရေးမှုးချုပ်တွေအပါအ၀င် အဖွဲ့ဝင် (၈)ဦးပတဲ့ လွှတ်တော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်ရင်လည်း ၀န်ကြီးရာထူးကိုမယူပဲ အလားတူ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားနိုင်တဲ့ နည်းလမ်းရှိတယ်လို့ သုံးသပ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒေါက်တာဇော်မြင့်မောင်ပြောသလိုပေါ့နော် ပါတီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ဆက်ရှိနေပြီးတော့ ပါတီဥက္ကဋ္ဌကနေပြီးတော့ မွေးထုတ်လိုက်တဲ့ အစိုးရအဖွဲ့၊ သမ္မတကအစ သူကနေ ထိန်းကျောင်းပေးပြီးတော့ ကွပ်ကဲမယ်ဆိုတဲ့ အနေအထားပါ။ တနည်းအားဖြင့်လည်း ဖွဲ့စည်းပုံမှာ ဒီပါတီထဲက ပုဂ္ဂိုလ်က အစိုးရတာဝန် ၊ သမ္မတ တာဝန်ယူရင် ပါတီက တာဝန် မရှိဘူးဆိုတာလည်း လုပ်ထားတော့ ဒီအချက်ကလည်း နောက်ထပ် ကမောက်ကမတွေဖြစ်ကုန်တာပေါ့နော် ။ ဒါကြောင့်လည်းပဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကြားထဲမှာ ပြဿနာတွေ ဖြစ်ခဲ့သလိုပေါ့နော်။ အဲတော့ တနည်းအားဖြင့် ကျနော်ပြောချင်တာက ဒီကမောက်ကမနိုင်လာတဲ့ ဖွဲ့စည်းပုံကြီး ရှိနေတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးနဲ့ သမ္မတ တာဝန်မယူပဲနဲ့ သူက ထိန်းကျောင်းဖို့နေရာပဲ ယူမယ့်သဘောဖြစ်ပါတယ်ခင်ဗျာ။"

မနေ့က NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲမှာ အများ စိတ်ဝင်စားနေတဲ့ အစိုးရသစ်အဖွဲ့မှာပါမယ့် ၀န်ကြီးတွေရဲ့ အမည်စာရင်းအပြီးသတ် အတည်ပြုမယ်ဆိုတဲ့သတင်းတွေ ကြိုပြီးထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းထောက်တွေကိုပြောကြားရာမှာ မတ်လ (၂၄)ရက် ကြာသပတေးနေ့လောက်မှာ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွေ ထုတ်ပြန်နိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပြီး သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဘယ်လိုရှေ့ဆက်မလဲ၊ NLD ရဲ့ကော်မတီတွေမှာ တာဝန်ယူခဲ့သူတွေဟာ လွှတ်တော်ထဲကိုရောက်လာတဲ့အတွက် ပါတီနဲ့လွှတ်တော် မတိုက်အောင် ဘယ်လိုဆောင်ရွက်မလဲအပါအ၀င် ပါတီရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NLD ပါတီရဲ့ ရှေ့ခရီးနဲ့ ပတ်သက်ပြီး ဒေါက်တင်တင့်ဆွေရဲ့ အမြင်ကိုမေးကြည့်တော့

“အခက်အခဲတွေကြားထဲကတောင်မှ ကျနော်တို့ အသက်ဆက်အောင်နေခဲ့ပြီးတော့ အခုတခါ မျိုးဆက်သစ်လက်ကမ်းမှုတွေ၊ မျိုးဆက်သစ်အတွက် နေရာပေးဖို့အတွက် သင်တန်းတွေလုပ်နေတော့ NLD ပါတီထဲမှာလည်း အခုအစိုးရသစ်ထဲရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ၊ ပါတီကိစ္စ လှည့်မကြည့်နိုင်ရင် နောက်ထပ် ပုဂ္ဂိုလ်တွေ တက်လာလိမ့်မယ်။ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်း လူသစ်ဖြစ်ဦးတော့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အရင်ခေါင်းဆောင်တွေလိုပဲ စိတ်စေတနာ မှန်မှန်နဲ့ ပါတီအရေးကို ထိန်းကျောင်းသွားနိုင်မယ်။ ဒီအခွင့်အလမ်းတခု ၂၀၁၅ ရွေးကောက်ပွဲကနေ မွေးပေးလိုက်တဲ့အတွက် NLD ကလည်း အရင်ကထက်တောင်ပိုပြီးတော့မှ အင်သစ်အားသစ်လူသစ်၊ စိတ်သစ်တွေနဲ့လူတွေပါ နေရာရလာတဲ့ အနေအထားလို့ မြင်ပါတယ်ခင်ဗျ။”

ဒီကနေ့ တနင်္လာနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်ကနေ ၀န်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတာတွေနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးမှာဖြစ်ပါတယ်။



ကိုထက်အောင်
21.3.2016

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ဖွဲ့စည်းမယ့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်တဲ့ အကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။ အစိုးရ အဖွဲ့ထဲ မှာတော့ NLD ပါတီက သာမက တိုင်းရင်းသားတွေ ပြင်ပက ကျွမ်းကျင်သူတွေပါ ပါဝင်မှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြ ပေးမှာပါ။

NLD အစိုးရသစ် လက်ထက်မှာ ပြန်လည် ဖွဲ့စည်းမယ့် ၀န်ကြီးဌာန ၂၁ ခု အတွက် ၀န်ကြီးတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့လိုက်ပြီ မနက်ဖြန်မှာ လွှတ်တော်တွင်း တရားဝင် ကြေညာလိမ့်မယ် လို့လည်း မျှော်လင့် ရပါတယ်။ NLD က ခန့်အပ် တာဝန် ပေးမယ့် သူတွေထဲ မှာတော့ ပါတီဝင်တွေရော ပြင်ပက လူတွေပါ နယ်ပယ် အသီးသီးက ပါဝင်မှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကို ပေးရတာ ဒီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတကနေပြီးတော့ ပေးရတာပေါ့ကွာ။ အမျိုးသမီး ဘယ်နှစ်ယောက်တွေမမေးပါနဲ့ ၊ အမျိုးသမီးပါတယ်။ NLD ပါတယ် ။ ပညာရှင်လည်းပါတယ်။ NLD ပါတယ် ။ တိုင်းရင်းသားလည်းပါတယ်။ ပညာရှင်လည်းပါတယ်နော်။”

NLD အစိုးရသစ် လက်ထက်မှာ အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနအတွက်ကိုတော့ တိုင်းရင်းသား ခေါင်းဆောင် တဦးကိုတာဝန်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှာ တိုင်းရင်းသား တဦးကို တာဝန်ပေးတယ်ဆိုတာပြောတာပါ။ နောက် နိုင်ငံရဲ့အကျိုးကိုပြုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အကျိုးပြုနိုင်တာလား၊ ကျန်တဲ့ အပြင်ကလူတွေက အကျိုးမပြုနိုင်ဘူးလား ဒါတွေလည်း စဉ်းစားရဦးမှာပေါ့။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတာဝန်ယူခွင့်မရှိတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရသစ်မှာ ဘယ်လို အခန်းကဏ္ဍက တာဝန်ယူမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့လည်း ပါတီနဲ့ အစိုးရသစ်ကိုပါ ဦးဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အဲတော့ NLD ဖွဲ့တဲ့ အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။NLD ကြီးကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တဲ့အတွက် NLD ဖွဲ့တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှာပါ။ အဲဒီကျတော့ ရာထူး Position ဆိုတာ အရေးကြီးသေးသလား။”

NLD အစိုးရသစ်က ၀န်ကြီးဌာန အများစုအတွက် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ ခုဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။

အသက် (၁၁) နှစ် အရွယ် အဒူမူနာဖ် 

Rohingya Eye
RB News
20.3.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် နတ်ချောင်းရွာမှ ဦးအဒူဇော်လိလ်၏ ဇနီး ဒေါ်ဟာဇာရာခါတူ (အသက် ၃၁ နှစ်) သည် မိသားစုဝင် (၆) ဦးနှင့် အတူ စစ်တွေမြို့ ပင်လယ်ပြင် ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်မှ နှစ်နှစ်ခွဲ ရှိပြီး ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ထောက်ပံ့မှုမှ မရသည့် အပြင် အမိုးအကာ မရှိဘဲ နေထိုင်ရကြောင်း သိရှိရသည်။ 

၎င်းတို့သည် ရိက္ခာဖူလုံမှု မရှိသည့် အပြင် အာလူးစား၍ အသက်ရှင် နေထိုင်လာရာမှ (၇) ရက်အကြာတွင် ဒေါ်ဟာဇာရာခါတူနှင့် အသက် (၁၁) နှစ်အရွယ် သားဖြစ်သူ အဒူမူနာဖ် တို့သည် ယနေ့ မတ်လ (၂၀) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားကြောင်း ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။ 

၎င်းတို့၏ မိသားစုဝင် (၇) ဦးတွင် ယခု (၄) ဦးသာ ကျန်ရှိနေပြီး၊ ယခင်ကလည်း တစ်ဦး အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ဒုက္ခသည် အဖြစ် အစိုးရမှ အသိအမှတ်ပြုခြင်း မခံရသည့် ဒုက္ခသည် ၈၆၄၀ ဦးမှာ စားဝတ်နေရေး အတွက် အလွန်ပင် ဒုက္ခရောက်လျက် ရှိနေပြီး၊ ၎င်းတို့၏ စားဝတ်နေရေး အတွက် ပြည်တွင်း၊ ပြည်ပမှ ၀ိုင်းဝန်း ကူညီပေးရန် အထူး လိုလား တောင့်တလျက် ရှိကြောင်း အဆိုပါ ဒုက္ခသည်က ပြောပါသည်။



MYARF
RB News
20.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာ၌ နွေစပါး စိုက်ပျိုးရေး လွယ်ကူစေရေး အတွက် ရေကာတာ စီမံကိန်း တစ်ခုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ငွေကျပ် သိန်းပေါင်း ထောင်ချီသုံးစွဲ၍ ၂၀၁၅ ခုနှစ် အစောပိုင်းကာလမှ စ၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ 

စီမံကိန်း ကြီးကြပ်ရေး အတွက် မြေပိုင်ရှင်များ၊ လယ်သမားများနှင့် ရပ်ရွာလူကြီးများ ပါဝင်သော ကော်မီတီ တစ်ရပ် ဖွဲ့စည်းချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ကြားဝင်၍ ၎င်းတို့ နှစ်သက်ရာ ပုဂ္ဂိုလ်အချို့ ထည့်သွင်းခဲ့သည်။ လောင်းဒုံ ကွင်းအမှတ် ၄၄ (ဆ) ၌ ဒေသခံများပိုင် တောင်ကြားရှိ လယ်ယာမြေ (၁၀) ဧက နီးပါးကို ပတ်၍ ရေကာတာ ဆည်ဖို့ရန် UNHCR နှင့် မြေပိုင်ရှင်များ အကြား သဘောတူညီချက် တစ်ခု ရရှိခဲ့သည်။

ယင်းသဘော တူညီချက် အရ စီမံကိန်းမှ အကျိုးခံစားပြီး နွေစပါး စိုက်ပျိုးရာတွင် လယ်သမားများ အနေဖြင့် ရေကာတာ အတွင်း ရေအောက်တွင် ပါသွားသည့် လယ်ယာမြေ ပိုင်ရှင်များကို ကာလ ပေါက်ဈေးအတိုင်း ငှားရမ်းခ ပေးရမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကြီးကြပ်ရေး ကော်မီတီဝင် အဖြစ် အတင်း ပါဝင် လာခဲ့သည့် ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေဒူလ္လာ (အသက် ၃၅ နှစ်) က နွေစပါး စိုက်ပျိုးနေသည့် လယ်ယာမြေ ဧကပေါင်း (၄၈) ဧကမှ တစ်ဧကလျှင် ငွေကျပ် (၆) သောင်းကျော်စီ အဆမတန် ကောက်ခံခဲ့ပြီး ရေကာတာ အတွင်း ရေအောက်တွင် ပါသွားသည့် မြေပိုင်ရှင်များ ဖြစ်ကြသော အောက်ပါ လယ်သမားများကို တစ်ဝက်သာ ပေးပြီး ကျန်တစ်ဝက်ကို အလွှဲသုံးစား ပြုလုပ်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့ကြောင့် သက်ဆိုင်ရာ ဆည်မြောင်း ဦးစီးဌာနနှင့် UNHCR တို့မှ သိစေရန်နှင့် ဆင်းရဲသည့် လယ်သမားများ၏ ငွေများကို အုပ်ချုပ်ရေးမှူး အာဏာပြ၍ အလွှဲသုံးစား ပြုလုပ်နေသည့် ဦးဟိုက်ရုလ်အာမီးန်အား အရေးယူ ဆောင်ရွက်ပေးပြီး ကြီးကြပ်ရေး ကော်မီတီဝင် အဖြစ်မှ ရပ်စဲပေးပါရန် အနူးအညွတ် ပန်ကြားလိုသည်ဟု ဒေသခံ လယ်သမား တစ်ဦးက ပြောပါသည်။ 

ရေကာတာ စီမံကိန်း၌ ရေအောက်တွင် ပါသွားခဲ့သည့် လယ်ပိုင်ရှင် များမှာ -- 

(၁) ဦးဇာဖောရ် (ဘ) ဦးဘော်ဒီရာမန် (အသက် ၅၃ နှစ်)
(၂) ဦးကာလူ (ဘ) ဦးဘော်ဒီရာမန် (အသက် ၅၉ နှစ်)
(၃) ဦးကာမာလ် (ဘ) ဦးကာလူ (အသက် ၄၂ နှစ်) -- တို့ဖြစ်ကြသည်။

ဥပဒေ ရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်မယ့် သူရ ဦးရွှေမန်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်

20.3.2016

သူရ ဦးရွှေမန်း ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်"ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်မယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။

အဲဒီ သတင်း ထွက်ပေါ် နေတာ ကြားသိကြောင်းနဲ့ ကော်မရှင်ကို ကန့်ကွက်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော် မှာ မေးခွန်းတွေ သို့မဟုတ် အဆို တင်သွင်းရမှာ ဖြစ်တယ်လို့ အဲဒီကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြော ပါတယ်။

"အဲ့လို သတင်း ထွက်တာတော့ရှိတယ်၊ ဒါပေမယ့်သူရဲ့လမ်းကြောင်းက ကျနော်တို့ ကော်မရှင်ရဲ့ ရပ်တည်မှု နဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာ၊ ကန့်ကွက်တာလုပ်မယ် ဆိုရင် ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော် နာယကဆီကို တပ်မတော်သားကိုယ်စားလှယ်တွေကနေပြီးတော့ မေးခွန်းမေးမြန်းလိုသော် လည်းကောင်း၊ အဆိုတင်သွင်းဖို့သော်လည်းကောင်း လုပ်ရမယ့်ကိစ္စ၊ တစ်ကယ် ဟုတ်မဟုတ်တော့ မသိဘူး၊ သတင်းထွက်လာတာ ကျနော်လည်းကြားပါတယ်"

အဲဒီကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ ညီမညီ ဆိုတာတွေကို လေ့လာဆန်း စစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ အငြိမ်းစား ဦးဆောင်ညွှန် ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ကြပါတယ်။

သူရဦးရွှေမန်းဟာ ကော်မရှင်ဥက္ကဌအဖြစ် လစာငွေမယူဘဲ တာဝန်ထမ်းဆောင် သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။



Rohingya Eye
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စစ်တွေမြို့တွင် Arakan Army (AA) နှင့် ဆက်စပ်မှုရှိသည့် စိတ်ကြွဆေးပြားများ (WY) သယ်ဆောင်လာသည့် ကုန်တင်ကား တစ်စီးကို လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်နယ် တစ်ပြည်လုံး၌ မြို့နယ် အနှံ့ရှိ ကင်းစခန်းများအား ကုန်တင်ကားများကို စစ်ဆေးရန် အမိန့်ထုတ်ခဲ့သည်။ 

အမိန့်ထုတ်ပြန် ပြီးနောက် မောင်တော မြို့နယ်၊ မြို့မ ကညင်တန်းနှင့် မြို့သူကြီးကြား တံတား အနီးတွင် ရဲကင်းစခန်းမှ ရဲများသည် မောင်တော မြောက်ပိုင်းမှ လာသည့် ရိုဟင်ဂျာများ ကားများကို ရပ်တန့်ခိုင်းကာ ပစ္စည်းများ စစ်ဆေးမည့် အစား ထောက်ခံစာများ တောင်းခံခြင်း၊ ခန္ဓာကိုယ် အနှံ့ ရှာဖွေခြင်း၊ အမျိုးသမီးများ အိတ်ထဲမှ ရွှေ၊ ငွေများ လုယက်ခြင်း၊ အမျိုးသားများ၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်ပေး၍ ငွေညှစ်ခြင်းများ မကြာခဏ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မတ်လ (၁၆) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကျီးကန်းပြင် ကျေးရွာမှ ဦးအီဆုပ် (ဘ) ဦးမော်ဒူလ္လာ (အသက် ၄၀ နှစ်) နှင့် ဟာဖီးဇ် ရှော်မ်ရှုအာလောမ် (ဘ) ဦးနူရ်အာလောမ် (အသက် ၄၆ နှစ်) တို့သည် မော်တော်ဆိုင်ကယ် တက္ကစီဖြင့် မြို့ထဲသို့ သွားနေစဉ် ကင်းစခန်းမှ ရဲများက ရပ်တန့်ခိုင်းပြီး သက်သေခံ လက်မှတ်များကို စစ်ဆေးခဲ့သည်။ ထို့နောက် သက်သေခံ လက်မှတ်များတွင် လက်မှတ် မပါဟုဆိုကာ ငွေကျပ် နှစ်ထောင်စီ ညှစ်ယူခဲ့သည်။ 

ကင်းစခန်း၏ တာဝန်မှ ကုန်တင်ကားမှ ကုန်ပစ္စည်းများကို စစ်ဆေးရန်သာ တာဝန်ရှိပြီး၊ ယခင်က အဆိုပါ တံတားအား မသမာသူများ၏ ဘေးရန်မှ ကာကွယ် စောင့်ရှောက်ရန် တာဝန် ပေးအပ်ခဲ့သော်လည်း၊ ယခုအခါ ဒေသခံ ရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်နေခြင်းမှာ ရရှိထားသည့် တာဝန်နှင့် အခွင့်အာဏာကို အလွှဲသုံးစား ပြုရာ ရောက်နေကြောင်း အထက် အရာရှိသိစေရန် တင်ပြလိုကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ထင်းခုတ် သမား (၂၀) ဦးခန့် ပါသည့် အဖွဲ့တစ်ဖွဲ့သည် မတ်လ (၁၀) ရက်နေ့ ည (၆) နာရီခန့် အချိန်တွင် ၎င်းတို့၏ ရွာနှင့် နီးစပ်ရာ တောင်များမှ ထင်းခုတ်ပြီး ပြန်လာနေစဉ် မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ များက မည်သည့် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရပ်တန့်ခိုင်းပြီး၊ ထင်းခုတ်ဓါးများနှင့် သယ်ယူလာသည့် ထင်းများကို သိမ်းဆည်းသည့် အပြင် ထင်းခုတ်သမား များကို ဖမ်းဆီးရန် ကြိုးစားစဉ် ထင်းခုတ်သမား အချို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ 

ထွက်ပြေး၍ မရခဲ့သည့် ထင်းခုတ်သမား (၅) ဦးကို နယ်ခြားစောင့်ရဲ များက စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားနေစဉ် နယ်ခြားစောင့်ရဲ များနှင့် အတူ လိုက်ပါလာသည့် မြင်းလွတ် (ဇူမ်ဟာဒါ) ကျေးရွာမှ သတင်းပေး အဒူလ္လာ (ဘ) ဦးဖော်ဇော်လ် (အသက် ၂၇ နှစ်) က ၎င်းအား ငွေကျပ် တစ်သိန်းစီ ပေးလျှင် လွတ်မြောက်နိုင်ကြောင်း ကြားဝင် ပြောဆိုခဲ့သည်။ အဖမ်းခံရသည့် ထင်းခုတ်သမား များသည် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး အဒူလ္လာနှင့် စကားပြောနေစဉ် အခွင့်ကောင်း ရရှိသဖြင့် ငွေပေးမည်ဟု ကတိမပေးဘဲ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ယခုအခါ အဆိုပါ သတင်းပေး အဒူလ္လာက ထင်းခုတ်သမား (၅) ဦးကို ငွေကျပ် တစ်သိန်းစီ ပေးမည်ဟု ကတိပေးခဲ့ခြင်းကြောင့် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း၊ ၎င်းအား ငွေကျပ် တစ်သိန်းစီ မပေးပါက နယ်ခြားစောင့်ရဲ များကို ခေါ်ဆောင် လာပြီး ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ လူကြီးတစ်ဦးက RB News သို့ပြောပါသည်။ 

သို့ဖြစ်၍ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲများ အနေဖြင့် မိမိတို့ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ သောင်းကျန်းမှုများကို ရပ်တန့်ပေးရန်နှင့် သက်ဆိုင်ရာ သစ်တော ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ထင်းခုတ်ပြီး ၀မ်းစာ ရှာဖွေနေသည့် မရှိဆင်းရဲသား ဒေသခံ ရိုဟင်ဂျာများကို ဒုက္ခပေးနေသည့် သတင်းပေး တပည့် လောက်ကောင် များကို အရေးယူပေးပါရန် လိုလားနေသည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။ 

ခြိမ်းခြောက်ခံနေရသည့် ထင်းခုတ်သမား များမှာ -- 

(၁) ဦးအဒူရော်ဟိမ်း (ဘ) ဦးဇော်လိလ် (အသက် ၃၂ နှစ်) - မြင်းလွတ် အရှေ့ရွာမှ
(၂) ဦးမိုဟာမတ်ရှာကေရ် (အသက် ၃၀ နှစ်) - မြင်းလွတ် အရှေ့ရွာမှ
(၃) ရာမောတ် (ဘ) ဦးကာလူ (အသက် ၂၄ နှစ်) - မြင်းလွတ် ဖွေရာရွာမှ
(၄) ဦးမာမတ်ရိယာစ် (ဘ) ဦးယာစီးန် (အသက် ၃၀ နှစ်) - မြင်းလွတ် အရှေ့ရွာမှ 
(၅) ဦးဟာဆူ (ဘ) ဦးကာလာမျာ (အသက် ၃၅ နှစ်) - မြင်းလွတ် အရှေ့ရွာမှ -- တို့ဖြစ်ကြသည်။



MYARF
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နတ်ချောင်း (ယခင် ပဒကား ဒေ၀ါနာလီ) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ အချို့သည် ညပိုင်းတွင် ကင်းလှည့်ရန်ဟု ဆိုကာ စခန်းမှ ထွက်လာပြီး၊ အမျိုးသားများ မရှိ၊ အမျိုးသမီးများသာ ရှိသည့် နေအိမ်များကိုသာ အကြောင်း အမျိုးမျိုး ပြကား ၀င်ရောက်၍ အမျိုးသမီး များကို ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်သည့် အပြင် အဓမ္မပြုရန် ကြံစည်နေကြောင်း၊ အမျိုးသမီးများ၏ အော်ဟစ်သံကြောင့် ရွာသားများ စုဝေးလာသဖြင့် နယ်ခြားစောင့်ရဲများ ထွက်ပြေး သွားကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၁၇) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် နတ်ချောင်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ၎င်းတို့၏ သတင်းပေး ရော်မိစ်အာမောတ် (ဘ) ဦးဆွေဒူရာမန်နှင့် အတူ ဦးဆော်လိမ်၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်အတွင်းရှိ အမျိုးသမီးများကို အဓမ္မပြုကျင့်ရန် ကြိုးစားနေစဉ် အမျိုးသမီးများက အော်ဟစ်သဖြင့် အိမ်နီးချင်းများ ပြေးလာခဲံသည်။ ထို့နောက် လူစုလူဝေး ရောက်လာသည်ကို နယ်ခြားစောင့်ရဲများက မြင်တွေ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ များသည် ယင်းရွာသို့ ညအချိန်တွင် မကြာခဏ လာရောက်ပြီး အမျိုးသားများ မရှိသည့် အိမ်များသို့ ၀င်၍ အမျိုးသမီးများကို မသင့်လျော်သည့် လုပ်ရပ်များ ပြုလုပ်သည် သာမက မုဒိန်းကျင့်ရန်ပင် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။



Rohingya Eye
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သူဦးလာ ကျေးရွာမှ ဟာဖီးဇ် နူရူစလာမ် (အသက် ၄၂ နှစ်) သည် မတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ကားငယ် တစ်စီးဖြင့် မောင်တော မြို့ထဲသို့ သွားနေစဉ် လမ်းတစ်ဝက်၌ ကျောက်ပြင်ဆိပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ရပ်တန့်ခိုင်းကာ ကားပေါ်မှ ခရီးသည်များကို ဆင်းခိုင်းပြီး စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးနေစဉ် ဟာဖီးဇ် နူရူစလာမ်၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ်မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျောက်ပြင်ဆိပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာ များအား လူဆိုးလူမိုက်များ သဖွယ် လက်နက်ဖြင့် ခြိမ်းခြောက်၍ မကြာခဏ ဆိုသလို အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို နယ်စပ် လုံခြုံရေး အတွက် တာဝန်ပေးအပ် ထားသော်လည်း လက်နက် အင်အားဖြင့် ငွေညှစ်နေသည်ကို အထက် အာဏာပိုင်များက အမြန်ဆုံး ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံများက တောင်းဆို နေကြသည်။



MYARF
RB News
19.3.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပိုင်းရှိ ကျေးရွာများ ဖြစ်သည့် ကိုးတန်ကောက်၊ ချိန်ခါလီနှင့် အငူမော် ကျေးရွာများတွင် ဒေသခံ ရိုဟင်ဂျာ တံငါးသည် များကို စစ်တပ်မှ ဗိုလ်ကြီးများက ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

ကျောက်ပန္ဒူရှိ တပ်မတော် တပ်ရင်း လက်အောက်ခံ စခန်းတစ်ခု ဖြစ်သည့် ကိုးတန်ကောက် ရခိုင်ရွာ တောင်ဘက် အခြေစိုက် တပ်မတော် စစ်စခန်းမှ အသစ် ပြောင်းရွှေ့ ရောက်ရှိလာသည့် ဗိုလ်ကြီး တစ်ဦးက အထက် ဖော်ပြပါ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ တံငါးသည်များကို မတ်လ (၇) ရက်နေ့တွင် ဆင့်ခေါ်ပြီး လှေတစ်စီးမှ ငွေကျပ် နှစ်သောင်း၊ စက်လှေ တစ်စီးမှ ငွေကျပ် ငါးသောင်း၊ စက်လှေ အကြီးတစ်စီးမှ ငွေကျပ် ရှစ်သောင်းကို မတ်လ (၁၀) ရက်နေ့ နောက်ဆုံးထား၍ မဖြစ်ဖြစ်အောင် ပေးသွင်းရမည် ဖြစ်ကြောင်း၊ ထိုနေ့ မတိုင်မှီ ပေးသွင်းမှု မရှိပါက အတိုးနှုန်းဖြင့် သွင်းရမည့် အပြင် ငါးဖမ်းရာတွင် ဒဏ်ခတ် ပိတ်ဆို့မှုများလည်း ချမှတ်မည်ဟု မညှာမတာ ပြောကြားခဲ့သည်။ ယင်းငွေများမှာ လစဉ် သွင်းရမည့်ငွေများနှင့် မသက်ဆိုင်ဟုလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ ပြောကြားနေစဉ် ငါးဖမ်းသမား နှစ်ဦးက ယခင် ဗိုလ်ကြီးများက လှေတစ်စီးလျှင် ငွေကျပ် ၃၀၀၀ နှင့် စက်လှေ တစ်စီးလျှင် ငွေကျပ် တစ်သောင်းစီသာ ကောက်ခံခဲ့ကြောင်း၊ ယခုအခါ အစဉ်အလာ အတိုင်း မဟုတ်ဘဲ ယခု တောင်းခံနေရသည့် အတိုင်း ပေးသွင်းရမည် ဆိုလျှင် တတ်နိုင်မည် မဟုတ်ကြောင်း၊ ငါးဖမ်းရန် အင်ဒင်း အခြေစိုက် စခန်း အမှတ် (၁၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးကိုလည်း ငွေပေးရကြောင်း ပြောပြရာ၊ ဗိုလ်ကြီးက “ငါမင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး၊ မှာနေတာနော်” ဟုဆိုကာ ၎င်းတို့နှစ်ဦးကို လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ 

ယင်းဒေသရှိ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ငါးဖမ်း၍သာ အသက်မွေးဝမ်းကျောင်း နေရသဖြင့် ဗိုလ်ကြီး မှာကြားခဲ့သည့် အတိုင်း ငွေများကို အိမ်ပစ္စည်းများ ရောင်းချ၍ မတ်လ (၁၀) ရက်နေ့ မတိုင်မှီ တစ်ခါတည်း ပေးသွင်းခဲ့ရသည်။ 

ကိုးတန်ကောက်၊ ချိန်ခါလီနှင့် အငူမော် ကျေးရွာများတွင် ငါးဖမ်းလှေနှင့် စက်လှေပေါင်း ၁၁၃ စီး ရှိသည့် အနက် (၄) စီးမှာမူ UNDP မှ ခိုကိုးရာမဲ့ အဆင်းရဲဆုံး ရိုဟင်ဂျာများကို ထောက်ပံ့ခဲ့သော ငါးဖမ်း စက်လှေများ ဖြစ်ကြသဖြင့် ထိုစက်လှေများမှ ပေးသွင်းရမည့် ငွေများမှာ UNDP ၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှုဖြင့် ပြေလည်သွားခဲ့သည်ဟု သိရသည်။

မောင်တောခရိုင် တောင်ဘက် အစွန်းဒေသ၊ အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (၁၈) ပိုင် အောက်ပါ ကျေးရွာ အသီးသီးရှိ ဒေသခံ ရိုဟင်ဂျာ တံငါးသည် များသည်လည်း စခန်း (၁၈) တာဝန်ခံ ရဲမှူးကို လှေတစ်စီးလျှင် ငွေကျပ် ၃၀၀၀ မှ တစ်သောင်း အထိ လစဉ်ပေးသွင်း နေရသည်။

အဆိုပါ ကျေးရွာများမှာ -- 

(၁) ဂေါ်ရာခါလီ (အုန်းတော)
(၂) ဥဒေါင်း
(၃) သပြေတော
(၄) မြင်းလွတ်
(၅) ကျောက်ပန္ဒူ
(၆) သင်္ဘောကွေ့
(၇) အင်းဒင်
(၈) သ၀န်ချောင်း
(၉) ချိန်ခါလီ
(၁၀) ကိုးတန်ကောက်
(၁၁) အငူမော် -- တို့ဖြစ်ကြသည်။



ဘီဘီစီမြန်မာပိုင်း
19.3.2016

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် တာမိုးညဲ ဒေသက မုန်းဝန်း မျိုးနွယ်စု တွေကို မုန်းဝန်း (ဗမာ) လို့ သတ်မှတ် ဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရ က ဆောင်ရွက် လာပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ၊ အခန်း (၂) ပုဒ်မ (၈) အရ နိုင်ငံတော် သမ္မတ ကို ပေးအပ် ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အညီ အခုလို ဆောင်ရွက်တာ ဖြစ်တယ် လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေမှာ မုန်းဝန်း (ဗမာ) လူမျိုး ဆိုပြီး တပြေးညီ ထုတ်ပေးဖို့ သမ္မတ ဦးသိန်းစိန် က ညွန်ကြား ခဲ့တာ ဖြစ်ပါတယ်။

ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် သမ္မတ ဦးသိန်းစိန် အစိုးရက အခုလို သတ်မှတ် ပေးလာတာ ဖြစ်တယ် ဆိုပြီး သတင်းစာ ဆရာ စိုင်းထွန်းအောင်လွင် က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ မှာ နောက်ဆုံး အကြိမ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့တဲ့ ၂၀၁၄ တုန်းက တိုင်းရင်းသား မျိုးနွယ် မဟုတ် သူတွေ ဖြည့်ရတဲ့ နံပါတ် ၉၁၄ နဲ့ မုန်းဝန်း မျိုးနွယ်စုတွေ ဖြည့်ခဲ့ရတာပါ။

အဲဒီ့ မုန်းဝန်း ခေါင်းစဉ် အောက်က သူတွေ အတော်များများဟာ တရုတ် လူမျိုးတွေ ဖြစ်ကြတယ် လို့လည်း စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

တာမိုးညဲ ဒေသ မှာ ရှိတဲ့ မုန်းဝန်း ဆိုတဲ့ ရွာ နာမည် ကို အစွဲပြုပြီး အခုလို လူမျိုး နာမည် တစ်မျိုး အနေနဲ့ သုံးစွဲ လာတာ ဖြစ် နိုင်တယ် လို့လည်း ဆိုပါတယ်။

မုန်းဝန်း နာမည်နဲ့ ကွတ်ခိုင် တာမိုးညဲ ဒေသမှာ ဦးရေ ခြောက်သောင်း လောက် ရှိခဲ့ပေမယ့် နောက်ပိုင်း ဝင်လာတဲ့ တရုတ် လူမျိုးတွေလည်း မုန်းဝန်း နာမည်နဲ့ မူဆယ် - မန္တလေးလမ်း တလျှောက် မြို့တွေတိုင်းမှာ ရှိနေကြပြီလို့ စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်း ကလည်း ရွှေလီဘက်က တရုတ် လူမျိုး တွေကို ကားစင်းလိုက်တွေနဲ့ ခေါ်လာကာ မုန်းဝန်း နာမည်နဲ့ နိုင်ငံသားကတ် တွေထုတ်ပေးပြီး မဲပေးခိုင်း ခဲ့တယ် ဆိုတဲ့ ပြောဆိုမှု တွေလည်း ရှိနေပါတယ်။



ဒေါ်ခင်မျိုးသက်
18.3.2016

မြန်မာ နိုင်ငံ အတွက် လူ့အခွင့်ရေး ကောင်စီရဲ့ လူ့အခွင့်ရေး အခြေအနေ ဆိုင်ရာ UPR ပုံမှန် သုံးသပ်ချက် ရလဒ်တွေကို ဂျနီဗာမှာ ကြာသပတေးနေ့က အတည်ပြု ပေးခဲ့ ပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံ အတွက် အကြံပေးချက် တွေထဲက ထက်ဝက်ကျော်ကို မြန်မာနိုင်ငံက လက်ခံ ခဲ့ပေမယ့် လူနည်းစု လူ့အခွင့်အရေး ဆိုင်ရာ အကြံပေးချက် အတော် များများကို ပယ်ချခဲ့တဲ့ အပေါ် လူ့အခွင့်ရေး အဖွဲ့တွေက ထောက်ပြ ဝေဖန် ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က ပြောပြမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ ၃၁ကြိမ်မြောက် UPR လုပ်ငန်းစဉ် ပုံမှန်ဆွေးနွေးပွဲ ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး UPR ပုံမှန် သုံးသပ်ချက် ရလဒ်တွေကို အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ၂၀၁၅ နှစ်ကုန်က တင်သွင်းခဲ့တဲ့ အကြံပြုချက်တွေထဲက ထက်ဝက်ကျော်ကို လက်ခံခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်ဝေက ပြောကြားခဲ့ပါတယ်။

"ဒုတိယပါတ် UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ လက်ခံရရှိခဲ့တဲ့ အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို မြန်မာက လက်ခံခဲ့ပါတယ်။ အခွင့်သင့်တုန်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို ကောင်စီကို တင်ပြချင်ပါတယ်။ လက်ရှိအစိုးရဟာ အစိုးရသစ်ကို မကြာခင်မှာ အာဏာလွှဲပြောင်း ပေးဖို့ လုပ်နေပါတယ်။ သမ္မတ အသစ်ကို လည်း ရွေးချယ်ပြီးပါပြီ။ လက်ရှိ အစိုးရက မြန်မာလူထုအတွက် လူ့အခွင့်အရေး မြှင့်တင်ဖို့ နဲ့ အကာကွယ်ပေးဖို့ အခြေခံ အုတ်မြစ်ကောင်းတွေ ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နောက်ပြန်လှည့်ဖို့ အကြောင်း မရှိပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပေမဲ့ လိုအပ်ချက်တွေ ရှိနေသလို စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့အပြင် အရပ်ဖက်လူမှု လူ့အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက မျှမျှတတ ကြည့်ကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။

"အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အကြံပြုချက်တွေကို မြန်မာနိုင်ငံက လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူ့အခွင့်ရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မျှမျှတတ ကြည့်ဖို့ လိုအပ်ကြောင်းနဲ့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးမှာ ဆက်လက် တိုးတက်အောင် လုပ်ဖို့ တရုတ်နိုင်ငံက အားပေးနေပါတယ်။”

ရုရှားကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ နေပြည်တော်အစိုးရက အတိမ်းအစောင်းမခံတဲ့ အရေးကိစ္စ တချို့ကို လက်ခံဆွေးနွေးလာတာအတွက် ကြိုဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံကတော့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အထူးအလေးပေးဖို့ တောင်းဆိုခဲ့တာပါ။

"မြန်မာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ UPR လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်မှုနဲ့ လူ့အခွင့်ရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ သန္နိဋ္ဌာန် ချမှုတွေ အတွက် ဂျပန်နိုင်ငံက ကြိုဆိုပါတယ်။ မြန်မာနိုင်ငံက အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို လက်ခံတာအတွက်ရော မြန်မာနိုင်ငံ တွင်း ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပေးတာနဲ့ သိသိသာသာ တိုးတက်မှုတွေ အတွက် ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုနဲ့ အတူ လူနည်းစုတွေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဘာသာရေး မတူတဲ့ လူနည်းစုတွေ အရေးကို အထူးအလေးထား ဖို့ တောင်းဆိုပါတယ်။"

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူမှု လူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး ဆိုင်ရာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုခဲ့ကြတာပါ။ အထူးသဖြင့် မူဆလင်လူနည်းစုတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အကြံပေးတင်ပြချက်တွေကို လက်မခံခဲ့တဲ့အပေါ်မှာ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ကြတာပါ။

ဒီအထဲမှာ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးလည်း ပါပါတယ်။

"Human Rights Watch အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ UPR သုံးသပ်မှု ကာလကနေ အခု အချိန်အတွင်း သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်မှုတွေ ကျန်နေဆဲ ဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာမှာ တကယ်စစ်မှန်တဲ့ တိုးတက်မှုတွေ တွေ့ချင်ပါတယ်။ ဒေသ ရဲတပ်ဖွဲ့တွေဟာ ဗဟို အစိုးရရဲ့ ကြီးကြပ်မှု အောက်မှာ ရှိမနေတာ မျိုးပါ။ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတွေကနေ ကိုင်တွယ်နေတာမျိုး ဖြစ်ပါတယ်။ တရားရေးဌာနကလည်း အခုထိ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေတာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၀ လောက် ရာဇဝတ်ပြစ်မှုတွေနဲ့ တရားရင်ဆိုင်နေရတာ၊ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ပေမယ့် အခုထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ တိုက်ပွဲဖြစ်ပွါးတဲ့ ဒေသတွေမှာ ဒေသခံတွေ လူ့အခွင့်ရေး အချိုးဖေါက်ခံနေရတာတွေကိုပါ ထောက်ပြဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။



Rohingya Eye
RB News
16.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာမှ ဦးဟာမိတ်၏ ဇနီး ဒေါ်ရာဖ်ဇားလ်ဦ (အသက် ၃၂ နှစ်) ၏ နေအိမ်သို့ မတ်လ (၁၀) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ အိမ်ထဲသို့ ၀င်ကာ အိမ်အသစ် ဆောက်လုပ်နေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံး တွေ့ရှိရာ အဆိုပါ ဖုန်းကို ဘင်္ဂလား ဆင်းမ်ကဒ်သုံး ဖုန်းဟု ဆိုကာ သိမ်းဆည်းနေသဖြင့် ငွေကျပ် ၈ သောင်း ပေး၍ ဖုန်းကို နယ်ခြားစောင့်ရဲ များထံမှ ပြန်လည် ရယူခဲ့ရသည်။ 

အလားတူ ဦးအဒူဟောက် (ခ) ဦးအေဇာရ်မျာ (အသက် ၅၀ နှစ်) ၏ နေအိမ် ပြုပြင်နေသည်ကို အကြောင်းမကြားဟု စွပ်စွဲသဖြင့် အဆိုပါ နယ်ခြားစောင့်ရဲ များအား ငွေကျပ် ၄ သောင်းနှင့် ဓါတ်ဆီ ၅ ဂါလံ၊ စ.ရ.ဖ အဖွဲ့အား ငွေကျပ် ၁၅၀၀၀/- နှင့် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်အား ငွေကျပ် ၃ သိန်း အသီးသီး ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

(Photo Credit: Daw Khin Kyi Foundation)

မနန္ဒာချမ်း
16.3.2016

စစ်အစိုးရ အုပ်ချုပ်အောက် နှစ်ပေါင်း များစွာ ကျရောက် ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ် အရပ်သား စစ်စစ် သမ္မတသစ် တဦးကို မတ်လ ၁၅ ရက်နေ့က အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့တဲ့ အပေါ် နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုခဲ့ ကြပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ရွေးချယ် တင်မြှောက်ခဲ့တဲ့ ဦးထင်ကျော်ဟာ လူထု အကျိုးပြု ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေသူ တဦး ဖြစ်တာကြောင့် သူ့အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်လိမ့်မယ် လို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက မျှော်လင့် နေကြတာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြ ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်အမတ်တွေ အများစုပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အင်္ဂါနေ့က အသက် ၇၀ အရွယ် ဦးထင်ကျော်ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တာကြောင့် သူဟာ မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် သမ္မတဖြစ်လာခဲ့ပါပြီ။ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တာဟာ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာပြည်သူတွေ လေးစား ကြည်ညိုတဲ့ ပညာတတ် ပုဂ္ဂိုလ်ဖြစ်မှုဆိုတဲ့ မူ ၃ ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့တာဖြစပါတယ်။ ဒါ့အပြင် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ကို ဂုဏ်ပြုတည်ထောင်ထားတဲ့ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီလို ပညာတတ်၊ အများအကျိုး သယ်ပိုးနေတဲ့ အရပ်သားပုဂ္ဂိုလ်တဦး သမ္မတ ဖြစ်လာဟာ ဆယ်နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် တကယ့် နေ့ထူးနေ့မြတ်ပါပဲလို့ ဆိုလာသူကတော့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ဖြစ်ပါတယ်။

“အရပ်သားသမ္မတတဦး ထွက်ပေါ်လာတာ နေ့ထူးနေ့မြတ် တနေ့ပါ၊ မျှော်လင့်ချက်တွေလည်း အင်မတန်မှ မြင့်မားနေပါတယ်။ ဒါပေမဲ့လည်း အရပ်သား အစိုးရသစ်အနေနဲ့ အကန့်အသတ်နဲ့သာ လုပ်ကိုင်နိုင်မယ်၊ သူ့ဘာသာ ရုန်းကန်ရလိမ့်မယ် ဆိုတာကိုလည်း ကျနော်တို့ မမေ့ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်က အဟန့်အတားတွေ လုပ်နိုင်သေးလို့ပါ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တယ်၊ ဆက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ကိစ္စတွေလည်း တော်တော် များများရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ တ၀က်တပျက်နဲ့ မပြီးဆုံးသေးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကလည်း -

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဦးထင်ကျော် အရပ်သားသမ္မတဖြစ်လာတဲ့အတွက် ကျနော်တို့ ဂုဏ်ယူ ၀မ်းမြောက်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ပြောကြားလိုတယ်။ နောက်ပြီးတော့တခါ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စရယ်၊ နောက်တခါ မြန်မာနိုင်ငံတွင်းက ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေမှုဖူလုံရေးနဲ့ နေ့စဉ်ဘ၀ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့ အများကြီး မျှော်လင့်ထားတဲ့အတွက် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်အောင် ဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒ ရှိပါတယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရလက်ထက်က နာမည်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို ဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တိုးတက် အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း HRW က မျှော်လင့်ထားပါတယ်။ NLD အစိုးရသစ်အနေနဲ့ စိန်ခေါ်မှုတွေလည်း အများကြီး ကြုံရနိုင်ပြီး၊ အထူးသဖြင့် တိုင်းပြည်စီးပွားရေးကို မျှတစွာ ဖွံ့ဖြိုးလာအောင် ကြိုးစားဖို့၊ အကျင့်ပျက်ခြစားမှုတွေ လျှော့ချဖို့၊ ဥပဒေနဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရအောင် ဖန်တီးပေးဖို့တွေ လိုအပ်တယ်လို့လည်း HRW က ထောက်ပြခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီအစိုးရလက် ကနေ တရားဝင် အာဏာလွှဲပြောင်းရယူပြီး တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ အရင်ဆုံး လုပ်ဆောင်သင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့လည်း HRW က Brad Adams က အခုလို ပြောခဲ့ပါတယ်။

“NLD အစိုးရအနေနဲ့ လုပ်စေချင်တာ၊ လုပ်လည်းလုပ်ဖို့ လိုအပ်တာကတော့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ။ အခြေခံ လွတ်လပ်ခွင့်တွေအတိုင်း ထုတ်ဖော်ပြောဆိုသူတွေကို နောက်ထပ် အရေးယူတာမျိုးတွေ ထပ်မဖြစ်အောင်လည်း အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း - အရင် ခေတ်အဆက်ဆက် အစိုးရလက်ထက်တွေမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်အတန် ရပ်ဆိုင်းသွားမယ်လို့ မျှော်လင့်ပြီး၊ ဒီလို လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အဓိက မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြခဲ့တာပါ။

“အစိုးရသစ်နဲ့ အစိုးရအဟောင်းနဲ့ အာဏာတွေ လွှဲပြောင်းတဲ့ ကိစ္စရပ်မှာလည်း ကျနော်တို့ မျှော်လင့်ထားတာကတော့ လက်ကျန်နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို ပြန်လည် လွှတ်ပေးနိုင်ဖို့အတွက် စီမံဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီး လက်ရှိ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ နွယ်တဲ့ လှုပ်ရှားတက်ကြွသူတွေရဲ့ အမှုတွေကိုလည်း အမြန်ဆုံး ပြန်လည် ပြင်ဆင်သုံးသပ်ဖို့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတည့်မတ် ပေးနိုင်မယ် လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ရှေ့နေဦးမင်းလွင်ဦး ပြောသွားခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီ ကလည်း - တနင်္လာနေ့က ဂျနီဗာမှာပြုလုပ်တဲ့ ၃၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့ရာမှာ - မြန်မာအစိုးရသစ်အတွက် လုပ်ဆောင်ရမယ့် ပထမ ရက်ပေါင်း ၁၀၀ နဲ့ ၁ နှစ်အတွင်း လုပ်ဆောင်ရမယ့် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အကြံပေးချက် ၈ ချက်ကို တင်ပြခဲ့ပြီး၊ သူ့အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ကုလသမဂ္ဂကနေ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလို၊ နိုင်ငံတကာကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက်ကျရင် ဒီအခြေအနေတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။



RB News
16.3.2016

ဂျနီဗာ ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) မှ ဥက္ကဌ ဦးထွန်းခင်သည် ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် မတ်လ (၁၅) ရက်နေ့က သီးသန့်တွေ့ဆုံခဲ့ပြီး၊ ထိုသို့ တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ပတ်သက်၍ RFA မြန်မာပိုင်း အစီအစဉ်မှ မေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။







နေပြည်တော်၊ မတ် ၁၅

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲ အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကျင်းပရာ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတ အဖြစ် တင်မြှောက် ထားသည့် ဦးထင်ကျော်အား နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်မှုကို နိုင်ငံတော်သမ္မတရွေးချယ်တင် မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြ ရာ ရွေးကောက် ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက် ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် အများဆုံးရရှိပြီး ရွေးချယ်တင်မြှောက် ခံရခြင်းဖြစ်သည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် မဲပေးပိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၆၅၃)ဦး အနက်(၁)ဦးခွင့်တိုင်ကြားခဲ့သဖြင့် (၆၅၂)ဦးတို့မှဆန္ဒမဲပေးခဲ့ကြ ရာရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် တင်မြှောက်ထား သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ(၇၉)မဲဖြင့်လည်းကောင်း၊ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတ အဖြစ် တင်မြှောက်ထား သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ထောက်ခံ ဆန္ဒမဲ(၂၁၃)မဲဖြင့် လည်းကောင်း အသီးအသီးရရှိခဲ့ကြသည်။

ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက်နိုင်ငံတော် သမ္မတတာဝန်နှင့် ဒုတိယသမ္မတ တာဝန်များကိုလွှဲပြောင်း ထမ်းဆောင်ကြ မည်ဖြစ်သည်။

MOI Webportal Myanmar Facebook မှ ကူးယူဖော်ပြသည်။ 



ကိုဇော်ဝင်းလှိုင်
15.3.2016

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၁ ကြိမ်မြောက် ညီလာခံ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yan Hee Lee က မြန်မာနိုင်ငံမှာ လွတ်တော် အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတွေမှာ စစ်တပ်က ပါဝင်နေတာ၊ တရား ဥပဒေပိုင်း ဆိုင်ရာ တွေမှာ ပြုပြင် ပြောင်းလဲမှု လိုအပ် နေသေးတာ၊ ရခိုင်ပြည်နယ် အတွင်းက အခြေအနေတွေနဲ့ တိုင်းရင်းသား ဒေသတချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒုက္ခသည်တွေ တိုးများလာနေတာ စတဲ့ အချက်တွေကို မီးမောင်းထိုး တင်ပြ သွားပါတယ်။ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yan Hee Lee ရဲ့ အနာဂတ် အရေးနဲ့ ပတ်သက်လို့လည်း ဒီညီလာခံ အတွင်း လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ချဖို့ရှိနေပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yan Hee Lee က မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး နောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ မတ်လ ၁၄ ရက်၊ တနင်္လာနေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

တချိန်က နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းချခံခဲ့ရသူတွေ အခု လွတ်တော်အမတ်တွေအဖြစ် ရွေးကောက် တင်မြောက်ခံရပြီး လွတ်တော်ထဲရောက်လာတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေဟာ အတိုင်းအတာတခုအထိ တိုးတက်မှုရှိခဲ့တယ်ဆိုတာကို ပြသနေတာဖြစ်တဲ့ အကြောင်း ယန်ဟီးလီက သူမရဲ့ အစီရင်ခံစာ အစမှာ အခုလို ပြောကြားလိုက်ပါတယ်။

“တချိန်ကလူ့အခွင့်အရေးကောင်စီအနေနဲ့ စိုးရိမ်မကင်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း (၁၀၀)ကျော်ဟာ အခုဆိုလွှတ်တော်တွင်းရောက်နေပါပြီ။ ဒါအပြင် အရင်က (၁၅)နှစ်နီးပါးကြာ နေအိမ်အကျယ်ချုပ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်မှာ အဓိကနိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်လာနေပါပြီ။ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ စာမျက်နှာသစ်စတင်လိုက်တဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့လုပ်ဆောင်စရာတွေက အများကြီးကျန်ရှိနေပါသေးတယ်။ အစိုးရသစ်တိုင်းလိုပါပဲ။ လာမယ့်သတင်းပတ်တွေမှာ အကဲစမ်းမှုတွေအများကြီးရင်ဆိုင်ရမှာပါ။ သတိထားကိုင်တွယ်ရမယ့်ကိစ္စရပ်တွေလည်းအများကြီးရှိမှာပါ။”

ဒါ့အပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွင်း ဆက်လက် လုပ်ဆောင်စရာ ရှိနေသေးတဲ့ အကြံပြုချက် (၄) ချက်ကိုလည်း ယန်ဟီးလီက အဆိုပြု တင်သွင်းခဲ့တာမှာ ပထမအချက်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်တယ်လို့ ပြောပါတယ်။

“ပထမကတော့ လက်ရှိအုပ်ချုပ်ရေးယန္တရားနဲ့သက်ဆိုင်တဲ့ အကဲစမ်းမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ် (၂၅%)ဟာ လွှတ်တော်နှစ်ရပ်စလုံးအပြင် ပြည်နယ်နဲ့တိုင်းတို့မှာ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လိုအပ်မယ့် အမတ်နေရာ (၇၅%) ရဲ့ထောက်ခံမှု မရရှိနိုင်အောင် သူတို့ကို ဗီတိုအာဏာပေးထားသလိုဖြစ်နေပါတယ်။ ဒါအပြင်အရေးကြီးတဲ့ ၀န်ကြီးဌာန(၃)ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနတို့ဟာလည်း စစ်တပ်ရဲ့အောက်မှာရှိနေပါတယ်။ ဒီဝန်ကြီးဌာန သုံးခုစလုံးက လူ့အခွင့်အရေးအခြေအနေတိုးတက်အောင်လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ကဏ္ဍတွေပဲဖြစ်ပါတယ်။”

ဒုတိယအချက်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေမှာ ပြုပြင်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့အချက်ကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ဒုတိယကတော့ တရားဥပဒေတွေကိုပြင်ဆင်ဖို့ လိုအပ်တဲ့အချက်ပါ။ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေကို ၂၀၁၁ခုနှစ်ကစလို့ ပြန်လည်သုံးသပ် ပြင်ဆင်တာတွေရှိခဲ့တာကို ကျမကြိုဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအရလိုက်နာရမယ့် တာဝန်တွေနဲ့ မကိုက်ညီမယ့် ဥပဒေတွေ ရာနဲ့ချီပြီး ကျန်ရှိနေပါတယ်။ တချို့တို့ကတော့ ဥပဒေဟောင်းတွေဖြစ်သလို တချို့ကတော့ မကြာမီကပဲ အတည်ပြုခဲ့တာတွေရှိပါတယ်။”

တတိယအချက်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ တင်ပြခဲ့ပါတယ်။

“တတိယကတော့ ရခိုင်ပြည်နယ်အခြေအနေပါ။ အစိုးရသစ်တက်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒါဟာအတိတ်ကကြေကွဲဖွယ်ရာ ဖြစ်ရပ်ကနေ ရုန်းထွက်နိုင်မယ့် အခွင့်ကောင်းတရပ်ပါပဲ။ အခြေအနေဟာ ရှုပ်ထွေးတယ်ဆိုတာ ကျမနားလည်ပါတယ်။ ဒါပေမဲ့လို့ ဖွံဖြိုးမှုတခုတည်းနဲ့တော့ မလောက်ပါဘူး။ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်စရာကောင်းတဲ့ လက်တွေ့အခြေအနေမှာ ဆိုးရွားနေတဲ့ ရခိုင်ပြည်နယ်ရဲ့လူနေမှုစနစ်ကို အလျင်အမြန်ပြုပြင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။”

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ခဲ့ပေမယ့်လည်း ရှမ်းနဲ့ ကချင်ပြည်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေသေးကြောင်း ယန်ဟီးလီက ပြောပါတယ်။

“ဒါပေမဲ့ အကဲစမ်းမှုတွေကတော့ရှိနေဆဲပါ။ အဖွဲ့(၇)ဖွဲ့က အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို အဖွဲ့ (၃)ဖွဲ့ကလည်း လက်မှတ်ရေးထိုးခွင့်ကိုမရခဲ့ကြပါဘူး။ ကျမအခုတင်သွင်းနေချိန်မှာပဲ တိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားပြီးတော့ အခြေအနေဟာ ပိုပြီးပြင်းထန်လာစရာ အကြောင်းရှိပါတယ်။ တိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေရှိနေပါတယ်။ အုပ်စုအားလုံးတို့က တရားနည်းလမ်းမကျ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှင်းပမ်းမှုတွေ၊ အသက်မပြည့်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေဖို့ ပြန်ပေးဆွဲတာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ စတာတွေကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ဒုက္ခသည်ဦးရေဟာ နှစ်သိန်း သုံးသောင်းကျော် ရှိနေတဲ့အတွက်ကြောင့် ဂျနီဗာမြို့ရဲ့ လူဦးရေထက်တောင် များနေသေးကြေင်းလည်း မစ်ယန်ဟီးလီက ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီအပါအ၀င် နိုင်ငံအသီးသီးက တင်ပြခဲ့ကြတဲ့အချက်တွေဟာ လက်တွေ့အခြေအနေတွေနဲ့ ကွာခြားနေတယ်လို့ မြန်မာအစိုးရ အမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။သူတို့တတွေရဲ့ အမြင်တွေဟာ လက်တွေ့ ဖြစ်ရပ်တွေနဲ့ သိပ်ကိုကွာခြားနေပါတယ်။ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့လည်း ကျနော်တို့ အမြင်မှာ သိပ်ကို အကျယ်ချဲ့ ပြောဆိုထားတာ တွေ့ရပါတယ်။ လူတွေခံစားချက် ပြင်းပြအောင် အကျယ်ချဲ့ထားတာပါ။ OHCR ရုံးခန်းဖွင့်ဖို့နဲ့ ပတ်သက်လို့လည်း ကျနော်တို့ မကြာခဏ တုံ့ပြန်ခဲ့ပြီးဖြစ်လို့ အခု ထပ်မပြောလိုတော့ပါဘူး။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ရဲ့ အမြင်တွေကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့ သတိထားမိတဲ့အချက်က ကိုယ်စားလှယ်အများစုဟာ ဘာသာရေးကို ရှေ့တန်းတင်လိုကြတဲ့အတွက် ဒါဟာ မသင့်လျှော်ပါဘူး။ လူ့အခွင့်အရေးကောင်စီမှာ အမုန်းတရားပွားစေတဲ့ စကားမျိုး မပြောသင့်ကြပါဘူး။

“ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်း တုန်းက မြန်မာစစ်တပ်က ကလေးစစ်သား ၄၆ ယောက်ပြန်လွတ်ပေးလိုက်တာကို ကြိုဆိုလိုက်ပြီး သီတင်း ၂ ပတ်သာ ကျန်တော့တဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်အနေနဲ့ ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်ရမယ့် အကြံပေးချက် (၈) ခုနဲ့ တနှစ်အတွင်း လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကိုလည်း မစ်ယန်ဟီးလီက ပြောပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ UPR လို့ခေါ်တဲ့ နိုင်ငံချင်းအလိုက် လူ့အခွင့်အရေး ပြန်လည်သုံးသပ်မှုကိုတော့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အခုလာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။



MYARF
RB News
14.3.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု ကံ့ကော်မြိုင် န.တ.လ ရွာမှ ရွာသားများသည် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက်(၁) မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နွားသုံးကောင်ကို ခိုးယူသွားခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ (၁၂) ရက်နေ့၊ ညသန်းခေါင်ယံ (၂) နာရီခန့် အချိန်တွင် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု ကံ့ကော်မြိုင် န.တ.လ ရွာမှ အဖွဲ့ဝင် ငါးဦးပါဝင်သော ရခိုင်လူပျို အဖွဲ့တစ်ဖွဲ့က ဖုရားပြင်အောင်ပ ကျေးရွာသို့ ဝင်လာပြီးနောက် အကွက် (၁) နေ ဦးအီလီယာစ် (ဘ) ဦးနော်ဘီဟူစိန်း အသက် (၅၅) နှစ်၏ ခြံထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်ပြီး ခြံထဲတွင် ချည်နှောင်ထားသည့် နွားသုံးကောင်ကို ခိုးယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ခိုးယူသွားသည်ကို လမ်းတစ်ပိုင်းတွင် မြင်တွေ့ခဲ့သည့် ကျေးရွာသား အချို့က ရပ်တန့်ရန် ကြိုးစားသောအခါ သူခိုးများက တုတ်၊ ဓား၊ လက်နက်ခဲယမ်းများဖြင့် ခြိမ်းခြောက်ခဲ့သောကြောင့် အဆိုပါရွာသားများ နောက်ဆုတ်ခဲ့ရသည်။

နောက်နေ့ နံနက် မိုးသောက်ချိန်တွင် ပိုင်ရှင်ဖြစ်သူက ၎င်း၏နွားများကို အပေါင်းပါအချို့နှင့် ရှာဖွေရန် န.တ.လ ရခိုင်ရွာအနီးသို့ ရောက်ရှိသည့်အခါ န.တ.လ ရခိုင် ရွာသားများက ဟန့်ထားခဲ့ကြောင်း သိရှိရပါသည်။

ဖုရားပြင်အောင်ပ ကျေးရွာမှ (နတလ) ရခိုင်များသည် ရိုဟင်ဂျာများ၏ တိရစ္ဆာန်များကို ခိုးယူသွားခြင်း၊ စိုက်ခင်းများကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်။ အစိုးရအာဏာပိုင်များကို တိုင်တန်းသော်လည်း ကျူးလွန်သူကို မည်သည့်အခါမှ အရေးယူလေ့မရှိကြောင်း ဒေသခံများက ပြောဆို နေကြသည်။

RB News
13.3.2016

ကျောက်ဖြူ  ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၌ ၂၀၁၂ ခုနှစ် ပဋိပက္ခ အတွင်း ဒေသခံ မွတ်စလင်များသည် မိမိတို့၏ အိုးအိမ်များ စွန့်ခွာ၍ ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့ နေခဲ့ရသည်မှာ ယခုဆိုလျှင် လေးနှစ်နီးပါးပင် ရှိတော့မည် ဖြစ်သည်။

ဒေသခံ မွတ်စလင်များ ပိုင်ဆိုင်သည့် မြေနေရာများ၊ နေအိမ်များကို ရခိုင် - ဗုဒ္ဓဘာသာဝင် များက အကြိမ်ကြိမ် ကျူးကျော် ၀င်ရောက် နေထိုင်ရန် ကြိုးစားနေခြင်းကြောင့် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကျူးကျော် ၀င်ရောက် နေထိုင်သူ များကို ပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က အောက်ပါ အမိန့် ကြေညာစာကို ထုတ်ပြန်ခဲ့သည်။


ရခိုင် အမျိုးသား ပါတီ ANP ရဲ့ သဘောထား ကြေညာချက်နဲ့ ပတ်သက်ပြီး ALD ခေါင်းဆောင် တချို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ မတ်လ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းစဉ်

13.3.2016

ရခိုင် အမျိုးသား ပါတီ (ANP) ရဲ့ခွင်ပြုချက် မပါဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ပါတီ အလုပ် အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ် လိုက်တယ်လို့ ဒီနေ့ကျင်းပတဲ့ ANP ပါတီ အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ် လိုက်ပါတယ်။

အစည်းအဝေးကို တက်ရောက်တဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အားလုံးက တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ဗဟိုအလုပ်အမှုဆောင် ကော်မတီအများစုက ကောက်ချက်ဆွဲရှင်းလင်းတင်ပြကြတဲ့ အကျေအလည်ဆွေးနွေးကြတဲ့အတွက် နောက်ဆုံးမှာတော့ ပါတီကနေ ထုတ်ဖယ်ဖို့ အတွက် ဆွေးနွေးလိုက်ကြပါတယ်၊ ကာယကံရှင်တွေကိုကျတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်တွေကို မိမိကိုယ်တိုင်သိစေဖို့ ကျနော်တို့ မဖြစ်ဖြစ်အောင် ကျနော်တို့ပါတီကနေ ပေးပို့သွားမှာပါ"

အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသား ပါတီက သာရရှိရေးနဲ့ ညီညွတ် သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ မဟာမိတ်ဆက်ဆံရေးကို ရပ်စဲသွားမယ်ဆိုတဲ့ ကြေငြာချက် နှစ်စောင်ဟာ တရားမဝင် တာကြောင့် လက်မခံနိုင်ဘူးလို့ ပါတီအလုပ်အမှု ဆောင်ကော်မတီဝင် ၆ ဦးက ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)ပါတီနှစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး အခုပါတီက ထုတ်ပယ်ခြင်းခံရတဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးဟာ ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။

ထုတ်ပယ်ခံရသူထဲမှာပါတဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးကျော်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"အခုရခိုင်အမျိုးသားပါတီထဲမှာရှိတဲ့ ALD အုပ်စုကို ရခိုင်အမျိုးသားပါတီထဲက ဖယ်လိုက်မယ်၊ ထုတ်လိုက်မယ်၊ ဆိုတာမျိုးကို သူတို့ကအားထုတ်နေတာဖြစ် ပါတယ်၊ ဒါမျိုးက သံတွဲညီလာခံမှာလည်း ကျနော်တို့တွေကို အပြတ်ရှင်းခဲ့တယ်၊ ဒုတိယအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မပါရှိရေးအတွက် ကျနော်တို့တွေရှင်းခဲ့ပြီးပါပြီ၊ အခုကျနော်တို့တွေလုပ်နေတာက ALD ကပုဂ္ဂိုလ်တွေနေရာရရှိရေးအတွက် လုပ်နေတာမဟုတ်ဘူးဆိုတာလည်း ကျနော် တို့ ပြည်သူလူထုကိုပြောချင်ပါတယ်"

မနေ့ကစတင်ပြုလုပ်ခဲ့တဲ့ ANP ပါတီ ဗဟိုကော်မတီအစည်းအဝေးနဲ့ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွေကို ALD ပါတီဝင်ဟောင်းတွေကို ဖိတ်ကြားတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပါတီညီလာခံကနေ ခန့်အပ်ခဲ့တဲ့ အလုပ်အမှုဆောင်တွေကို အရေးပေါ် အစည်းအဝေးပြုလုပ် ပြီး ထုတ်ပယ်လိုက်တာဟာ ပါတီစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။

Rohingya Exodus