နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
6.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ စိုင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် တစ်ဦး အပါအ၀င် တပ်ဖွဲ့ဝင် (၆) ဦးသည် ရိုဟင်ဂျာ သစ်ခုတ်သမား (၃) ဦးကို မတရားသဖြင့် ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါ ကျိုးသည်အထိ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ခုနှစ်သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ဆေးအိုးကျ ကျေးရွာမှ သစ်ခုတ်သမား များသည် ဧပြီလ (၂၄) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မနီးမဝေးရှိ စိုင်းဒင်တောင်မှ အိမ်သုံးသစ်ဝါးများ ခုတ်ယူပြီး ဖောင်ဖွဲ့ကာ စိုင်းဒင်ချောင်း တစ်လျှောက် မျှော၍ ယူလာနေစဉ် စိုင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ စခန်းထဲတွင် ၎င်းတို့ကို လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်သည့် အပြင် ကိုယ်လက် အင်္ဂါ ကျိုးသည့် အထိ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ခန္ဓာကိုယ် ပေါ်တွင် ဆေးလိပ်မီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ငွေကျပ် နှစ်သိန်း ခုနှစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခံရပြီး ငွေညှစ်ခံရသူ သစ်ခုတ်သမား (၃) ဦးမှာ -- (၁) ဦးမိုဟာမတ်ဆိဒိတ် (ဘ) ဦးမာဆောန်၊ (၂) ဦးဆွေယာဒ်အာမတ် (ဘ) ဦးမာဆောန်နှင့် (၃) ဦးအဒူလာမီးန် (ဘ) ဦးနူရ်ဟူစိန်း -- တို့ဖြစ်သည်။

ရိုက်နှက် ငွေညှစ်ခံရသူ များသည် အခြားသော ဒေသခံ ရိုဟင်ဂျာများ နည်းတူ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် တိုက်ခတ်ခဲ့သည့် လေမုန်တိုင်း ဒဏ်ကြောင့် နေအိမ်များ ဆိုးဆိုးရွားရွား ပျက်စီးပြီးနောက် ပြုပြင် မွမ်းမံရန် အတွက် ခြေလျင် တပ်ရင်း (၅၅၁)၊ သစ်တော ဦးစီးဌာန၊ စိုင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တို့ရှိ တာဝန်ရှိသူ များထံမှ ခွင့်ပြုချက် ရယူပြီး သစ်ဝါးခုတ်ကာ မျှောယူလာခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
5.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သရေကုန်တန်း ကျေးရွာ အုပ်စုတွင် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး နှစ်ဦးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ထင်းခုတ်သမား (၃) ဦးကို ဖမ်းဆီးပြီး ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ငွေကျပ် (၆) သိန်း ညှစ်ခံရသည့် ထင်းခုတ်သမား (၃) ဦးမှာ -- (၁) ဦးဆော်ယောဒ်ကာဆိမ် (ဘ) ဦးဟောန်ရီး (အသက် ၃၀ နှစ်)၊ (၂) ဦးဂူရာမျာ (ဘ) ဦးအလီမျာ (အသက် ၂၅ နှစ်) နှင့် (၃) ဦးအာဘူလ်ကာလာမ် (ဘ) ဦးအလီမျာ (အသက် ၃၀ နှစ်) တို့ဖြစ်သည်။

ဧပြီလ (၂၈) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် သရေကုန်ဘောင် ကျေးရွာအုပ်စု၊ ဂျင်းချောင်းရွာမှ အထက်ပါ ထင်းခုတ်သမား များသည် နီးစပ်ရာ တောတောင်များမှ ထင်းခုတ်ပြီး ပြန်လာနေစဉ် အပြန်လမ်းတွင် ၎င်းတို့အား ဖမ်းဆီးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့နှင့် အတူ သရေကုန်တန်း ကျေးရွာမှ ဦးဂျူဟာရ် (ဘ) ဦးဟာဘီဘူလ္လာ (အသက် ၃၂ နှစ်) နှင့် ဦးဇော်ဖော်ရ်အာမောတ် (ဘ) ဦးအဒူရာမန် (အသက် ၂၈ နှစ်) တို့က တိတ်တဆိတ် ချောင်ခိုနေခဲ့သည်။ နယ်ခြားစောင့်ရဲ များနှင့် သတင်းပေး နှစ်ဦးတို့က ထင်းခုတ်သမား (၃) ဦးကို ဖမ်းဆီးနေစဉ် နှစ်ဦး ထွက်ပြေး လွတ်မြောက် သွားပြီး၊ တစ်ဦး ဖမ်းဆီးခံရသည်။ အဖမ်းခံရသည့် ဦးဆော်ယောဒ်ကာဆိမ်ကို လူမဆန်စွာ ရိုက်နှက်၍ ချုပ်နှောင်ပြီး “ဒီမှာ ရှင်းမလား၊ ဒါမှမဟုတ် အချုပ်ခန်း သွားချင်လားပြော၊ ဒီမှာ ရှင်းရင် ငွေ ၅ သိန်းပေး” ဟု ခြိမ်းခြောက် ပြောဆိုပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားရန် ပြုလုပ်နေစဉ် ဖမ်းဆီးခံရသူက ငွေကျပ် လေးသိန်း ငါးသောင်း ပေး၍ လွတ်မြောက် လာခဲ့သည်။

ထွက်ပြေး လွတ်မြောက် သွားသည့် ထင်းခုတ်သမား နှစ်ဦးကို အိမ်တိုင်ရာရောက် လိုက်လံ ရှာဖွေပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ နယ်ခြားစောင့်ရဲ များ၏ သတင်းပေး နှစ်ဦးသည် သရေကုန်းဘောင် (ရခိုင်ရွာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ယခင် အဝေးပြေးကားလမ်း တစ်လျှောက်ရှိ သစ်ပင်များကို ခုတ်ထွင် ရောင်းစားနေကြောင်း၊ ထင်းခုတ်သမား များက တောင်တောင်မှ ထင်းခုတ်ရောင်းလျှင် ၎င်းတို့၏ ထင်းရောင်း စီးပွားရေး ထိခိုက်လာမည်ကို စိုးရိမ်၍ ဆင်းရဲသား ထင်းခုတ်သမား များကို အနှောက်အယှက် ပေးခြင်း၊ မတရား ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

စစ်တွေမြို့အနီး ဘုဒူဘ(၂) ဒုက္ခသည်စခန်း မီးလောင်မှု မြင်ကွင်း တစ်ခု (ဓာတ်ပုံများ - Saed Arkani)

ဖြိုးသီဟချို
3.5.2016

ရန်ကုန် - ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည် စခန်း တစ်ခုမှာ အင်္ဂါနေ့ နံနက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားတဲ့ အတွက် အဆောက်အအုံ ၅၅ လုံး ပျက်စီး သွားပြီး ၂,၂၉၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း ဒေသခံများထံမှ သိရပါတယ်။

မီးလောင်ပြီး တစ်နာရီကျော် အကြာမှ မီးသတ်ကား ရောက်လာကြောင်း၊ ကားရောက်လာချိန်မှာ အဆောင် ၅ဝ နီးပါး မီးထဲပါသွားပြီး ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။

“မွေးကာစ ကလေးတစ်ယောက်ပျောက်နေတယ်။ ခုထိရှာမတွေ့သေးဘူး။ ဒဏ်ရာရထားတဲ့ ၈ဦးကိုတော့ ဆေးကုပေးနေပါတယ်” လို့ သူကပြောပါတယ်။



စစ်တွေမြို့အနောက်ဘက်အုန်းတောရပ်ကွက်အနီးမှာ တည်ရှိတဲ့ ဘုဒုဘ (၂) ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူ ၇,၀၀၆ ဦး ရှိပါတယ်။ ဒီစခန်းမှာ နေထိုင်သူအများစုဟာ ၂၀၁၂ လူမျိုးရေး အဓိကရုဏ်းဖြစ်ခဲ့ချိန်က စစ်တွေမြို့ထဲက အောင်မင်္ဂလာ၊ နာဇီ၊ မိဇံစတဲ့ ရပ်ကွက်တွေမှာနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။

ဒီစခန်းမှာ မီးလောင်ကျွမ်းမှုကြောင့် နေစရာမဲ့သွားသူတွေကို အာဏာပိုင်တွေက ဘုဒူဘနဲ့ အုန်းတောကြားမှာရှိတဲ့ ဈေးဆိုင်တန်းတွေမှာ လတ်တလော နေရာစီစဉ်ပေးထားပါတယ်။ မီးဘေးဒဏ်ခံရသူ မိသားစုတွေအားလုံးနေထိုင်ဖို့ မလောက်ငဘူးလို့ သိရပါတယ်။

မီးဘေးကြုံခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင်က အာဏာပိုင်တွေ သတ်မှတ်ပေးတဲ့ နေရာသစ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ပြောပါတယ်။

“စခန်းမှာ မီးမလောင်ဘဲကျန်နေတဲ့အမျိုးတွေရှိတယ်။ သူတိုနဲ့ပဲ နေမှာပါ။ အသစ်ချပေးတဲ့နေရာက နေလို့မဖြစ်နိုင်ဘူး” လို့သူကပြောပါတယ်။

နေရာအသစ်ကို မပြောင်းရွှေ့သူတွေဟာ အာမခံချက်မရှိဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း စခန်းတာဝန်ခံ ဦးမျိုးလှိုင်ဝင်းက ရှင်းပြပါတယ်။

“အများစုက မလိုက်ချင်ကြဘူး။ သူတို့ကတော့ အဲဒီကိုမပြောင်းဘူးဆိုရင်၊ စာရင်းမဝင်ထားဘူးဆိုရင် ဘာမှမပေးဘူးလို့ ပြောတယ်” လို့ သူကပြောပါတယ်။

“သူတို့ချပေးတဲ့နေရာက ရေနဲ့အိမ်သာမရှိဘူး။ မီးလောင်ထားတဲ့နေရာမှာပဲ ပြန်ဆောက်ပေးစေချင်ပါတယ်”



ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှုးက ဦးမင်းလွင်က ဒဏ်ရာ ရသူတွေကို ဆေးကုသပေးနေပြီးတော့ ဘုဒူဘဈေးဟောင်းနေရာမှာ နေရာချပေးနေတယ်လို့ ဆိုပါတယ်။
“အဲဒီနေရာမှာ မလောက်ငရင် ကျွန်တော်တို့ ရွတ်ဖျင်တဲတွေထိုးပြီးလုပ်ပေးမှာပါ။ ရေချိုးဖို့နဲ့ အိမ်သာတွေကိုလည်း စီစဉ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ် အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ။

ဦးသိန်းထိုက်ဦး
ဗွီအိုအေမြန်မာပိုင်း
3.5.2016

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ တ၀ှမ်းမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေး လွတ်လပ်ခွင့် အခြေအနေဟာ အကြီးအကျယ် လျော့ကျသွား ခဲ့တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်က တနလာင်္နေ့မှာ အစီရင်ခံစာ ထုတ်ပြန် ပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပသေးခင် အခြေအနေကို အစီရင်ခံစာက အဓိကထား ရေသားတာ ဖြစ်ပေမယ့် အစိုးရသစ် အနေနဲ့ ဘာသာရေး လွတ်လပ်ခွင့် တိုးတက်အောင် ဘာတွေ ဆောင်ရွက် သင့်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ရေးသားထား ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

ကမ္ဘာတ၀ှမ်း အာဏာရှင်ဆန်တဲ့ အစိုးရတွေလက်အောက်မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် လူတွေ ဖမ်းဆီးထောင်ချ ခံနေရတဲ့အကြောင်း၊ အဲဒီအထဲမှာ မကြခဏဆိုသလို ဖမ်းဆီးခံရသူ အများစုဟာ ခရစ်ယာန်နဲ့ မူဆလင်တွေ ဖြစ်ကြတဲ့အကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်စတဲ့ နိုင်ငံတွေက ဘာသာရေးဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန် အစိုးရနဲ့ မဟာမိတ်အဖြစ် လက်တွဲနေတဲ့ ဗီယက်နမ်နဲ့ အီဂျစ်နိုင်ငံတွေက ဘာသာရေး ဖိနှိပ်မှုတွေကိုလည်း USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

နိုင်ငံပေါင်း ၃၀ ကျော်က ဘာသာရေး ဖိနှိပ်မှုတွေကို အစီရင်ခံ တင်ပြထားတဲ့ တချိန်တည်းမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ စတဲ့ အာရှ သုံးနိုင်ငံ အပါအ၀င် ၁၀ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ဆက်ပြီး ထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဆီ အဆိုပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ ဘာသာရေး လူမျိုးရေး အကြောင်းပြ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အစီရင်ခံစာက ဖေါ်ပြပါတယ်။ အစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် အဖွဲ့ကြီးရဲ့ အရှေ့အာရှရေးရာ သုတေသနမှူးTina Mufford က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အမုန်းတရား ပျံ့ပွားအောင် ထုတ်ဖေါ်ပြောဆိုတာတွေ၊ အထူးသဖြင့် မူဆလင်တွေအပေါ်၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေတာကို ကျမတို့ တွေ့ခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးအရ ခွဲခြားတဲ့ ဥပဒေလေးခုကို အတည်ပြုခဲ့တာလည်း ရှိပါတယ်။ မူဆလင်တွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တာတွေ ရှိသလို၊ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။”

အစီရင်ခံစာမှာ တိုင်းရင်းသား လူမျိုးစုဒေသတွေက ခရစ်ယာန် ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ ခွဲခြား ဆက်ဆံမှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်မှာ အနည်းဆုံး လူတစ်သိန်း လောက် ပြည်တွင်း အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပိုပြီး ပါဝင်လာအောင် တွန်းအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာ ဘာသာရေးဆိုင်ရာ လူနည်းစု၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံနိုင်မယ့် ဥပဒေတွေ ပြဌာန်းပြီး ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်အောင် တိုက်တွန်းဖို့လည်း အမေရိကန်ပြည်ထောင်စုကို အဆိုပြုထားပါတယ်။ အရှေ့အာရှရေးရာ သုတေသနမှူး Tina Mufford က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ ဘက်က အဆိုပြုချက်တွေဟာ ယေဘူယျအားဖြင့် အမေရိကန် အစိုးရကို အဓိက တင်ပြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောင် အာနာဂတ် မှာ ရှေ့ဖြစ်လာဖို့ မျှော်လင့်တဲ့ အလားအလာတွေကို အဆိုပြုတာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေ အတွင်း မြန်မာအစိုးရက တိုးတက်အောင် ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်နေတယ်လို့ ပြောရမှာပါ။ ဧပြီလ ၁၄ ရက်နေ့ကလည်း ဒီကိစ္စကို ကျမတို့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။”

ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ ကြေညာချက် က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ကို အဓိက ဦးတည် ထုတ်ပြန်ခဲ့တာပါ။ မြန်မာ အစိုးရသစ် အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သား သမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအ၀င် တရားဥပဒေ စိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ် ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောဆိုထားပါတယ်။
ဒီကော်မရှင်ဟာ ကမ္ဘာတ၀ှမ်း ဘာသာရေး လွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်တခု ဖြစ်ပါတယ်။

ကျော်ဇေယျာဦး

RB News
2.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု ဦးမောင်သက်နိုင်၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦးသည် ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မဟာဆီနာဘေဂမ် (ဘ) ဦးဟာဘီရော်န်သည် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလ္လာ ကျေးရွာတွင် အမြဲ နေထိုင်သူ ဖြစ်ပြီး၊ အလွန် ဆင်းရဲသူ တစ်ဦး ဖြစ်သည်။ ဧပြီလ (၁၅) ရက်နေ့တွင် ကျော်ဇေယျာဦးက ၎င်းအား လက်ထပ်ခွင့် အမိန့်မရှိဘဲ လက်ထပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် လေးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၂၇) ရက်နေ့ကလည်း အလွန်ဆင်းရဲသည့် ဦးအေနာတူလ္လာ (ဘ) ဦးတာဟဲရ်အား နေအိမ် ပြုပြင်ခဲ့သည်ဟု ပြောဆို၍ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။

ကျော်ဇေယျာဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်ပြီး ယခင်က အလွန်ဆင်းရဲ၍ အိုးမဲ့အိမ်မဲ့ တစ်ဦး ဖြစ်သည်။ ယခုအခါ သိန်းနှစ်ရာကျော် အကုန်အကျခံ၍ တိုက်အိမ် ဆောက်လုပ်လျက် ရှိပြီး၊ ၎င်း၏ အိမ်တွင်လည်း ရွာသား (၈) ဦးကို ညတိုင်း အတင်းအဓမ္မ ကင်းစောင့်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်း၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ရွာသားများ အလွန် ဒုက္ခရောက်လျက် ရှိသည်ဟု ဆိုသည်။



Rohingya Eye
RB News
2.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာအုပ်စုမှ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဂူရာမျာ (အသက် ၂၇ နှစ်) သည် ၎င်း၏ နေအိမ်တွင် ဖုန်းများ၊ ရေဒီယိုများ ပြုပြင်ခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။

သရက်အုပ် ကျေးရွာအုပ်စု၊ ရခိုင်ရွာတွင် တည်ရှိသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦးသည် ဧပြီလ (၂၈) ရက်နေ့တွင် ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်သို့ သွားရောက်၍ ဖုန်းတစ်လုံး ပြုပြင်ရန် ပေးအပ်၍ ပြန်သွား ခဲ့သည်။ နာရီဝက် အကြာတွင် အဆိုပါ နယ်ခြားစောင့်ရဲသည် ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး၊ ၎င်း၏ ဖုန်းတစ်လုံး အခိုးခံရသည်ဟု ဆို၍ နေအိမ်အနှံ့ ရှာဖွေခဲ့သည်။ ထို့နောက် ၎င်းက ပြင်ရန် ပေးထားသည့် ဖုန်းကို တွေ့ရှိသောအခါ ဦးဟာမိတ်ဟူဆောင်းက ဖုန်းခိုးခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင်သွားကာ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

ဦးဟာမိတ်ဟူဆောင်းကို တစ်ညလုံး ညှဉ်းပန်း နှိပ်စက်သောကြောင့် နောက်ဆုံးတွင် မခံနိုင်တော့၍ ငွေကျပ် နှစ်သိန်း ပေးကာ ဧပြီလ (၂၉) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အစိုးရသစ် ပြောင်းလဲ သွားသော်လည်း နယ်ခြားစောင့်ရဲ များက ယခင် အစိုးရ လက်ထက်တွင် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခဲ့သည့် အတိုင်း ဆက်လက်၍ ပြုလုပ်နေသဖြင့် နိုင်ငံတော် အစိုးရမှ ဟန့်တား အရေးယူ ပေးရန် အထူး လိုလား နေကြသည်။



Rohingya Eye
RB News
1.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာအုပ်စုရှိ ဒိုင်းနက် လူမျိုးအများစု နေထိုင်သည့် ကိုင်းကြီးရွာသည် ဇော်မတက် ကျေးရွာအုပ်စု၏ အရှေ့ဘက်တွင် တည်ရှိပြီး၊ တောင်တန်းများနှင့် နီးစပ်သော ရွာတစ်ရွာ ဖြစ်သည်။

ဧပြီလ (၂၇) ရက်နေ့ ည (၁၁) နာရီခန့် အချိန်တွင် လူစိမ်း (၁၅) ခန့် ပါဝင်သော အုပ်စုတစ်စုကို ယင်းရွာမှ ဦးခင်မောင်စန်း (အသက် ၄၅ နှစ်) က ဖိတ်ကြား၍ ထမင်းကျွေးခဲ့ကြောင်း ဒိုင်းနက် ရွာသား တစ်ဦးထံမှ သိရှိရသည်။

လွန်ခဲ့သည့် ဧပြီလ (၁၀) ရက်နေ့မှ စ၍ မောင်တော မြို့နယ် တောင်ပိုင်းရှိ န.တ.လ ရွာများသို့ ၀င်ရောက်၍ ပုန်းအောင်း နေကြသည့် လူစိမ်းများသည် ရွာများ အတွင်း မြန်မာ့ တပ်မတော်မှ စစ်သားများ ၀င်ထွက် သွားလာနေမှုကြောင့် ပုန်းအောင်း မနေနိုင်တော့ဘဲ ထွက်ပြေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

န.တ.လ ရွာများရှိ လူစိမ်းများသည် ဧပြီလ (၂၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလ ရွာရှိ ကူးတို့ဆိပ်မှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။ အမှတ် (၁) ရပ်ကွက် ရွှေအပေါင်ဆိုင်မှ ဆိုင်ရှင် ဦးလှမြင့် (ဘ) ဦးနေမောင်ချေ (အသက် ၄၈ နှစ်) နှင့် အောင်ဗလ ကျောင်းတိုက် ဆရာတော်တို့က ကူးတို့ဆိပ်သို့ သွားရောက် ပို့ဆောင်ခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။

အလားတူ မောင်တော မြို့နယ် မြောက်ပိုင်း ကံပြင် ကျေးရွာအုပ်စု၊ အောင်စိန် ကူးတို့ဆိပ်မှလည်း ထွက်ခွာသည်များ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

တဖက်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင် လူစိမ်းများသည် ၎င်းတို့ လိုရာအရပ်သို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ စစ်ဆေးရေး ဂိတ်များတွင် နယ်ခြားစောင့်ရဲ များက ရိုဟင်ဂျာ မွတ်စလင် များကိုသာ ကားများပေါ်မှ ဆင်းခိုင်း၍ စစ်ဆေးပြီး ဗုဒ္ဓဘာသာဝင် များကို မည်သည့် အခါကမှ စစ်ဆေးခြင်း မရှိသောကြောင့် ယခုကဲ့သို့ လိုအပ်ရာ အရပ်သို့ သွားနိုင်ခြင်း ဖြစ်သည်။

နယ်စပ်ခြံစည်းရိုး တောက်လျှောက်တွင် လုံခြုံရေး ထူထပ်စွာ ချထားသော်လည်း ယခုကဲ့သို့ ခိုးဝင်နေခြင်းကို မသိဟန်ဆောင် နေခြင်းမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ရခိုင်လူမျိုး အများအပြား ပါဝင်နေသောကြောင့် ၎င်းတို့၏ မျိုးနွယ်ဝင်များကို ကာကွယ် ပေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။ ယခုကဲ့သို့ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ တံခါးမရှိသကဲ့သို့ ၀င်ထွက် နေသောကြောင့် မောင်တော မြို့နယ်တွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြား လာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။

ဒေသခံ ရိုဟင်ဂျာ တစ်ဦးက “သူတို့တွေ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတယ်။ တစ်စုံတစ်ရာ ဖြစ်လာရင် ကျွန်တော်တို့ကို စွပ်စွဲမယ်၊ ဖမ်းဆီး ငွေညှစ်မယ်၊ မတရား ညှဉ်းပန်း နှိပ်စက်မယ်။ အဲဒါကြောင့် အတော်လေး စိုးရိမ်နေရတယ်” ဟုဆိုသည်။

ဦးကျော်မင်း
RB News
1.5.2016

ယနေ့ ပြည်သူ အားလုံး ပြည်တွင်း ငြိမ်းချမ်းရေးကို တောင်းတ မျှော်လင့်လျက် ရှိသည်။ ငြိမ်းချမ်းရေး ရရှိရေး၏ အခြေခံ လိုအပ်ချက်မှာ မျှတရေး၊ ညီမျှရေး၊ လူလူချင်း၊ လူမျိုးစုအချင်းချင်း ခေါင်းပုံဖြတ်မှု ကင်းရှင်းရေး၊ လူမှုဘဝ ဆက်ဆံရေး လျော်ကန် သင့်မြတ်ရေးတိုင်း အပေါ် မူတည် ပါသည်။ ခွဲခြား ဆက်ဆံရေးကို ကမ္ဘာ့ပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင် အတော် များများ က ပပျောက်စေလိုသည်။ သို့တိုင်ကမ္ဘာမှာ ခွဲခြားဆက်ဆံမှု ပပျောက်ခြင်း မရှိ သေးပါ။ သို့ဖြစ်ပါ၍ မတ်လ (၂၁)ရက်နေ့ကို ကမ္ဘာ့ ကုလသမဂ္ဂက လူနည်းစုများ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးနေ့ အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ၊ ဟောပြောပွဲများကို ကမ္ဘာ့မြို့ကြီး အတော်များများတွင် ကျင်းပပြုလုပ်လျက် ရှိပါသည်။

မကြာသေးခင်က တိုင်းရင်းသားပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် (အမတ်) များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ ပြည်ထောင်စုနယ်မြေအတွင်း တစ်လက်မမျှ မကျန် အားလုံးငြိမ်းချမ်းအောင် လုပ်ရမည် ”ဟု မိန့်ဆိုထားကြောင်းတွေ့ရသည်။ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုပါသည်။ တခြားသော အချိန်အခါတွင် “ နိုင်ငံသားအားလုံး တူညီမျှတသော အခွင့်အရေး အခွင့်အလန်းရစေရမည်။ နိုင်ငံသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ လုံခြုံမှု ရှိသော စနစ်သို့ ဦးတည်သွားမည်။…” စသည်ဖြင့် မိန့်ဆိုခဲ့ခြင်းများလည်း ရှိပေသည်။

၎င်းသည် ဝမ်းသာစရာ၊ ကြိုဆိုစရာ၊ ဂုဏ်ပြုသြဘာပေးစရာ ဖြစ်ပါသည်။ တကယ်လည်း ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးမှုအပြည့်ရှိ၍ သုံးကြိမ်၊ သုံးခါ အကြပ်အတည်း၊ အခက်အခဲ၊ ဟန့်တားပိတ်ဆို့မှုအရပ်ရပ်ကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံ အုပ်ချုပ်နိုင်ရေးအတွက် ဆန္ဒမဲကို တစ်ခဲနက် အလုံးအခဲနှင့် ပေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများသည် ရှင်းလင်းပြတ်သားစွာ အားကြိုးမာန်တက်၊ စွန့်စွန့်စားစား မဲထည့်တာဝန်ကျေခဲ့ခြင်း၏ အဓိက ရည်မှန်းချက်မှာ ငြိမ်းချမ်းပြီးဒီမိုကရေစီ အနစ်သာရနှင့် လျှော်ညီသော နိုင်ငံတော်ကြီး တည်ဆောက်ပေးနိုင်မည်ဟု ယုံကြည်၍ဖြစ်သည်။ ယခု ပြည့်သူ့ယုံကြည်ချက်၊ လိုလား တောင်းတချက်ကို ဖြည့်ဆည်းပေးရန် တာဝန်မှာ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ တည်မှီ နေသည်။

နိုင်ငံကို နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ပြီး ကမ္ဘာမှာအဆင်းရဲဆုံး နိုင်ငံအဆင့်သို့ တွန်းပို့သော လူတန်းစားက ယနေ့အချိန်အထိ အပြောင်းအလဲကို ဟန့်တား၊ ကန့်လန့်နေသည်ကို ပြည်သူများ သိရှိပါသည်။ မတော်လောဘသားများ၏ မတရားအားထုတ်နေမှုကို ပြည်သူများက တွန်းလှန်နိုင်စွမ်း ရှိပါသည်။

ယနေ့ပြည်တွင်းလက်နက်ကိုင် ပဋ္ဋိပက္ခနေရာ အတော်များများတွင် အထူးသဖြင့် တိုင်းရင်းသား နယ်မြေများတွင် ရှိနေပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဆယ်ကျော်ရှိပြီး အဖွဲ့ရှစ်ဖွဲ့မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCR ကို လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း သိရသည်။ ကျန်သော လက်နက်ကိုင်အဖွဲ့ တစ်ဝက်ကျော် ငြိမ်းချမ်းရေးသဘောတူညီချက် မယူသော် တစ်နိုင်ငံလုံးငြိမ်းချမ်းပါ့မလား စဉ်းစားစရာဖြစ်သည်။ အင်အားမရှိသော လက်နက်ကိုင်အဖွဲ့များဟု ယနေ့အစိုးရမှ ထုတ်ဖေါ်ပြောဆိုသော်လည်း နောင်တစ်ချိန် အင်အားကြီးထွားမလာနိုင်ဟု မပြောနိုင်ပါ။ တစ်လက်မ မကျန် ငြိမ်းချမ်းရေးရအောင် ပြုလုပ်ရေးမှာ ဧကန်အခက်အခဲ ရှိပေမည်။

၁၉၆၂ ခု မတိုင်မီက လက်နက်ကိုင်ပုန်ကန်သော အဖွဲ့အစည်းမှာ သုံးလေးခုသာ ရှိပါသည်။ ယနေ့အခါ မှိုလိုပေါများလာခြင်းကို စဉ်းစားစရာပါ။ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ခွဲခြားဆက်ဆံမှု၊ တရားဥပဒေအတိုင်း အုပ်ချုပ်ခြင်းမရှိဘဲ၊ အာဏာပိုင်များက မိမိတို့ ဆန္ဒအတိုင်း ပေါ်လစီ များချမှတ် အုပ်ချုပ်ခြင်း၊ ပြည်သူ့ဆန္ဒကို အရေးမစိုက်ခြင်းများကြောင့် အစိုးရ ဆန့်ကျင်လိုသူ လက်နက်ကိုင်အဖွဲ့ အသစ်များပေါ်လာခြင်း ဖြစ်သည်။ တချို့နေရာတွင် တရားမဝင် ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး လျင်မြန်စွာတိုးတက်လာနိုင်ခြင်းကြောင့်လည်း လက်နက်ကိုင် အင်အား စုဆောင်းခြင်းများလည်း တွေ့ရပါသည်။

တိုင်းပြည်မှာ မတည်ငြိမ်မှုများ ဖြစ်လာခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ပြောသလို တရားဥပဒေစိုးမိုးမှုမရှိ၍ ဖြစ်ပါသည်။ အားလုံးသည် တရားဥပဒေကို လေးစားလိုက်နာပါက တိုင်းပြည်တွင် ဆူပူသောင်းကျန်းမှုရှိရန် မရှိပါ။ တရားဥပဒေကို ဘေးချိတ်ပြီး အာဏာရှိသူများ၊ တရားဥပဒေအသက်ဝင်အောင်လုပ်ရမည့် အဖွဲ့အစည်းများက မိမိဆန္ဒအလျောက် ပေါ်လစီများ အမိန့်ညွှန်ကြားချက်များဖြင့် တိုင်းပြည်အုပ်ချုပ်လာ၍ မညီမျှမှု၊ ခွဲခြားဆက်ဆံမှု၊ အခွင့်အလန်းမဲ့မှုများ ပေါ်လာရာမှု သောင်းကျန်းမှုသစ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိနိုင်ငံတွင်းရှိသော ဥပဒေများအားလုံး တရားမျှတသည်ဟု မဆိုနိုင်၊ ဆိုရှယ်လစ် တစ်ပါတီစနစ်နှင့် စစ်အစိုးရ ခေတ်များတွင် ပြဋ္ဌာန်းသော ဥပဒေအချို့သည် ခေတ်နှင့်မလျော်ညီ၊ တဘက်သတ်ဖြစ်နေသည်။ ထိုဥပဒေများကိုပင် နာခံလိုက်ခဲ့လျှင်၊ ဥပဒေနှင့်အညီ ကျင့်သုံးခဲ့လျှင်ပင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများအရေး ဤမျှဆိုးရွားမည်မဟုတ်။ တချို့က ဘာဆိုးရွားလို့လဲဟုမေးမည်။ မဆိုးရွားလျှင် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ရန် မရှိ၊ အဆင်းရဲဆုံးနိုင်ငံ LDC ဖြစ်ရန်မရှိပါ။ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများထက်ပင် တိုင်းပြည်၏ ပျမ်းမျှတဦးကျဝင်ငွေ နိမ့်ကျနေပေသည်။

ယနေ့လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည်ဟု ဆိုသော်လည်း အချို့ဒေသများတွင် အဓိကဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်းများကို လူတစ်ဦး (ဝါ) တစ်စုအား အခွင့်ထူးခံလုပ်ပိုင်ခွင့်လိုင်စင်များ ပေးထား၍ ပြည်သူများက အဆမတန် ခေါင်းပုံဖြတ်ခံနေရမှုများ ရှိပါသည်။ တပ်မှသိမ်းသောလယ်မြေတချို့ နယ်မြေဒေသတွင် ဌာနဆိုင်ရာ အသုံးချမှုအတွက် မဟုတ်ဘဲ လယ်မြေသိမ်းယူမှုများ ရှိနေပေသည်။ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်းများကို သုံးဆယ့်တစ်ကြိမ်မြောက် ကမ္ဘာ့ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ယခု၌ ကုလသမ္မဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်းကောင်း၊ UPR ခေါ် Universal Periodicsal Report တင်ပြသောာ ပြည်တွင်းမှ civil society organization များက တင်ပြသော အစီရင်ခံစာတွင်လည်းကောင်း ဖတ်ရှုတွေ့ရှိရပါသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရ၏ တင်ပြရှင်းလင်းချက်တွင်မူ အားလုံးမှန်ကန်ပါသည်၊ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိ တိုးတက်လာနေသည်ဟုသာ ပါရှိသည်။ ၎င်းသည် လက်တွေ့ဘဝနှင့် မကိုက်ပါ။ ကွဲလွဲနေသည်။ အာဏာရှိသူများက ပြည်သူကို ထင်သလို အနိုင်ကျင့်နေသည်။ သို့ဖြစ်ပါ၍ စစ်မှန်သောဒီမိုကရေစီစနစ်ဖော်ဆောင်မည်၊ လူထုဆန္ဒကို နားထောင်မည်၊ ပြည်သူပေးသော တာဝန်ကို ကျေပြွန်မည်ဆိုသော မကြာခင်အာဏာရယူမည့် အစိုးရတွင် ကြီးလေးသောတာဝန် ရှိပါသည်။ တရားဥပဒေစိုးမိုးရေးကို အလေးထားရမည်။

ယခင်ခေတ်က အာဏာပိုင်များ၊ ဥပဒေမဲ့မတရားပြုကျင့်သည်ကို ပြည်သူများက တိုင်ကြားလျှင် တိုင်ကြားသူကို ပြန်၍အရေးယူသည်။ ယခု စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်မည်ဟု ဆိုလျှင် တိုင်တန်းမှုများကို စနစ်တကျ စီစစ်ပြီး အမှန်အတိုင်း အရေးယူမှုရှိမှ တရားဥပဒေစိုးမိုးရေး ရရှိနိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံလွတ်လပ်ရေး ရယူပေးခဲ့သကဲ့သို့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသော၊ တရားဥပဒေစိုးမိုးမှုရှိသော၊ နိုင်ငံသားအားလုံး တူညီမျှတသော အခွင့်အရေးရရှိခွင့်ရှိသော နိုင်ငံတော်ကို တည်ဆောက်ပေးမည်ဟု ပြည်သူများက လေးနက်စွာ ယုံကြည်နေသည်မှာ အမှန်ပင်ဖြစ်သည်။ တိုင်းရင်းသားများနယ်မြေတွင် ပြည်တွင်းလက်နက်ကိုင်ပဋ္ဋိပက္ခကို လုံးဝ ချုပ်ငြိမ်းစေလိုသည်။

တိုင်းပြည်တွင် မတူညီသော လူမျိုးစုကြားမှာ ပဋ္ဋိပက္ခဖြစ်နေလျှင် တာဝန်ယူ ဖြေရှင်းပေးရမည့်အပြင်၊ လက်နက်ကိုင်ပုန်ကန်မှုမရှိသောလူမျိုးစုငယ် ရာကျော်ရှိနေရာ ထိုလူမျိုးစုများ၏ အခွင့်အရေးကိုလည်း အာမခံချက်ပေးရမည်။ ကာကွယ်ပေးရမည်။ ၎င်းသည် အစိုးရသစ်၏ တာဝန်ဖြစ်ပေမည်။ လူမျိုးစုငယ်များက တန်းတူရည်တူအခွင့်အရေးရရှိရေး အစီအမံသည် လက်တွေ့နိုင်ငံတော် အုပ်ချုပ်ရေးတွင် အသက်ဝင်ရန် လိုအပ်နေပေသည်။ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း လူနည်းစုများရှိပါသည်။ ထိုလူမျိုးစု အတွက် အုပ်ချုပ်ရေးယန္တရားများအရ (institutional) အာမခံချက်၊ ဌာနဆိုင်ရာဖွဲ့စည်းပုံတွင် (structural balance and fairness) လူအင်အားဖြည့်ဆည်းတာဝန်ပေးမှုများရှိရန် လိုပေသည်။ ဥပမာ “ရှမ်းပြည်နယ်သည် ရှမ်းလူမျိုးအတွက်သာ၊ ရခိုင်ပြည်နယ်သည် ရခိုင်လူမျိုးအတွက်သာ” ဆိုသည့်ခံယူချက်မျိုးဝင်လာသည်ကို တွေ့နေရသည်။ လူမျိုးအခြေခံသော ပြည်နယ်ဟု ပြောဆိုနေသည်။ ပြည်နယ်အတွင်းရှိ အခြားလူနည်းစုများအခွင့်အလန်းမဲ့ ဖြစ်နေမည်ကို ပြည်ထောင်စုအစိုးရက အမြဲသတိထားရှိနေရမည်။ လူမျိုးစုများကြား ဆက်ဆံရေးတွင် တဘက်စောင်းနင်းဖြစ်ခြင်း၊ ဘက်လိုက်ခြင်းမျိုး မရှိသင့်ပါ။ ပြည်ထောင်စုအစိုးရမှ အမြဲမျှတမှု ရှိစေရန် စောင့်ကြည့်နေရမည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည် ပြည်နယ်များအတွင်း လူနည်းစုငယ်များကို ညဉ်းဆဲခြင်းမျီုး မဖြစ်နိုင်ရေးသည် ပြည်ထောင်စုအစိုးရ၏ တာဝန် ဖြစ်ရပေမည်။ ထို့အဖြစ်မျိုးအတွက် လက်ရှိဖွဲ့စည်းပုံမှာ သိသာမြင်သာသော ပြဋ္ဌာန်းချက်များ မတွေ့ရှိရပေ။

ယခုတက်လာမည့် ဒီမိုကရေစီအစိုးရသစ်ပေါ်တွင် ပြည်သူများက ယုံကြည်ချက် အပြည့်အဝ ထားရှိပါသည်။ နိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော နိုင်ငံရေး အတွေးအမြင် political culture ကို ခဝါချပြီး ပြည်သူကိုအခြေခံ၊ နိုင်ငံသားကိုအခြေခံသော နိုင်ငံချစ်စိတ် national spirit ပေါ်ထွန်းလာရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါသည်။ နိုင်ငံအတွင်းရှိ ပြည်သူများ လူမျိုး၊ ဘာသာမခွဲခြားဘဲ နိုင်ငံသား အားလုံး တန်းတူအခွင့်အရေးခံစားခွင့် ရရှိနိုင်အောင် နိုင်ငံရေးပတ်ဝန်းကျင် တည်ဆောက်သွားမည်ဟု ယုံကြည်ပါသည်။ ခရစ်ယန်ဖြစ်၍ နိုင်ငံတော်သမ္မတ မဖြစ်သင့် ဟူသောအယူအဆမျိုးကို နိုင်ငံတော်က အကာအကွယ်မပေးသင့်ပါ။ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီအစိုးရသည် အထက်ပါလူမျိုးစုတိုင်း၏ ဘဝအာမခံချက်လုံခြုံမှုကို အမြဲအလေးထားခဲ့သော သာဓကများ ရှိပေသည်။ ထိုခေတ်ပြည်သူ အရပ်သားအစိုးရက kumington တရုတ်ဖြူသောင်းကျန်းသူများကို နှိမ်နှင့်ရှင်းလင်းနိုင်ခဲ့သည်။ စစ်အစိုးရက တာဝန်ယူဖြေရှင်းခဲ့ခြင်းမဟုတ်၊ လက်နက်ပုန်ကန်မှုရှိ၍ စစ်အစိုးရကသာ အုပ်ချုပ်ရမည်ဟူသော အယူအဆမမှန်ကန်ကြောင်း လက်တွေ့သာဓက ဖြစ်ပါသည်။

ယနေ့ လူမျိုးရေးဋ္ဋိပက္ခဖြစ်နေသော ဒေသများရှိနေသည်။ ၎င်းသည် အစိုးရ၏ မြှောက်ပင့်ပေးမှု၊ အားပေးမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ပဋ္ဋိပက္ခတွင်းပင် တဘက်သတ် အားပေးနေမှုများကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲမနေနိုင်ဟု တစ်ဖက်သော လူမျိုးစုမှ ငြင်းဆန်နေခြင်းဖြစ်သည်။ ၂၀၁၂ ခု မတိုင်ခင် လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ခြောက်ဆယ်ကျော် အဘယ်ကြောင့် ရွာချင်းဆက်၊ အိမ်ချင်းကပ်၊ လုပ်ငန်းချင်းပေါင်းစပ်လျက် နေထိုင်ခဲ့သနည်း။ ပယောဂတစ်ခုကြောင့် ယခုအခါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲမနေနိုင်ဟု ပြောဆိုနေခြင်းဖြစ်သည်။

ဒေသတစ်ခု တိုင်းပြည်တစ်ခု တိုးတက်လျှင် ပဋ္ဋိပက္ခဟူသည်ကား တဖြည်းဖြည်း ပပျောက်သွားပေမည်။ စီးပွားရေး၊ လူမှုရေးတိုးတက်ရန် တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊ လူမျိုးစုအားလုံး၏ ရုပ်ပိုင်းစိတ်ပိုင်း လုံခြုံမှု၊ တန်းတူညီမျှသောအခွင့်အလန်းရရှိမှုနှင့် ဂုဏ်သိက္ခာရှိရှိ ဘဝတည်ဆောက်နိုင်မှုအတွက် အာမခံချက်ရှိရန် လိုအပ်ပါသည်။ အာဆီယံ နိုင်ငံတချို့တွင် ယခင်ကလူမျိုးရေးပဋ္ဋိပက္ခများရှိခဲ့ရာ ယင်းတို့ကိုချုပ်ငြိမ်းစေပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော နိုင်ငံရေးပြုပြင်မှုများကြောင့် ယနေ့ထိုးတက်နေခြင်းဖြစ်ကြောင်း နမူနာယူနိုင်ရန် အကြံပြုဆွေးနွေးတင်ပြခြင်း ဖြစ်သည်။


MYARF
RB News
29.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဦးစီးမှူး ဦးမျိုးသူ ဦးဆောင်သော အဖွဲ့သည် ရိုဟင်ဂျာ အိမ်များသို့ ည အချိန်မတော် ဓားပြသဖွယ် ဝင်ရောက်စီးနင်း၍ ဖမ်းဆီး ငွေညှစ်မှုများ ညစဉ်ညတိုင်း ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဧပြီလ (၂၃) ရက်နေ့၊ နံနက် ၂:၃၀ နာရီ အချိန်တွင် စစ်ဦးစီးမှူး ဦးမျိုးသူ ဦးဆောင်သော နယ်ခြားစောင့်ရဲ (၉) ဦးတို့သည် အလယ်သံကျော် ကျေးရွာအုပ်စု မောင်တူလ္လာ ကျေးရွာမှ ဦးအာဘုလ်ဘော်ရှောရ် (ဘ) ဦးဆလာမတ်အူလ္လာ အိမ်သို့ သွားရောက်၍ အိမ်တံခါး များကို ရိုက်ချိုးပြီး အိမ်ထဲသို့ စီးနင်းဝင်ရောက်၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ အိမ်ရှင် ဦးအာဘုလ်ဘော်ရှောရ်သည် နယ်ခြားစောင့်ရဲများ အိမ်တံခါး ရိုက်ချိုးချိန်တွင် အိမ်နောက်ဖေးမှ ထွက်ပြေးနိုင်ခဲ့၍ မတရား သဖြင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက် နိုင်ခဲ့သည်။

ထို့နောက် အိမ်ရှင်က ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် အကြောင်းကြား သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာခဲ့ပြီး နယ်ခြားစောင့်ရဲ များကို အိမ်ရှင်သည် လူကောင်းဖြစ်ကြောင်း ပြောပြမှသာ နယ်ခြားစောင့်ရဲများ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အမှန်တကယ်တွင် အဆိုပါ နယ်ခြားစောင့်ရဲများ အဖွဲ့သည် ဓားပြတိုက်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပြီး အနီးအနားမှ ဒေသခံများ သိရှိသွား၍ ပြန်သွားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဦးစီးမှူး ဦးမျိုးသူ ဦးဆောင်သော အဖွဲ့သည် အနီးအနား ကျေးရွာများမှ ရိုဟင်ဂျာများကို ခွင့်ပြုချက်မဲ့ အိမ်ပြုပြင်ခဲ့သည်၊ ဘင်္ဂလား sim card သုံးနေသည်၊ တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့သည် စသော ခိုင်မာ တိကျမှုမရှိသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများကိုလည်း နေ့စဉ်ရက်ဆက် ဆိုသလို ကျုးလွန် နေလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

ထို့ကြောင့် ဤကဲ့သို့ ဥပဒေမဲ့ သောင်းကျန်းနေသည့် အလယ်သံကျော် နယ်မြေစခန်းမှ စစ်ဦးစီးမှူး ဦးမျိုးသူ ဦးဆောင်သော အဖွဲ့ကို တာဝန်ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက အချိန်မှီ အရေးယူ ဟန့်ထားပေးရန် ဒေသခံများက အထူး လိုလားလျက် ရှိနေကြသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ရဲ့ ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ကို တွေ့ရစဉ်

28.4.2016

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရ တပ်မတော်က ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေတဲ့ အတွက် ရပ်တန့်ပေးဖို့ ဆိုပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့တာကြောင့် အဲဒီကိစ္စအပေါ် ထုချေလွှာတင်ဖို့ ရခိုင်ပြည်နယ် အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ALP ပါတီ တာဝန်ရှိသူတွေကို တောင်းဆို လိုက်ပါတယ်။

မနေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ခေါ် ယူတွေ့ဆုံပြီး ပြောခဲ့တာလို့ ALP ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

"ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင် တို့က ဘာပြောလဲဆိုတော့ ကျနော့် ကို ကြေညာချက် ထုတ်ပြန်ချက်အတိုင်း ခိုင်လုံလားတဲ့၊ ကြေညာချက် ထုတ်ပြန်တဲ့အခါကျတော့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကျနော်တို့ ပေးရမှာလို့ပြောတယ်၊ တကယ်လို့ ထုချေလွှာမပေးနိုင်ဘူးဆိုရင် အရေးယူရပါမယ်လို့ပြောတယ်"

အဲဒီထုတ်ပြန်ချက်အတိုင်း မမှန်ကန်ဘူးဆိုရင် ALP ရဲ့ ပြန်ကြားရေးအဖွဲ့ကို ဖမ်းဆီးအရေးယူသွားမယ် လို့ ပြောကြောင်း ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

အစိုးရတပ်မတော်က ရခိုင်ပြည်နယ်မှာ ပေါ်တာဆွဲတာ၊ နေအိမ်တွေကနေ အဓမ္မရွှေ့ပြောင်းတာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာတွေနဲ့ စစ်မြေပြင်မှာ ဓားစာခံအဖြစ်အသုံးချနေတာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ စစ်ရာဇဝတ် မှုတွေကို ကျူးလွန်နေတာဖြစ်တဲ့အတွက် ချက်ချင်းရပ်တန့်ပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ုခဲ့တာပါ။

အဲဒီလုပ်ရပ်တွေဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တည်ဆောက်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပြီး ပြည်တွင်းစစ်ဖြစ်ပေါ်လာရေးကို အားပေးနေသလိုဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က သူတို့ရဲ့ ထုတ်ပြန်ကြေငြာချက်အတိုင်း မှန်ကန်ကြောင်းကို မနက်ဖြန် ဧပြီလ ၂၉ ရက်နေ့မှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းထံထုချေလွှာပေးပို့ဖို့ကိုလည်း သဘောတူခဲ့ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

28.4.2016

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရ အနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံရေးအရ မဟုတ်ဘဲ လူ့အဖွဲ့အစည်း တစ်ခုက သူတို့ကို ဘယ်လို အမည်နဲ့ ခေါ်ပါလို့ တောင်းဆိုတဲ့ အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ သံအမတ်ကြီး Scot Marciel က အမေရိကန်အစိုးရရဲ့ သဘောထားကို ပြောခဲ့တာဖြစ်ပါတယ်။

"အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုပ်ရိုးလုပ်စဉ်က ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တဲ့ အမည်အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ သူတို့ကို ဘယ်လိုခေါ်စေချင်တယ်ဆိုပြီး ပြောပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ သူတို့ခေါ်စေချင်တဲ့အတိုင်းသာ အမည်ကို ခေါ်ကြရတာပါ။ အဲ့ဒီလို ခေါ်ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သာမန်လုပ်ရိုးလုပ်စဉ် အလေ့အထသာဖြစ်ပါတယ်" လို့ Mr. Marciel က ပြောပါတယ်။

ရိုဟင်ဂျာအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ သိရှိနားလည်ကြောင်းလည်း ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက Mr. Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဒါ့အပြင် သံတမန်တွေကြားမှာ မြန်မာနိုင်ငံကို ခေါ်ဆိုသုံးစွဲတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လို Myanmar လား ၊ Burma လားဆိုရာမှာ ၂ မျိုးသုံးစွဲနေကြတာရှိပြီး အမေရိကန်အစိုးရ အနေနဲ့ လက်ရှိအချိန်ထိ Burma လို့ ခေါ်ဝေါ်သုံးနေကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်းမှာ Burma နဲ့ Myanmar ဘယ်လိုခေါ်မယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ မြို့နယ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က လူဝင်လူထွက် ဂိတ်တွေကို လုံခြုံရေးတွေ တိုးမြှင့်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်စဉ်

RFA မြန်မာပိုင်း
28.4.2016

ရခိုင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်း ကနေ စတင်ပြီး မြို့တွေနဲ့ လမ်းတွေမှာ လုံခြုံရေးကို တင်းတင်း ကျပ်ကျပ် စစ်ဆေး နေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းတွေနဲ့ ရေလမ်းကြောင်းတွေမှာ အဓိကထားစစ်ဆေးနေတာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

"ကျနော်တို့က ရခိုင်ပြည်နယ် အတွင်းကို ဝင်လာတဲ့ ကားတွေကစပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဝင်ပေါက် ကနေပြီးတော့ စပြီးတော့စစ်တာပါ၊ လက်နက်ခဲယမ်းတို့ မူးယစ်ဆေးဝါးတို့ အဓိကက ဒါတွေဝင်ရောက် မလာရေးပါပဲ"

ရခိုင်ပြည်နယ်ထဲကို လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ကို အဓိက တားဆီးစစ်ဆေးတာဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုကို တားဆီးနိုင်အောင်အတွက်လည်း ပူးတွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလို လူဝင်လူထွက်ဂိတ်တွေမှာ လုံခြုံရေးဆောင်ရွက်မှုကို ရဲတပ်ဖွဲ့၊ လဝကအဖွဲ့တွေနဲ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့လောက်ကနေစတင်ကာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ လောရမတောင်တန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ ဒေသခံ ၁၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။



Rohingya Eye
RB News
27.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းရှိ န.တ.လ ကျေးရွာများ ဖြစ်သည့် ရွှေဗဟို၊ ခရေမြိုင်၊ မောရ၀တီ အစရှိသည့် ကျေးရွာများတွင် ဧပြီလ (၁၀) ရက်နေ့မှ စ၍ လူစိမ်းများ တွေ့မြင် နေရကြောင်း သိရှိရသည်။ ရွာတိုင်းတွင် လူစိမ်း ၁၀ ဦးမှ ၁၅ ဦးခန့်ထိ ရောက်ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။

အဆိုပါ လူစိမ်းများသည် ယခု အချိန်ထိ ယင်းကျေးရွာများမှ ပြန်လည် ထွက်ခွာသွားခြင်း မရှိသေးဟု ဆိုသည်။ ရွှေဗဟို န.တ.လ ရွာသို့ ရောက်ရှိသွားသည့် ရိုဟင်ဂျာ တစ်ဦးက လူစိမ်းတစ်ဦးကို မေးမြန်းခဲ့ရာ ၎င်းသည် ရခိုင်ပြည်နယ် အထက်ပိုင်းမှ သင်္ကြန် လည်ပတ်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

ထိုကဲ့သို့ ဖြေဆိုခြင်းမှာ မှန်ကန်မှု မရှိဘဲ အခြားကိစ္စများဖြင့် ရောက်ရှိ နေခြင်းသာ ဖြစ်နိုင်သည်ဟု အဆိုပါ ဒေသခံ ရိုဟင်ဂျာက ပြောပါသည်။ ယခင်နှစ်များက သင်္ကြန်တွင် ယခုကဲ့သို့ လူစိမ်းများ ရောက်ရှိလာခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ရောက်ရှိနေခြင်းသာ ဖြစ်ပြီး၊ သင်္ကြန် ပြီးစီးသွားသော်လည်း ပြန်လည် ထွက်ခွာသွားခြင်း မရှိသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

အဆိုပါ လူစိမ်းများမှာ Arakan Army – AA အဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်း ပြောဆို နေကြသည်။

ဒေသခံ ရိုဟင်ဂျာများက ယခုကဲ့သို့ ပုန်းအောင်းနေသည့် လူစိမ်းများနှင့် လက်နက် အာဏာပိုင်များ အကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်လာလျှင် ၎င်းတို့၏ တောင်ယာ လုပ်ငန်း၊ လယ်ယာ လုပ်ငန်းများနှင့် ပုဇွန် မွေးမြူရေး လုပ်ငန်းများ ထိခိုက်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိနေကြသည်။


MYARF
RB News
27.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စခန်းများမှ တာဝန်ရှိသူ များသည် မော်တော်ယာဉ် များထံမှ နေ့စဉ် အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စခန်းများ ဖြစ်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (၂၄)၊ ကြိမ်ချောင်း ရဲစခန်း၊ စ.ရ.ဖ၊ အထူး သတင်းတပ်ဖွဲ့ (SB) တို့မှ တာဝန်ရှိသူ များသည် ကိုယ်စားလှယ်များ ခန့်အပ်ကာ ကြိမ်ချောင်း ကျေးရွာမှ ဖြတ်သန်းသမျှ ဘတ်စ်ကားများ ထံမှ တစ်စီးလျှင် ၇၀၀၀/- ကျပ်၊ ကုန်တင်ကား တစ်စီးလျှင် ၆၀၀၀/- ကျပ်၊ ဟိုင်းလတ်စ် ကားတစ်စီးလျှင် ၂၀၀၀/- ကျပ်၊ ထော်လာဂျီနှင့် သုံးဘီး တက္ကစီ ကားတစ်စီးလျှင် ၁၀၀၀/- ကျပ် နှုန်းဖြင့် အတင်းအဓမ္မ ကောက်ခံ လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မော်တော်ယာဉ် များမှ တစ်နေ့လျှင် တစ်ကြိမ်သာ ကောက်ခံနေခြင်း မဟုတ်ဘဲ ကြိမ်ချောင်း ကျေးရွာသို့ ၀င်ရောက်သည့် အကြိမ်တိုင်းတွင် ကောက်ခံလျက် ရှိနေသည်ဟု ဆိုသည်။

ငွေကောက်ခံရန် ကိုယ်စားလှယ် ခန့်အပ်ခံရသူ များမှာ --

(၁) ဦးနူရ်ဘော်ရှော်ရ် (ကြိမ်ချောင်း မြောက်ရွာ) ကြိမ်ချောင်း ရဲစခန်း အတွက် ငွေကောက်ခံသူ
(၂) ဦးဆော်လိမ် (ဘ) ဦးနူရ်မာမတ် (ကြိမ်ချောင်း အလယ်ရွာ) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (၂၄) အတွက် ငွေကောက်ခံသူ
(၃) ဦးမုစ်တာခ် (ဘ) ဦးတာဇော်ယာ (ကြိမ်ချောင်း အလယ်ရွာ) စ.ရ.ဖ အတွက် ငွေကောက်ခံသူ
(၄) ဦးနူရ်ကာမာလ် (ကြိမ်ချောင်း မြောက်ရွာ) SB အထူး သတင်းတပ်ဖွဲ့ အတွက် ငွေကောက်ခံသူ -- တို့ဖြစ်သည်။

ကြိမ်ချောင်း ဈေးကြီးသည် ပထ၀ီ အနေအထား အရ မဟာဗျူဟာ ကျသော နေရာတွင် တည်ရှိသောကြောင့် နေ့စဉ် မော်တော်ယာဉ် ရာပေါင်းများစွာ ၀င်ထွက်လေ့ ရှိပြီး၊ မော်တော်ယာဉ် တိုင်းသည် ယခုကဲ့သို့ ငွေညှစ် ခံနေရသည်။ ဤသည်မှာ အာဏာပိုင် များ၏ ငွေညှစ်ခြင်း နည်းဗျူဟာ အသစ်တစ်ခု ဖြစ်ပြီး နေ့စဉ်နှင့် အမျှ မရှိဆင်းရဲသား ဒေသခံများကို နှိပ်ကွပ်၍ ငွေကျပ် သန်းပေါင်းများစွာ ကောက်ခံနေခြင်း ဖြစ်သည်။



RB News
27.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အတွင်းရှိ အစိုးရ အခြေခံ ပညာကျောင်း များတွင် သူငယ်တန်းမှ န၀မတန်းထိ အောင်စာရင်း များကို မြို့နယ် ပညာရေးမှူးရုံး၏ ညွန်ကြားချက်နှင့် အညီ ဧပြီလ (၁၈) ရက်နေ့ နောက်ဆုံး ထား၍ ထုတ်ပြန်ရန် ဖြစ်သော်လည်း ကျောင်းသား ဦးရေ ၁၅၀၀ ကျော် ရှိသည့် မောင်တော မြို့နယ် ငန်းချောင်း အ.ထ.က (ခွဲ) တွင် ယနေ့ထိ အောင်စာရင်း ထုတ်ပြန် ပေးခြင်း မရှိသေး၍ မိဘများက စိုးရိမ် ပူပန်လျက် ရှိကြောင်း ကျောင်းသား မိဘ တစ်ဦးက RB News သို့ပြောသည်။

ငန်းချောင်း အ.ထ.က (ခွဲ) ၏ ကျောင်းအုပ် ဆရာကြီး ဦးရွှေသည် ကျောင်းသားများ အောင်စာရင်း၊ ရှုံးစာရင်း များနှင့် ပတ်သက်၍ ကျောင်းသား များနှင့် တွေ့ဆုံ၍ ကျရှုံးသူများ ထံမှ လာဘ်ငွေ ယူရန် ပြုလုပ်နေသည့် ကိစ္စ မပြီးဆုံးသေး၍ ယနေ့ထိ အောင်စာရင်း ထုတ်ပြန် နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်ဟု အဆိုပါ ကျောင်းသား မိဘက ပြောပါသည်။

ယခုကဲ့သို့ အောင်စာရင်း ထုတ်ပြန် ပေးရန် ကြန့်ကြာ နေခြင်းနှင့် ပတ်သက်၍ ကျောင်းသား မိဘများက သက်ဆိုင်ရာသို့ တိုင်တန်းရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။



မေခ
ဗွီအိုအေမြန်မာပိုင်း
23.4.2016

ကြံ့ခိုင်ရေး ပါတီ ဗဟို အစည်းအဝေး ဆုံးဖြတ်ချက် အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို အပါအဝင် ကော်မတီဝင် ၁၇ဦးကို ပါတီကနေ ထုတ်ပယ် လိုက်တယ်လို့ ကြံ့ခိုင်ရေး ပါတီတွင်းနဲ့ နီးစပ်တဲ့ သတင်းအရ သိရပါတယ်။ နေပြည်တော် ကြံခိုင်ရေးပါတီ ရုံးချုပ်မှာ မနေ့ကလုပ်တဲ့ အစည်းအဝေးကို သမ္မတဟောင်း ဦးသိန်းစိန်က ဦးဆောင် ခဲ့တာဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင် အချို့သာ ပါဝင်ခဲ့ပါတယ်။ ထုတ်ပယ် လိုက်တယ်လို့ သတင်းကြီးနေသူ တွေဟာ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေ များပြီး လက်ရှိမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေ ပြန်လည် ဆန်းစစ်ရေး ကော်မတီမှာ ပါဝင်ကြသူတွေ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြားချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေ ပါဝင်တယ်လို့ပြောပါတယ်။ ကျန်သူတွေကလည်း အများစုကတော့ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေဘဲလို့ ပြောပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ ကြံ့ခိုင်ရေး ပါတီဘက်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်ကြားရေးတာဝန်ခံတွေဖြစ်တဲ့ ဦးတင်နိုင်သိန်းနဲ့ ဦးပိုက်ထွေးတို့ကို ဆက်သွယ်ခွင့်မရခဲ့သလို တခြားပါတီ ဝင်တွေကို ဆက်သွယ်ရာ မှာလည်း ပြန်ကြားရေး တာဝန် မယူထားလို့ ဖြေကြားဖို့ငြင်းဆန်ကြပါတယ်။ ဒါကြောင့် ပါတီဘက်ကတော့ ဒီသတင်းနဲ့ ပက်သက်ပြီး သီးခြားအတည်ပြုချက်မရခဲ့ပါ ဘူး။

ထုတ်ပယ်တဲ့ အချက်အလက်ကိုလည်း တိကျစွာမပြောနိုင်သေးပါဘူး။ ထွက်ပေါ်နေတဲ့သတင်းတွေ အရတော့ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေကိုထုတ်ပယ်တာက NLD ပါတီနဲ့ နီးစပ်တဲ့ အတွက်လို့ ပြောဆိုကြပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီး ဌာနက ဦးသိန်းဆွေကိုတော့ ထုတ်ပယ်ထားခြင်း မရှိပါဘူး။

ထုတ်ပယ်ခံရတဲ့ စာရင်းထဲ ပါဝင်တယ်လို့ နာမည်ထွက်ပေါ်နေတဲ့ ဦးမောင်တိုးကတော့ ဗဟိုအစည်းအဝေးခေါ်ယူကျင်းပတာကို သိတယ်လို့ ပြောပေမယ့် ထုတ်ပယ်တဲ့ စာမရောက်သေးဘူးလို့ပြောပါတယ်။ ထုတ်ပယ်ခဲ့တာနဲ့ ပတ်သတ်ပြီး သူကတော့

“အော်..သူတို့က ဘာလို့ ထုတ်လဲ ဆိုတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ သူတို့ ကျွန်တော်တို့ကို ထုတ်မယ်ဆိုရင်တော့၊ အကြောင်းတော့ သူတို့ ထုတ်လို့ ရသလား ဆိုတာတော့။ ပါတီစည်းကမ်းတွေ ရှိတယ်လေ။ ပါတီစည်းကမ်းတွေ ရှိတယ်။ ပါတီစည်းကမ်းနဲ့ဘယ်လို ငြိလို့လဲ ဘယ်လို ဖြစ်လို့လဲ အဲဒါတွေတော့ ပြန်ကြည့်ရမှာပေါ့။ ကျွန်တော်တို့တော့ တိုင်းပြည် တိုးတက်စေချင် တာပဲလေ။ ကျွန်တော်တို့ တိုင်းပြည်က နောက်ကျနေတာ ဆိုတော့ ကျွန်တော်တို့ကလဲ အသက်ကလဲ ကြီးပြီ ဆိုတော့၊ ကျွန်တော်တို့ မသေခင် တိုင်းပြည်တိုးတက်သွားတာ မြင်ချင်တယ်ပေါ့။ ”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းအပါအဝင် သူနဲ့ နီးစပ်သူတွေကို NLD ပါတီနဲ့ နီးစပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပါတီဘက်ကရော၊ ကယကံရှင်တွေ ဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ပါတီဘက်ကလည်း တရားဝင် စာထုတ်တာမရှိသေးပါဘူး။

လက်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဗွီအိုအေက လက်ရှိရာထူးကို ရယူတာနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့စဉ်မှာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန် မရှိတော့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ကြောင်း၊ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကိုဘဲ စဉ်းစား ထားတယ်လို့ ပြောဆိုထားဖူးပါတယ်။

ဒီလိုထုတ်ပယ်တာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညို ကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။

“ဒီဦးသိန်းစိန် အနေနဲ့ ဒါတွေ ဆက်လုပ်မယ်ဆိုရင်တော့ သူတို့ပါတီက တ.စ.ည ကျဆုံးသလိုပဲ ကျဆုံးသွားနိုင်တဲ့ အလားအလာ အများကြီးရှိတယ်။ အဲဒီ အခုဖြစ်တဲ့ ကိစ္စမှာဆိုလည်း ဦးသိန်းစိန်ကို ဒါက နမူနာယူကြဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လုပ်ပါ နိုင်ငံရေးမှာတော့ သူတို့ အသာစီးရနိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။”

လက်ရှိချိန်အထိကတော့ ပါတီဘက်ကကော သတင်းထွက်နေသူတွေ ဘက်ကကော မေးမြန်း အတည်ပြုချက်တွေကို တိကျစွာ အဖြေမပေးဘဲ ရှောင်နေလျက်ရှိနေပေ မယ့် ထုတ်ပယ်လိုက်တဲ့ သတင်းကတော့ တော်တော်လေး ပျံ့နှံ့လို့ နေပါတယ်။



Rohingya Eye
RB News
21.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မ ဗလီကြီး၏ တောင်ဘက်တွင် တည်ရှိသော အီးဒ်နေ့ ၀တ်ပြုရာ ရင်ပြင် (အီးဒ်ဂါ) ၏ အရှေ့တောင်ဘက်တွင် ရေတွင်း တစ်တွင်း ရှိသည်။ အဆိုပါ ရေတွင်းမှ ရေများကို မြို့မ ဗလီကြီး၏ အနီးအနား ပတ်ဝန်းကျင်ရှိ ရိုဟင်ဂျာများက သောက်သုံးရေ အဖြစ် သုံးစွဲလျက် ရှိသည်။

ရင်ပြင်၏ အနောက်မြောက်ဘက်တွင် မြို့မ ရဲစခန်းမှ သင်္ကြန် ရေလောင်း မဏ္ဍပ် တစ်ခု တည်ဆောက်၍ ရေကစားခဲ့ရာ ဧပြီလ (၁၉) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ရေမဏ္ဍပ်၌ ရေပြတ်လတ် သွားသဖြင့် ရဲအုပ် အဆင့်ရှိသူ တစ်ဦးနှင့် မီးသတ် တပ်သား တစ်ဦးတို့ ရေတွင်းရှိရာသို့ သွားရောက်၍ ရေစုပ်စက်ဖြင့် ရေစုပ်၍ ရေသယ်ယူ ခဲ့သောကြောင့် ရေနံဆီ အနံ့ ထွက်ကာ သောက်သုံးရေ အဖြစ် သောက်သုံးရန် အခက်ကြုံလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရေတွင်းမှ ရေစုပ်စက်ဖြင့် ရေစုပ်၍ သယ်ယူခြင်းကို ဗလီ ဂေါပကသို့ ကြိုတင် အသိပေးခြင်း မရှိခဲ့ဟု ဆိုသည်။

“ဒီလို ရေစုပ်စက်နဲ့ ရေစုပ်ပြီး ရေသယ်ယူတာကို ဂေါပက အဖွဲ့ကနေ ခွင့်ပြုချက် ရယူသင့်တယ်။ သောက်သုံးရေ အဖြစ် သုံးနေတဲ့ တွေကို ခွင့်ပြုချက် မယူဘဲ အခုလို အလဟသ ဖြုန်းတီးတာကတော့ အနိုင်ကျင့် စော်ကားတာပဲ” ဟု မြို့ခံ တစ်ဦးက ပြောပါသည်။



ဓါတ်ပုံ -- Rohingya Eye / RB News




Rohingya Eye
RB News
21.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရေမျက်တောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်သား အဆင့်ရှိ ဇော်ဝင်း ဦးဆောင်သည့် အဖွဲ့သည် ဧပြီလ (၁၆) ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ဦးရှဥ့်ကျ ကျေးရွာ (ဘူရာရှီဒါး ဖာရာ) ရပ်ကွက် ၃ မှ ဦးဇာဖောရ်အာလောမ် (ဘ) ဦးလာလ်မိုဟာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ နေအိမ် ပြုပြင်နေသည်ကို အသိမပေးဟု ဆိုကာ အိမ်ထောက်တိုင်များ၊ သစ်သားချပ် များကို နယ်ခြားစောင့်ရဲ ဇော်ဝင်းက ပေါက်တူး တစ်ခုဖြင့် ဖျက်ဆီး စေခဲ့သည်။

အဆိုပါ အိမ်သည် တဲအိမ် တစ်လုံး ဖြစ်ပြီး၊ အိမ်ပြုပြင်ရာတွင် အသုံးပြုနေသည့် လက်သမား ပစ္စည်း ကိရိယာ တန်ဆာပလာ များကိုလည်း သိမ်းဆည်း၍ နယ်ခြားစောင့် ရဲကင်းစခန်းသို့ ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ သိမ်းဆည်းခံရသည့် ပစ္စည်းများ ပြန်လည် ရရှိရေး အတွက် ဦးဇာဖောရ်အာလောမ်မှ နယ်ခြားစောင့်ရဲ ဇော်ဝင်း ကို ငွေကျပ် တစ်သိန်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ယင်းနေ့ နံနက် (၁၀) နာရီ အချိန်တွင် ဦးရှဥ့်ကျ ကျေးရွာ ရပ်ကွက် (၈) အတွင်း ကင်းလှည့်နေစဉ် ဦးမာမတ်ရှာကဲရ် (ဘ) ဦးအဘူတာလဲခ် (အသက် ၃၇ နှစ်) ကို လမ်း၌ တွေ့ရှိပြီး ခန္ဓာကိုယ် အနှံ့ ရှာဖွေခဲ့ရာ MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံးနှင့် ဖုန်းအခွံ နှစ်လုံး တွေ့ရှိခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးနေသည်ဟု စွပ်စွဲ၍ သေနတ်ဖြင့် ရိုက်နှက်ရာ သေနတ်၏ ထိပ်ပိုင်းပင် ကျိုးသွားခဲ့သည်။ ဦးမာမတ်ရှာကဲရ် က ရိုက်နှက်ခံရခြင်းကြောင့် ရရှိသည့် ဒဏ်ရာများ၏ နာကျင်မှု ဒဏ်ကို မခံစားနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေးခဲ့ရသည်။

နယ်ခြားစောင့်ရဲ ဇော်ဝင်းသည် ဦးရှဥ့်ကျ ကျေးရွာ အတွင်းသို့ မကြာခဏ လာရောက်၍ တွေ့ရှိသမျှ ရိုဟင်ဂျာ များကို အမျိုးမျိုး စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ ထိုကဲ့သို့ ပြုလုပ်နေခြင်း အမြန်ဆုံး ရပ်တန့် ပေးရန် ဒေသခံများက တောင်းဆို နေကြသည်။


MYARF
RB News
21.4.2016

မောင်​​တော
။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော မြို့နယ် ​မြောက်​ပိုင်း၊ ​လောင်​ဒုံး​ ကျေးရွာအုပ်​စု၊ ​စေတီပြင်​​ ကျေးရွာ အ​ခြေစိုက်​ နယ်​ခြား​စောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများက ၎င်း​ကျေးရွာမှ ရိုဟင်​ဂျာ ​တစ်​ဦးကို ဖမ်းဆီးပြီး ၂၀၁၂ ခုနှစ်​ ဇွန်​လ၌ ဖြစ်​ပွားခဲ့​သော အ​ရေးအခင်းတွင်​ ပါဝင်​ ပတ်​သက်​ ခဲ့သည်​ဟု မဟုတ်​မတရား ခြိမ်း​ခြောက်​​၍ ငွေကျပ်​ ၁၀ သိန်းညှစ်​ယူခဲ့​ကြောင်း သတင်းရရှိပါသည်​။

အဆိုပါ ကင်းစခန်းမှ ​စခန်း တာဝန်​ခံ ရဲအုပ် ​ဦး​ဆောင်​​သော နယ်​ခြား​စောင့်​ရဲ ​လေး​ဦးတို့သည်​ ဧပြီလ (၁၉) ရက်​​နေ့၊ ည​ ၇:၅၀ မိနစ်​ အချိန်​တွင်​ ​လောင်​ဒုံး​ ကျေးရွာအုပ်​စု၊ ​စေတီပြင်​​ ကျေးရွာသို့ ​ရောက်​လာပြီး ဦးမိုဟာမတ်​ အာရှိမ်​ (ဘ) ဦးမိုဟာမတ်​ (အသက်​ ၅၀ နှစ်​) ၏ ​နေအိမ်​ထဲ စီးနင်း ဝင်​​ရောက်​၍ ညစာ စား​နေ​သော ဦးမိုဟာမတ်​ အာရှိမ်​ကို ဖမ်းဆီး လိုက်​ပြီး​နောက်​ ဦးမိုဟာမတ်​ အာရှိမ်​ကို ကင်းစခန်းသို့ ​ခေါ်​ဆောင်​သွား၍ ချုပ်​​နှောင်​ ထားလိုက်သည်​။

ထို့​နောက်​ အဆိုပါ စခန်းမှ နယ်​ခြား​စောင့်​ရဲ တစ်​ဦးနှင့်​ ထိုစခန်းတွင်​ ထမင်းချက်​ လုပ်​​နေသူ ​လောင်​ဒုံး​ ကျေးရွာအုပ်​စု၊ ​စေတီပြင်​​ န.တ.လ ​ကျေးရွာသား၊ ဒိုင်း​နက် ​လူမျိုး တစ်​ဦး တို့ကို စခန်း တာဝန်​ခံ ​ရဲအုပ်က ဦးမိုဟာမတ်​အာရှိမ်​ အိမ်​သို့ သွားပြီး ဦးမိုဟာမတ်​ အာရှိမ်​၏ ဇနီးကို ခြိမ်း​ခြောက်​ရန်​ ​စေခိုင်းခဲ့သည်​။ ထို့​ကြောင့်​ နယ်​ခြား​စောင့်​ရဲနှင့်​ ဒိုင်းနက်​ လူမျိုး ထမင်းချက်​ တို့က ဦးမိုဟာမတ်​ အာရှိမ်​ ​နေအိမ်​ကို ​ရောက်​ရှိလာပြီး ဦးမိုဟာမတ်​ အာရှိမ်​၏ ဇနီးကို ၎င်း၏ ခင်​ပွန်းသည်​ ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်းတွင်​ ပါဝင်​ ပတ်​သက်​ခဲ့သူ ဖြစ်​​ကြောင်း၊ ​ပဋိပက္ခ ဖြစ်​ပွား​စေရန်​ လှုံ့ဆော်​ခဲ့သူ တစ်​ဦး ဖြစ်​​ကြောင်း၊ မီးရှို့မှု တရားခံ စာရင်းတွင်​လည်း ပါဝင်​​နေ​ကြောင်း၊ ထိုအဖြစ်​များကို ၎င်း၏ ခင်​ပွန်းကလည်း ဝန်​ခံ​နေ​ကြောင်း စသည်​ဖြင့်​ အမျိုးမျိုး ခြိမ်း​ခြောက်၍ ​ငွေကျပ်​ ဆယ်​သိန်း ​တောင်းခဲ့သည်​။ ၎င်းတို့ ​တောင်းဆို​သော ​ငွေကို မ​ပေးလျှင်​ ဦးမိုဟာမတ်​အာရှိမ်​ကို တရားစွဲ​၍ ​ထောင်​ဒဏ်​ချ​မည်​ ဖြစ်​​ကြောင်းလည်း ခြိမ်း​ခြောက်​ပြောဆိုခဲ့ရာ ဦးမိုဟာမတ်​အာရှိမ်​၏ ဇနီးက ​ကြောက်​ရွံ့၍ နယ်​ခြား​စောင့်​ရဲ ​တောင်းဆို​သော ​ငွေကျပ်​ ဆယ်​သိန်းကို ​ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့​နောက်​ ဦးမိုဟာမတ်​အာရှိမ်​ကို ည​ ၉ နာရီခန့်​အချိန်​တွင်​ လွှတ်​​ပေးခဲ့​​သည်ဟု ဆိုသည်။

အခြား ဒေသခံ တစ်ဦးက “တကယ်​​တော့​ မိုဟာမတ်​အာရှိမ်​ ဆိုတဲ့လူက အရမ်း​အေးတာပါ။ ​ကျေးရွာက လူ​တွေနဲ့​တောင်​ စကားနှစ်​ခွန်း အပို ​ပြောတာ မဟုတ်​ပါဘူး။ သူ့ဟာသူ ​အေး​ဆေး​ နေတတ်​တာပါ။ ​ငွေ​ရေး​ ကြေး​ရေး ချမ်းသာ​ နေ​တော့ အဲ့ဒီ ရဲ​တွေက အကွက်​ဆင်​ ခြိမ်း​ခြောက်​ပြီး​တော့ မဟုတ်​မတရား ​ငွေညှစ်​ ခဲ့တာပါပဲ။ ​သူတို့​ တောင်းဆိုတဲ့ ငွေမ​ပေးလို့လည်း ဘယ်​ရပါ့မလဲ။ လုပ်​ကြံ အမှုဆင်​ပြီး​တော့ တရားစွဲ​ ပေးမှာ​လေ။ အဲ့ချိန်​ကျရင်​ ဆယ်​သိန်းမက ပိုကုန်​မှာ​ပေါ့။ ဒီက တရားရုံး​တွေကလည်း ရိုဟင်​ဂျာဆို ​မွေးကတည်းက အပြစ်​ရှိ​နေပြီးသား လူ​သားတွေပဲလို့ သတ်​မှတ်​တတ်​တာပါ။ အဲ့​တော့ သူတို့ ​တောင်း​သ​လောက်​​ပေးပြီး ​နေ​နေရတာ​​ပေါ့။" ဟု ပြောဆို ရင်ဖွင့်သည်။

မောင်​​တော အာဏာပိုင်​ များသည်​ ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်းတွင်​ ပါဝင်​ ပတ်​သက်​ခဲ့သူများ ဆိုကာ ရိုဟင်​ဂျာ ပညာတတ်​အသိုင်းအဝိုင်းနှင့်​ ​ငွေ​ကြေး ချမ်းသာသူ အများအပြားကို တရားခံစာရင်း ​ကြေညာ ခဲ့သည်​။ ​ကျေးရွာ တစ်​ရွာမှ အနည်းဆုံး ၁၅ ဦး​ခန့်ကို မီးရှို့မှု၊ ပဋိပက္ခ ဖြစ်​​စေရန်​ လှုံ့​ဆော်​မှု စသည့်​ စွပ်​စွဲချက်များဖြင့်​ တရားခံ စာရင်းပြုလုပ်​ပြီး အနည်းဆုံး လူ​ပေါင်း ၈၀၀ ဦးကို ဖမ်းဆီးပြီး ၅ နှစ်မှ ​၄၅ နှစ် အထိ ​ထောင်​ဒဏ်​ အသီးသီး ​ချမှတ်​ခဲ့ဖူးသည်။ ထို့အပြင်​ ​နောက်​ထပ်​ ရိုဟင်​ဂျာ အများအပြားကို ​မောင်​​တော ခရိုင်​ တရားရုံးမှ စာထုတ်​ပြီး ​ဆင့်​​ခေါ်ခဲ့​သော်​လည်း ထိုသို့ ဆင့်ခေါ်ခံရသူတိုင်း တိမ်း​ရှောင်​ ​နေခဲ့ရသည်​။ ထို့​နောက်​ တရားရုံးက ၎င်းတို့ကို တရားခံ​ ပြေးစာရင်း ​ကြေညာခဲ့ခြင်း ဖြစ်​သည်​။ ထိုသို့ တရားခံ​ပြေး စာရင်း​ ကြေညာခြင်း ခံရသူ အများအပြားသည်​​ ​နောက်​ဆုံး မတတ်​သာ၍ နိုင်​ငံကို စွန့်​ခွာရပြီး အများအားဖြင့်​ ​စက်​​လှေစီးပြီး မ​လေးရှား နိုင်​ငံဖက်​သို့ ထွက်​​ပြေး သွားခဲ့ရသည်။

ယခုနှစ် ဇန်​န၀ါရီလ လဆန်းပိုင်းမှ စ၍ ပြုလုပ် ခဲ့​သော ဆွဲ၊တင်​၊စစ်​ ၌ အဆိုပါ တရားခံ​ပြေး စာရင်း ​ကြေညာခြင်း ခံရသူများကို အိမ်​​ထောင်​စု စာရင်းမှ ဖယ်​ပျက်​ ခဲ့သည်​။ ယခု ​ဖမ်းဆီး​ ငွေညှစ်​ခံရသူ ဦးမိုဟာမတ်​အာရှိမ်​သည်​ အဆိုပါ ဆွဲ၊တင်​၊စစ်​ တွင်​လည်း ပါဝင်​ စစ်​​ဆေးခံခဲ့သူ ဖြစ်​သည်​။ ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်း၏ တရားခံ ဖြစ်​ခဲ့မည်​ဆိုလျှင်​ ၎င်းကို ဆွဲ၊တင်​၊စစ်​တွင်​ ပါဝင်​ စစ်​​ဆေးခံနိုင်​ခွင့်​​ပေးရန်​ အ​ကြောင်းမရှိ​ကြောင်း ​မောင်​​တော ခရိုင်၏​ လူ့အခွင့်​အ​ရေး ​စောင့်ကြည့်​ ​လေ့လာ​ရေး အဖွဲ့က ​ဝေဖန် ​​ထောက်​ပြသည်​။ ဤကဲ့သို့ ​ပေါ်​ပေါ်တင်​တင်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​​နေသည့်​ နယ်​ခြား​စောင့်​ရဲ များ၏ ​သောင်းကျန်း​နေမှု များကို ​ဗဟိုအစိုးရသို့ တရားဝင်​ စာ​ရေး​သား တောင်းဆိုမည်​ ဖြစ်​​ကြောင်းလည်း အဆိုပါ အဖွဲ့က ဆက်လက် ​ပြောဆိုပါသည်​။

မောင်​​တောခရိုင်​မှ နယ်​ခြား​စောင့်​ရဲများ၏ ဤကဲ့သို့ ​ကြောက်​မက်​ဖွယ်​ ​ကောင်း​သော သောင်ကျန်း​နေမှု များက ​ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဆောင်​​သော အရပ်​သား အစိုးရသစ်​၏ ​ကောင်းမွန်​​သော ပုံရိပ်​ကို ရုပ်​ဆိုးအကျည်း​တန်​ စေသည်​မည်​ ဖြစ်​​ကြောင်း၊ ထို့​ကြောင့်​ အဓိက တာဝန်​ရှိပုဂ္ဂိုလ်​၊ အမှတ်​(၁) နယ်​ခြား​စောင့်​ ရဲတပ်ဖွဲ့ ကွပ်​ကဲ​ရေးမှူးမှ ​အောက်​​ခြေ အာဏာပိုင်​များ၏ ​လိုင်​စင်​ရ ဓါးပြသဖွယ်​ ​သောင်းကျန်​နေမှု များကို အမြန်​ဆုံး အ​ရေးယူ​ ဟန့်​တား​ပေးရန်​ လိုအပ်​​ကြောင်း အဆိုပါ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​နေသည့်​ အဖွဲ့က သုံးသပ် ​​ပြောကြားပါသည်။



Burmese Rohingya Organisation UK (BROUK) မှ သတင်း ထုတ်ပြန်ချက်။

မဆိုင်းမတွ ထုတ်ပြန်သည်- ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၉ ရက်။

အကြောင်းအရာ။ ။ ရိုဟင်ဂျာများ စီးနင်း လိုက်ပါလာသော လှေနစ်မြုပ်ခြင်း ကိစ္စ။

ရခိုင်ပြည်နယ်တွင် ချမှတ်ထားသော အကူအညီ ပေးရေး ကန့်သတ်ချက် များအား NLD အနေဖြင့် ရုပ်သိမ်း ပေးပါရန်။

စားနပ် ရိက္ခာ ဝယ်ယူရန် အလို့ငှါ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ဆင်တက်မော် (Sandama) ဒုက္ခသည် စခန်း မှ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ ကလေး နှင့် ကလေးငယ် စုစုပေါင်း (၆၅) ဦးတို့သည် စစ်တွေမြို့ နယ်သို့ လှေဖြင့်စီးနင်းလိုက်ပါရင်း၊ ကြီးမားသောလှိုင်းလုံးကြီး၏ ရိုက်ခတ်မှုကြောင့် ၁၉.၄.၂၀၁၆ နေ့တွင် သဲချောင်းမြစ်အဝင်၌ လှေနစ်မြုပ်ခဲ့ရပါသည်။ အဆိုပါ လှေနစ်မြုပ်မှုတွင် ရိုဟင်ဂျာ ခရီးသည် (၁၅) ဦးသေဆုံး ခဲ့ပြီး၊ (၂၀) ဦးပျောက်ဆုံးလျှက်ရှိကာ၊ (၂၀) ဦးအသက်ရှင်ကျန်လျှက်၊ ကျန် (၁၀) ဦးမှာ သတိလစ်မေ့မျော လျှက်ရှိကြောင်း BROUK ၏ ခိုင်မာသောသတင်းအရင်းအမြစ်များအရသိရှိရပါသည်။ သေဆုံးသူများ အနက် ကလေးများလည်းပါဝင်ပါသည်။

၂၀၁၂ ခုနှစ်တွင် အရှိန်အဟုန်မြင့်ခဲ့သည့် အကြမ်းဖက်မှုနှင့် အင်အားသုံးဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာများသည် ဆိုးသထက်ဆိုးလှသည့် လူသားချင်းစာနာမှုမဲ့ အခြေအနေကို ရင်ဆိုင်နေခဲ့ရပါသည်။ ခရီးသွားလာရေး ကန့် သတ်ချက်များနှင့်လုံခြုံရေးကင်းမဲ့မှုများပိုမိုများပြားလာသည့်အလျောက်စားနပ်ရိက္ခာဝယ်ယူခြင်းသည် ရိုဟင်ဂျာ များအတွက် ပိုမိုခက်ခဲလျှက်ရှိလာပါသည်။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများနှင့်ရခိုင်ပြည်နယ်တွင်း အခြား ဒေသများသို့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များပေးအပ်သည့် လုပ်ငန်းစဉ် အပေါ် ကန့်သတ်မှုများသည်လူသားချင်းစာနာမှုကင်းမဲ့သည့် အရေးအခင်းအား ပိုမိုဆိုးရွားစေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ နိုင်ငံတွင်းနေထိုင်ရာမဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ရောက်ရှိပိတ်မိနေခဲ့သည့် (၁၄၀,၀၀၀) ဦးရေရှိ ရိုဟင်ဂျာများ ၏ အခြေအနေမှာ ကမ္ဘာပေါ်တွင် အဆိုးရွားဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အရာရှိများ က လည်း ဖော်ပြပြီးဖြစ်ပါသည်။

ဤသို့သောကန့်သတ်ချုပ်ခြယ်မှုများနှင့် လုံခြုံရေးကင်းမဲ့မှုများသည် ရိုဟင်ဂျာများအား ရှည်လျားသော၊ ရံဖန် ရံခါ၌မူ အန္တရာယ်များသော စားနပ်ရိက္ခာရှာဖွေရေးခရီးစဉ်တို့ မဖြစ်မနေ ပြုလုပ်ရန် တွန်းပို့လျှက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်ကာ ၁၀ ရာခိုင်နှုန်းထက်ပိုသည့် ရိုဟင်ဂျာဦးရေတို့ မြန်မာနိုင်ငံအားစွန့်ခွါ ထွက်ပြေးခဲ့ ပါသည်။

ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ စွန့်ခွါသွားရန်ကြိုးပမ်းသည့်အနေဖြင့် ယခင်အစိုးရအဆက်ဆက်တို့သည် ဆင်းရဲ ဒုက္ခရောက်စေခြင်းနှင့် အင်အားသုံးဖိနှိပ်ခြင်းမူဝါဒတို့ကို ပူးပေါင်းအသုံးပြုခဲ့ပါသည်။ ယခုအခါတွင် အစိုးရသစ် ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထိုမူဝါဒများအား အဆုံးသတ်ရမည်ဖြစ်ပါသည်။

ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသောအရေးအခင်းနှင့်ရိုဟင်ဂျာများအပေါ်အကူအညီပေးရေးကန့်သတ်ချက် များအားအဆုံးသတ်စေရန် NLD အစိုးရအနေဖြင့် စတင်ကြိုးပမ်းဆောင်ရွက်သင့်သည့် ခြေလှမ်းလေးဆင့်အား Burmese Rohingya Organisation UK (BROUK) သည် ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ၌ ထုတ်ပြန်ကမ်းလှမ်း ခဲ့ပါသည်။

NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားသော အကူအညီများအပေါ်ထားရှိသည့် ကန့်သတ်ချက်များအားလုံးကို ချက်ခြင်းရုပ်သိမ်းကာ၊ လူသားချင်းစာနာ ထောက်ထားရေးအကူအညီပေးအပ်သည့် လုပ်သားများ၏လုံခြုံရေးကို အာမခံချက်ပေးသင့်သည်ဟု Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်မှ ပြောကြားခဲ့သည်။ "နေ့တိုင်းလူတွေ သေဆုံး နေပါတယ်။ ဒီလိုလှေနစ်မြုပ်တဲ့ ကြေကွဲစရာဖြစ်ရပ်တွေဟာ အရင်ကလည်းမကြာခဏဖြစ်ခဲ့သလို၊ အရေးတယူ ဆောင်ရွက်ခြင်းမရှိရင်တော့ နောက်လည်းထပ်ဖြစ်နေဦးမှာပဲ"ဟုလည်း ဦးထွန်းခင်က ပြောကြားခဲ့သည်။

သတင်းအချက်အလက်များထပ်မံသိရှိလိုပါက ဦးထွန်းခင် (ဖုန်း-+44 7888714866) အားဆက်သွယ်နိုင်ပါ သည်။

သတင်းထောက်များသို့ မှတ်စု။

လှေနစ်မြုပ်ရာတွင်သေဆုံးခဲ့သည့် ရိုဟင်ဂျာများစာရင်းအား BROUK မှ အောက်ပါအတိုင်းလက်ခံရရှိခဲ့ပါသည်။

၁။ ဒေါ်နော်စီမာ၊ ၅၄ နှစ် (အမျိုးသမီး)
၂။ မရိုမာ၊ ၁၆ နှစ် (အမျိုးသမီး)
၃။ မနီလာ၊ ၂၁ နှစ် (အမျိုးသမီး)
၎။ ဒေါ်ညီမဖြူ (အမျိုးသမီး)
၅။ မောင်ကြီး၊ ၄၂ နှစ် (အမျိုးသား)
၆။ ဟော်စွန်ရှော်ရစ်ဖ်၊ ၂ နှစ် (အမျိုးသား)
၇။ ဦးနူရာ၏သမီးဖြစ်သူ စာဂျိဒါ၊ ၆ နှစ် (အမျိုးသမီး)
၈။ မုဟမ္မဒ်ရှော်ရိဖ်၊ ၄ နှစ်၊ (အမျိုးသား)
၉။ ဟူစိန်ရှော်ရိဖ်၊ ၃ နှစ် (အမျိုးသား)
၁၀။ ဒေါ်မန်နီစာ၊ ၂၀ နှစ် (အမျိုးသမီး)
၁၁။ စူရတ်ဇမလ်၊ ၈ နှစ် (အမျိုးသမီး)
၁၂။ အာဂျိဒါခါသွန် ရော်ဟီမွဒ်ဒီးန် ၊ ၆ နှစ် (အမျိုးသမီး)
၁၃။ စူလေမာခါသွန်၊ ၆၅ နှစ် (အမျိုးသမီး)
၁၄။ ဖယ်ရာနီ၊ ဦးခေါ်လီအဟ်မဒ်၊ ၆၀ နှစ် (အမျိုးသမီး)
၁၅။ အမည်မသိ၊ ကလေးငယ်။

Burmese Rohingya Organisation UK မှ NLD အစိုးရသို့ ကမ်းလှမ်းခဲ့သည့် ခြေလှမ်းလေးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အခြား NLD ခေါင်းဆောင်များပုဂ္ဂိလ်အားဖြင့်ဦးဆောင် ကာ မတရားမှုများနှင့် အမုန်း ဝါဒဖြန့်မှုများကိုအထူးသဖြင့် ဆန့်ကျင်ဟောပြော၍ အစွန်းရောက်အမျိုးသားရေး ဝါဒဖြန့်ချက်များကို တန်ပြန် ရမည်ဖြစ်ပါသည်။

၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှု

NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ အပေါ်ချမှတ်ထားသည့်ကန့်သတ် ချက်များကို ချက်ခြင်းရုပ်သိမ်းရန်နှင့် အကူအညီပေးရေး လုပ်သားများ၏လုံခြုံရေးအတွက်အာမခံချက်ပေးရန်ဆောင်ရွက်ရန်။ NLD အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများ၊ သီးခြားလွင့်စင်နေထိုင်နေရသော ရွာသူရွာသားများအားအထောက် အပံ့ပြုနိုင်သည့် အစိုးရအရင်းအမြစ်များကို ပိုမိုပေးအပ်ရန်။

၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။

ရိုဟင်ဂျာများ၏ အခွင့်အရေးများငြင်းပယ်ခံရသည့် အခြေအမြစ်အကြောင်းတရားမှာ ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ပါသည်။ လွတ်လပ်စွာခရီးသွားလာခွင့်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှု များရယူခံစားခွင့် တို့ အပါအဝင်ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသည့်များစွာသောခွဲခြားခံရမှုတို့သည်တင်းပြည့်ကျပ်ပြည့်နိုင်ငံသား အဖြစ်ကို မရရှိခြင်းအပေါ်မူတည်ပါသည်။ NLD ဦးဆောင်သော အစိုးရအနေဖြင့် ခိုင်မာသောလူထုထောက်ခံမှု၊ ခိုင်ခန့်သောပါတီစည်းလုံးမှု၊နှစ်များစွာလိုသေးသည့်ရွေးကောက်ပွဲတို့ကိုအားပြုကာအစိုးရသက်တမ်းအဦး အစ ၌ပင် အခက်အခဲများရှိလင့်ကစား၊အထက်ပါအရေးကိစ္စများကို ပြုရန်ဦးစားပေးဆောင်ရွက်နိုင်ပါသေးသည်။ ၎င်းဥပဒေအား ပြင်ဆင်ပြောင်းလဲခြင်းသည် မုချအငြင်းပွါးဖွယ်ရာဖြစ်သော်လည်း၊ ရှောင်လွှဲရနိုင်သည်တော့ မဟုတ်ပါ။ တစ်ခုသောအချိန်ကာလ၌ ယင်းကိစ္စအားကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်ပါသည်။ NLD ဦးဆောင် သော အစိုးရ အခိုင်မာဆုံးဖြစ်နေသည့် အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းခြင်းသည်ပို၍သင့်တော်ကောင်းမွန် လှပါသည်။

၎) တရားမျှတမှုနှင့် တာဝန်ယူမှု။

ရိုဟင်ဂျာများအပေါ် မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ချေ၊ လူသားဖြစ်တည်မှုအားကျူးလွန်သည့် ပြစ်မှု နှင့် မျိုးတုန်းသန့်စင်ဖျောက်ဖျက်ခြင်းအပါအဝင် များစွာသော နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည့် ထင်ရှား သောအထောက်အထားများရှိနေပါသည်။ ဤပြစ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်းမပြု၍မရသလို၊ ဤပြစ်မှုများ အတွက် တာဝန်ရှိသူများကိုလည်း ၎င်းတို့ရဲ့လုပ်ရပ်များနှင့်ပတ်သက်ပြီး လစ်လျူရှု၍မရနိုင်ပါ။ ကြောင့်ကြမဲ့ အပူ အပင်ကင်းစွာပြစ်မှုကျူးလွန်နိုင်ခြင်းသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်လျှက်ရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကိုဆက်လက်ကျူးလွန်ရန်အားပေးခြင်းသာဖြစ်ပါလိမ့်မည်။ တရားမျှတမှုနှင့် တာဝန်ယူမှုတို့သည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်ချိုးဖောက်မှုများကိုတားဆီးရန်အလွန်အရေးပါထိရောက်သောကိရိယာတန်ဆာ ပလာဖြစ်ပါသည်။ အဆိုပါပြစ်မှုများအားစုံစမ်းစစ်ဆေးအဖြေထုတ်ရန်နှင့် အရေးယူရန်အတွက် NLD အစိုးရ အနေဖြင့် နိုင်ငံတကာ မှ ကျွမ်းကျင်သူများပါဝင်သော ထိရောက်လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့သင့် ပါသည်။ အကယ်၍ စုံစမ်းစစ်ဆေးမှုအား NLD အစိုးရအနေဖြင့် မပြုလုပ်နိုင်ပါက၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းကြီးမှ ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်သင့်ပါသည်။

အကျယ်သိလိုပါက http://brouk.org.uk/?p=546 တွင် ဖတ်ရှုနိုင်ပါသည်။



RB News
19.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်အောက်ခံ နယ်မြေ ဖြစ်သည့် ရွာမ ကျေးရွာမှ ဦးမာမတ်ဟူဆောင်း (ဘ) ဦးအလီ ကို ဘူးသီးတောင် မြို့နယ် အနောက်ရပ်ကွက်မှ မရှော်မ်ရှီဒါဘေဂမ်နှင့် တရားမ၀င် ပေါင်းသင်းနေသည်ဟု ဆိုကာ ဧပြီလ (၈) ရက်နေ့က ဘူးသီးတောင် မြို့မ ရဲစခန်းမှ အနောက်ရပ်ကွက် တာဝန်ခံ ဒုတပ်ကြပ်ကြီး စံထွန်းသိန်းက လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက် ရာအိမ်မှူး ဦးအာရောဖာယာ၏ နေအိမ်သို့ ခေါ်ဆောင် သွားကာ ထိုမှတဆင့် မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ယင်းနေ့ ညနေ (၅) နာရီအချိန်တွင် ငွေကျပ် ၅ သိန်း ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အမှန်တကယ် တရားမ၀င် ပေါင်းသင်း နေသူမှာ ဒုတပ်ကြပ်ကြီး စံထွန်းသိန်း ဖြစ်ပြီး၊ ၎င်းသည် အနောက်ရပ်ကွက် တာဝန်ခံ ဖြစ်သည်ကို အခွင့်ကောင်းယူ၍ မရှော်မ်ရှီဒါဘေဂမ်၏ နေအိမ်သို့ နေရောညပါ ၀င်ရောက်၍ အတင်းအဓမ္မ ပေါင်းသင်းနေသည်ကို ရပ်ကွက်သူ/သား များက သိရှိသော်လည်း မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရမည်ကို စိုးရိမ်၍ မပြောဝံ့ ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
19.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များနှင့် အတူ ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးရှာအာလောမ်တို့ ပူးပေါင်း၍ ဒုချီးရားတန်း အနောက်ရွာသို့ ဧပြီလ (၁၃) ရက်နေ့ ည (၈) နာရီ အချိန်တွင် သွားရောက်ပြီး ရွာသား အချို့ကို ခြိမ်းခြောက် အကျပ်ကိုင်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မာမတ်ရော်ဖိခ် (ဘ) ဦးဆွေတာလောမ် (အသက် ၂၅ နှစ်) နှင့် ဦးအေဆာန် (ဘ) ဦးအီလီယာစ် (အသက် ၃၅ နှစ်) တို့ကို ကျေးရွာ တာဝန်ခံက ကျေးရွာ တာဝန်ခံရုံးသို့ ဆင့်ခေါ်သည်ကို လာရောက်ခြင်း မရှိသည့် အပေါ် တာဝန်ခံ ဦးရှာအာလောမ်အား မထီမဲ့မြင် ပြုလုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ညဘက်၌ ရွာအတွင်း ကင်းစောင့်နေသည့် လူငယ် လေးဦးကို ကင်းစောင့်ရန် အချိန် နောက်ကျသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။

အောက်ဖော်ပြပါ လူငယ် (၄) ဦးထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေညှစ်ခံရသည့် လူငယ် ၄ ဦးမှာ --

(၁) နော်ဇိမ်း (ဘ) ဦးတူဖိုက်လ် (အသက် ၂၁ နှစ်)
(၂) အလီဟူစိန်း (ဘ) ဦးကာလာမျာ (အသက် ၂၅ နှစ်)
(၃) ရော်ရှိတ်အာမတ် (ဘ) ဦးဒေါလ္လာ (အသက် ၂၀ နှစ်) နှင့် အခြား တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ လူငယ် ၄ ဦးသည် ထင်းခုတ် / ထင်းရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲချို့တဲ့သူများ ဖြစ်ပြီး မတရားသဖြင့် ငွေညှစ်ခဲ့ရခြင်းသည် နယ်ခြားစောင့်ရဲ များနှင့် တာဝန်ခံ ဦးရှာအာလောမ်တို့ အပေါ် အလွန် နာကျင်စရာ ဖြစ်နေကြောင်း ရွာသား တစ်ဦးက ပြောပါသည်။



RB News
19.4.2016


ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် ဆင်တက်မော် ရိုဟင်ဂျာရွာမှ ရိုဟင်ဂျာ ခရီးသည် အမျိုးသား၊ အမျိုးသမီး၊ လူငယ် အပါအ၀င် ၆၅ ဦးသည် စစ်တွေမြို့သို့ ဈေးဝယ်ရန် စက်လှေတစ်စီးဖြင့် ပင်လယ် ဖြတ်ကျော်ပြီး လာနေစဉ် ယနေ့ ဧပြီလ (၁၉) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် စစ်တွေမြို့ သဲချောင်း ကမ်းခြေ အ၀င်ဝတွင် လှိုင်းလုံးကြီးများဖြင့် တိုက်မိပြီး ပင်လယ်ထဲ နစ်မြှပ်သွားခဲ့သည်။

ယနေ့ နေ့လည် ၂ နာရီထိ နောက်ဆုံး သတင်းအရ ခရီးသည် ၁၅ ဦး သေဆုံးပြီး၊ ၁၀ ဦးခန့် သတိလစ်နေကြောင်း၊ အသက်ရှင်လျက် ၂၀ ဦးခန့် ရှိနေကြာင်း၊ ကျန်သည့် ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း စစ်တွေမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သေဆုံးသွားသူများမှာ --

(၁) ဒေါ်နော်ဆီမာ (အသက် ၅၄ နှစ်)
(၂) မရိုမေနာ (ဘ) ဦးနုရ်အာလောမ် (အသက် ၁၆ နှစ်)
(၃) မနီလာ (ဘ) ဦးမောင်ဖြူ (အသက် ၂၁ နှစ်)
(၄) ဒေါ်ညီမဖြူ
(၅) ဦးမောင်ကြီး (ဘ) ဦးကုရ်ဘာန်အလီ (အသက် ၄၂ နှစ်)
(၆) ဟဆောန်ရှော်ရိဖ် (ဘ) ဦးပေရောန်မျာ (အသက် ၂ နှစ်)
(၇) မိုဟာမတ်ရှော်ရိဖ် (ဘ) ဦးပေရောန်မျာ (အသက် ၄ နှစ်)
(၈) မဆီဂျီဒါ (ဘ) ဦးနူရာ (အသက် ၆ နှစ်)
(၉) ဟူဆောင်းရှောရိဖ် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၃ နှစ်)
(၁၀) မမေန္နီဆား (ဘ) ဦးနော်ဘီ (အသက် ၂၀ နှစ်)
(၁၁) ဆုရောတ်ဇာမာလ် (ဘ) ဦးဘော်ဒူ (အသက် ၁၈ နှစ်)
(၁၂) အာဂျီဒါခါတူ (ဘ) ဦးရော်ဟီးမုဒ္ဒိန် (အသက် ၆ နှစ်)
(၁၃) ဦးဆောလေမာခါတူ (အသက် ၆၅ နှစ်)
(၁၄) ဦဖေရာနီ (ဘ) ခေါ်လိလ်အဟ်မတ် (အသက် ၆၀ နှစ်) နှင့် အမည်မသိ တစ်ဦးတို့ ဖြစ်သည်။

ဆင်တက်မော်ရွာသည် စစ်တွေမြို့ အရှေ့ပိုင်း ၉ မိုင် အကွာတွင် တည်ရှိပြီး၊ ယင်းရွာမှ ရိုဟင်ဂျာများနှင့် ပေါက်တောမြို့နယ် တစ်ခုလုံးရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် အရေးအခင်း မတိုင်မှီ စစ်တွေ မြို့မဈေး ဆိပ်ကမ်းသို့ စက်လှေများဖြင့် လာရောက်၍ ဈေးဝယ်လေ့ ရှိသည်။ ပင်လယ်ဖြတ်၍ စက်လှေဖြင့် လာသည့် လမ်းကြောင်းသည် ပေါက်တော မြို့နယ်မှ ဒေသခံများ အတွက် အလွယ်ကူဆုံး လမ်းကြောင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် ယင်းလမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်များအား သွားလာရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံ လူ့အခွင့်အရေး များကို ပိတ်ဆို့ ထားသောကြောင့် ရိုဟင်ဂျာ မွတ်စလင်မျာသည် အသက်ရှင်ရန် အတွက် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရပြီး၊ လှိုင်းထသော ပင်လယ်ကို ဖြတ်ကျော်၍ စစ်တွေ သဲချောင်းနှင့် အုန်းတော ဆိပ်ကမ်းများမှ တဆင့် စစ်တွေသို့ လာနေရခြင်း ဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arakani မှ ပေးပို့သည်။




















Rohingya Eye
RB News
18.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးမာမတ်နူရ် (ဘ) ဦးအဒူဂေါ်ဖော်ရ် (အမှတ် (၁) ရပ်ကွက်မှ ဆရာကာလာဖူတူး (ခ) ဆရာ ဦးအာမတ်ဟူစိန်း၏ ညီ) သည် ယခင်က ရ.၀.တ ဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ယခုအခါ မည်သည့် တာဝန်မှ မရှိသော်လည်း ကျေးရွာ တာဝန်ခံ၏ အရှိန်အ၀ါဖြင့် ကျေးရွာ အတွင်းရှိ မရှိဆင်းရဲသား များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ (၂၅) ရက်နေ့တွင် အလယ်ရွာမှ မအာရီးဇာ (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၅ နှစ်) ကို တရားမ၀င် ပေါင်းသင်း နေထိုင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။ မအာရီးဇာသည် မကြာသေးမီက အကျဉ်းထောင်မှ လွတ်မြောက် လာသူဖြစ်ပြီး၊ မုဆိုးမ တစ်ဦးလည်း ဖြစ်သောကြောင့် ၎င်းတွင် ငွေမရှိဟု ပြောသောအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ဒေါ်လေးကုနီး (ဘ) ဦးအာဘူတာလဲခ် (အသက် ၄၅ နှစ်) ကိုလည်း တရားမ၀င် ပေါင်းသင်းနေသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။ မာမတ်ဆော်လိမ် (ဘ) ဦးအ၀ါလီ (အသက် ၁၆ နှစ်) ကိုလည်း တရားမ၀င် ပေါင်းသင်း နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။

ဦးအီဆာခ် (ဘ) ဦးအဘူဆူဖီယံ (အသက် ၃၅ နှစ်) ကို လူမှောင်ခို ပွဲစား လုပ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၂ သောင်း ညှစ်ယူခဲ့သည်။ ဦးဆွေဒူလ်ဘော်ရှော်ရ် (ဘ) ဦးနူရ်မာမတ် (အသက် ၃၂ နှစ်) ကို ဇနီးနှင့် ကွာရှင်းထားသည်ဟု ပြောဆို၍ အကြောင်းမဲ့ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ဦးနော်ဇီရ်အာမတ် (ဘ) ဦးဖွေယာစ်အာမတ် (အသက် ၆၀ နှစ်) ကို ကြက်ခိုးသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း၊ ဦးနော်ဇီရ်အာမတ် (ဘ) ဦးဘူလီယား (အသက် ၄၀ နှစ်) ထံမှ အကြောင်းမဲ့ ငွေကျပ် ၅ သောင်း၊ ဦးမာမတ် (ဘ) ဦးဘော်ဒူရောန် (အသက် ၃၅ နှစ်) အား အိမ်ဝယ်သည်ဟု ပြောဆို၍ ငွေကျပ် တစ်သိန်း အသီးသီး ညှစ်ယူခဲ့သည်။

ထို့အပြင် အောက်ပါ ရွာသားများအား အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။

(၁) ဦးနူရ်ဟူဆောင်း (ဘ) ဦးကာလူ (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၂) ဦးဂျူဟာရ်ဟူဆောင်း (ဘ) ဦးဘော်ဆီရ်အာမတ် -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၃) ဦးဟူဆောင်းအာမတ် (ဘ) ဦးနူရ်အာမတ် (အသက် ၄၅ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၄) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဆုလ်တာန် (အသက် ၃၈ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၅) ဦးကာဒိရ်ဟူဆောင်း (ဘ) ဦးဟာဘီရောန် (အသက် ၄၅ နှစ်) -- ညှစ်ခံရငွေကျပ် ၇ သောင်း
(၆) မော်လ၀ီဆုလ်တာန် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၃၂ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သောင်း
(၇) ဦးအုစ်မာန် (ဘ) ဦးအစ္စလာမ် (အသက် ၂၇ နှစ်) -- ညှစ်ခံရငွေကျပ် ၄ သောင်း
(၈) ဦးနော်ဘီဟူဆောင်း (ဘ) ဦးဟာဘီရောန် (အသက် ၄၅ နှစ်) -- ညှစ်ခံရငွေကျပ် ၄ သောင်း
(၉) ဦးဖွေဂျာလောမ် (ဘ) ဦးအဒူရောန် (အသက် ၂၆ နှစ်) -- ညှစ်ခံရငွေကျပ် ၃၅၀၀၀/-
(၁၀) ဒေါ်ကူရှီဒါ (ဘ) ဦးအဘူဆီဒိတ်ခ် (အသက် ၃၅ နှစ်) -- ညှစ်ခံရငွေကျပ် ၆ သောင်း
(၁၁) ဦးမာမတ်အာယာစ် (ဘ) ဦးမာမတ်အလီ (အသက် ၂၅ နှစ်) -- ညှစ်ခံရငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။



MYARF
RB News
18.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက် (ယခင် အမှတ် ၂ ရပ်ကွက်) တာဝန်ခံ ဦးအီဆုပ်သည် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် အတွက်ဟုဆိုကာ ရပ်ကွက် အတွင်းရှိ လုပ်ငန်းရှင်များ၊ ဈေးဆိုင် ပိုင်ရှင်များထံမှ ငွေကျပ် စုစုပေါင်း ငွေကျပ် သိန်း ၁၅၀ အတင်း အဓမ္မ ကောက်ခံခဲ့ကြောင်း၊ ငွေပေးရန် ငြင်းဆန်သူ များကို ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် သွေးထိုး လှုံ့ဆော်မှု၊ နေအိမ် မီးရှို့မှု စာရင်းတွင် ပါသွားအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ရပ်ကွက်တွင် အသစ် ဆောက်လုပ်နေသည့် အုပ်ချုပ်ရေးမှူး (တာဝန်ခံ) ရုံးအတွက် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဘတ်ဂျက်ငွေ သိန်း (၆၀) ချထားပေးသည်ဟုလည်း သိရသည်။

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးကာမာလ် (အသက် ၄၀ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သိန်း
(၂) ဦးအဒူမူနာဖ် (အသက် ၃၇ နှစ်) -- ညှစ်ခံရငွေကျပ် ၂ သိန်း
(၃) ဦးဘော်ဒူလူအစ္စလာမ် (အသက် ၅၆ နှစ်) -- ညှစ်ခံရငွေကျပ် ၅ သောင်း
(၄) ဦးမူဇီဘုလ်ဟာဆောန် (အသက် ၄၆ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၅) ဦးအလီဇူဟာရ် (အသက် ၄၀ နှစ်) -- ညှစ်ခံရငွေကျပ် ၅ သောင်း
(၆) ဆရာရော်ရှိတ် (အသက် ၃၈ နှစ်) 
(၇) ဦးဆော်ယောတ်အာလောမ် (အသက် ၄၇ နှစ်)
(၈) ဦးအာမာန်အူလ္လာ (ရှေ့နေ) (အသက် ၇၅ နှစ်) 
(၉) ဦးကော်ဘိရ်အာမောတ် (အသက် ၇၀ နှစ်) -- တို့ဖြစ်သည်။ 

မြို့မတောင် ရပ်ကွက် တာဝန်ခံ ဦးအီဆုပ်သည် ရွာသားများကို အာဏာရှင် ဆန်ဆန် သခင်ကဲ့သို့ ဆက်ဆံခြင်း၊ ညအချိန်တွင် ရပ်ကွက်ထဲ ပတ်၍ ရွာသူရွာသား များကို နည်းမျိုးစုံဖြင့် အနှောက်အယှက် ပေးနေသူ တစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
18.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ပေါက်တော ကျေးရွာအုပ်စုတွင် မဲအနည်းဆုံး ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ထံမှ မြို့နယ် အုပ်ချုပ်ရေးမှူးက လာဘ်ငွေ ငွေကျပ် သိန်း (၂၀) ယူ၍ ခန့်စာ ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ပေါက်တော ကျေးရွာအုပ်စုတွင် ကျေးရွာ တာဝန်ခံ ရွေးကောက်ပွဲ ကျင်းပရာ၌ ကိုယ်စားလှယ်လောင်း (၇) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဦးရှော်ဖီအာလောမ် (ဘ) ဦးအဲဇာရ်မျာ (အသက် ၄၃ နှစ်) သည် ထောက်ခံမဲ (၇၈) မဲဖြင့် အနိုင် ရရှိခဲ့သည်။ သို့သော် မဲအများဆုံး ရရှိသူ ဦးရှော်ဖီအာလောမ်သည် မြို့နယ် အုပ်ချုပ်ရေးမှူးကို လာဘ်ငွေ မပေးနိုင်သဖြင့် ၎င်းကို ခန့်စာ ထုတ်မပေးဘဲ မဲအနည်းဆုံး ရရှိသူ ဦးအဒူရော်ဟိမ်း (ဘ) ဦးမိရ်အာမောတ် ထံမှ ငွေကျပ် သိန်း (၂၀) ယူ၍ မတရားသဖြင့် ခန့်စာ ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း များမှာ --

(၁) ဦးရုဟိုလ်အာမီးန် (ဘ) ဦးကာလာမျာ (အသက် ၃၈ နှစ်) -- ရရှိသည့်မဲ ၃၈ မဲ
(၂) ဦးအဒူရော်ဟိမ်း (ဘ) ဦးမိရ်အာမောတ် (အသက် ၅၀ နှစ်) -- ရရှိသည့်မဲ ၃၅ မဲ
(၃) ဦးအီလီယာစ် (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်) -- ရရှိသည့်မဲ ၄၃ မဲ
(၄) ဦးဂျမာလ်ဟူစိန်း (ဘ) ဦးဖောကိရ်အာမောတ် (အသက် ၃၈ နှစ်) -- ရရှိသည့်မဲ ၅၂ မဲ
(၅) ဦးဖာရုခ် (ဘ) ဦးခေါ်ဘိရ်အာမောတ် (အသက် ၂၈ နှစ်) -- ရရှိသည့်မဲ ၅၈ မဲ
(၆) ဦးရှော်ဖီအာလောမ် (ဘ) ဦးအဲဇာရ်မျာ (အသက် ၄၃ နှစ်) -- ရရှိသည့်မဲ ၇၈ မဲ
(၇) ဦးအာယုပ် (ဘ) ဦးကာလာမျာ (အသက် ၄၈ နှစ်) -- ရရှိသည့်မဲ ၆၄ မဲ -- တို့ဖြစ်သည်။

ဦးအဒူရော်ဟိမ်းသည် ယင်းကျေးရွာတွင် လက်ရှိ ရာအိမ်မှူး တစ်ဦး ဖြစ်ပြီး ရွာသူ/သား များ ကောင်းစားရေးကို ဥပက္ခာပြုသည် သာမက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းနှင့် ပူးပေါင်း၍ ရွာသားများကို နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ မတရား အနိုင်ကျင့်ခြင်းများ ပြုလုပ်သောကြောင့် လူအများစု၏ ထောက်ခံမှု မရခဲ့ခြင်း ဖြစ်သည်။



RB News
17.4.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်ဒိုင်း ကျေးရွာအုပ်စု၊ နိုယာဖာရာတွင် အုန်းတောကြီး အခြေစိုက် လုံထိန်း တပ်ရင်း (၃၆) မှ တပ်ရင်းမှူး၏ ကိုယ်ပိုင် စီးပွားရေး အုတ်ဖုတ် လုပ်ငန်း ရှိသည်။ အဆိုပါ အုတ်ဖုတ် လုပ်ငန်းတွင် ရိုဟင်ဂျာများက အလုပ်သမားများ အဖြစ် လုပ်ကိုင်လျက် ရှိကြသည်။

ဧပြီလ (၁၅) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် တပ်ရင်းမှူးသည် ဆေးသမားကြီး ကျေးရွာသို့ ရောက်ရှိလာပြီး၊ ဦးအလီအဟမတ် (ဘ) ဦးမိုဟာမတ်ရှဖီ (အသက် ၄၀ နှစ်) ကို အုတ် ၈၀၀ ချပ် ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး အုန်းတောကြီးရှိ လုံထိန်း တပ်ရင်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ယနေ့ ဧပြီလ (၁၇) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ဦးအလီအဟမတ်၏ ဆွေမျိုးများ လုံထိန်း တပ်ရင်းသို့ လိုက်သွားပြီး၊ တပ်ရင်းမှူးအား အပြစ်မဲ့သူကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ၊ တပ်ရင်းမှူးက ငွေကျပ် သိန်း ၂၀ ပေးမှသာ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ ဦးအလီအဟမတ်၏ ဆွေမျိုးများက အကယ်၍ အုတ် ၈၀၀ ချပ် ခိုးယူခဲ့သည်မှာ မှန်ကန်လျှင်ပင် တန်ဖိုးအားဖြင့် ငွေကျပ် တစ်သိန်းသာ ရှိကြောင်း၊ မိမိတို့ အနေဖြင့် ငွေကျပ် သိန်း ၂၀ မတတ်နိုင်ကြောင်း၊ မိမိတို့ အနေဖြင့် ငွေကျပ် ၇ သိန်းသာ ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုရာ၊ တပ်ရင်းမှူးက ငွေကျပ် ၇ သိန်းဖြင့် ပြန်လည် လွှတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

ဦးအလီအဟမတ်၏ ဆွေမျိုးများက ညှိနှိုင်းမရသည့် အဆုံး ငွေကျပ် ၇ သိန်းဖြင့် မလွှတ်ပေးပါက ထောင်ချနိုင်ကြောင်း ပြောဆိုရာ တပ်ရင်းမှူးက --“မင်းတို့က ငါ့ကို ယဉ်ယဉ်ကျေးကျေး မပြောဘူး။ အဲဒီတော့ ငါဘာလုပ်လို့ရလဲ ပြမယ်” ဟုဆိုကာ ဦးအလီအဟမတ်ကို သေနတ်ဖြင့် ပစ်ခတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အသတ်ခံရသည့် ဦးအလီအဟမတ်၏ ရုပ်အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ခွဲစိတ် စစ်ဆေးရန် သယ်ဆောင် သွားကြောင်း သိရှိရသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arakani က ပေးပို့သည်။

Rohingya Exodus