နောက်ဆုံးသတင်း/ဆောင်းပါးများ


RB News
24.11.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်အရဟု ဆိုကာ ယမန်နေ့ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျေးရွာအတွင်းမှ အတင်းအဓမ္မ နှင်ထုတ်ခဲ့ပြီးနောက် ယင်းနေ့ ညပိုင်းမှစ၍ ၎င်းတို့အား အိမ်ပြန်ခိုင်းသည်ဟု သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သည်မှာ လုံးဝ မှန်ကန်မှု မရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူးသစ် ရဲမှူးချုပ်သူရစန်းလွင်က ကျီးကန်းပြင်ကျေးရွာအုပ်စုမှ ဘာသာရေးဆရာ နှစ်ဦးကို ဆင့်ခေါ်ပြီး ကျီးကန်းပြင် အလယ်ရွာရှိ ဒေသခံရိုဟင်ဂျာများကို နေအိမ်များမှ ၂၄ နာရီအတွင်း ထွက်သွားရန် အမိန့်ပေးခဲ့သဖြင့် ဒေသခံ ရိုဟင်ဂျာ မိသားစု ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယင်းနေ့ညပိုင်းမှစ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများကို နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ပြီးဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ RB News မှ ကျီးကန်းပြင် ဒေသခံများထံမှ စုံစမ်း၍ အတည်ပြုခဲ့ရာ --

ဒေသခံတစ်ဦးက “ပြန်သွားခိုင်းတာတော့ လုံးဝ မဟုတ်ဘူး။ အမိန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထုတ်ခဲ့တာ၊ အဲဒါကို စစ်တပ်ကို အကြောင်းမကြားထားဘူးလို့ ယူဆတယ်။ လူတွေက အချိန်တိုအတွင်းမှာ ဝေးလံတဲ့ နေရာကို သွားလို့ မရတော့ ရွာနဲ့ နီးနီးစပ်စပ်မှာဘဲ ဖြစ်သလို နေနေကြတယ်။ ဒီမနက် ၁၀ နာရီလောက်မှာ ကင်းလှည့်နေတဲ့ စစ်သားအချို့က ရွာအပြင်ပိုင်းမှာ ဖြစ်သလို နေနေတဲ့ နော်ဒီမ်ဖာရာက မိသားစုအချို့ဆီ ရောက်လာတယ်။ အဲဒီမိသားစုတွေကို အိမ်ပြန်ခိုင်းတယ်။ မိသားစုတွေက ကြောက်ပြီး သူတို့ သော့တွေ ပျောက်နေတယ်၊ အိမ်ပြန်လို့မရဘူးလို့ ပြောတော့ စစ်သားတွေက အိမ်တစ်အိမ်ရဲ့ သော့ကို ဖျက်ပေးတယ်။ ပြီးတော့ အိမ်ထဲဝင်ရှာတယ်။ အဲဒီ အိမ်ထဲမှာ ရှိတဲ့ ငွေသား ၆ သိန်းကို ယူပြီး၊ အဲဒီမိသားစုတွေကို အတင်းပြန်ဝင်ခိုင်းတယ်။ အဲဒီအချိန်မှာ အမျိုးသားတွေမရှိဘူး။ အမျိုးသမီးတွေချည်းဘဲ။ အမျိုးသမီးတွေ အိမ်ထဲဝင်ပြီး သိပ်မကြာဘူး၊ အမျိုးသားတွေက အခြေအနေ ကောင်းသွားပြီ ထင်ပြီး ပြန်ဝင်လာကြတယ်။ မိသားစု အနည်းငယ်ပါ။ အမျိုးသားတွေ ရောက်လာပြီး တစ်နာရီလောက်အကြာ နေ့လည် ၁၂ နာရီလောက်ပေါ့။ အဲဒီအချိန်မှာ နယ်ခြားစောင့်ရဲတွေ ရောက်လာပြီး အဲဒီမိသားစု အားလုံးကို ဖမ်းသွားတယ်။ အားလုံး ၃၅ ယောက်ပါ။ ဌာနချုပ်ကို ခေါ်သွားတယ်။ အတော်လေး ညှဉ်းပန်းနှိပ်စက်ပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။

နော်ဒီမ်ဖာရာ သည် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အလယ်ရွာအတွင်းရှိ ရွာငယ်တစ်ခု ဖြစ်သည်။

“အပြင်မှာ ထွက်နေတဲ့ ကွပ်ကဲရေးမှူး ကိုယ်တိုင် ပြန်ခိုင်းတယ်ဆိုတဲ့ သတင်းက လုံးဝ မဟုတ်ပါဘူး” ၎င်းက အတည်ပြု ပြောကြားသည်။

ထို့အပြင် အတင်းအဓမ္မ အိမ်ပြန်ရသည့် မိသားစုများ၏ ဆန်အိတ် ၁၄ အိတ်ကိုလည်း စစ်သားများ ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

”မနေ့က အိမ်တွေကနေ ချက်ချင်း ထွက်ပေးရတော့ လူတွေက အစားအသောက်ကို အဓိက သယ်ကြတယ်။ ဒီနေ့ စစ်သားတွေ အတင်းပြန်ခိုင်းတဲ့ မိသားစုတွေမှာ ဆန် ၁၄ အိတ်ရှိတယ်။ အဲဒါကို ရွာအပြင်မှာ သူတို့နေတဲ့ နေရာနားမှာဘဲ ထားကြတာ။ အဲဒီကို စစ်သားတွေက သယ်သွားခိုင်းတော့ အမျိုးသမီးတွေချည်း မသယ်နိုင်ကြဘူး။ အမျိုးသမီးတွေက နောက်မှ အမျိုးသားတွေ လာရင် သယ်ခိုင်းမယ်လို့ စစ်သားတွေကို ပြောတော့ စစ်သားတွေက ဆန်အိတ်တွေကို ဖောက်ပြီး အနားမှာ ရှိတဲ့ မြောင်းထဲ ထည့်လိုက်တယ်။ အဲဒီတော့ ဆန် ၁၄ အိတ်စလုံး ပျက်စီးသွားတယ်”

အောက်တိုဘာလ (၂၃) ရက်နေ့တွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် အပါအ၀င် တပ်မမှူး၊ ဗျူဟာမှူးများနှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ရဲမှူးချုပ်သူရစန်းလွင် က ၀ပိတ်နှင့် ကျီးကန်းပြင် အလယ်ရွာတို့ကို အပြတ်ရှင်းမည်ဟု ပြောကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။






ရို-ဘဝ ပြက္ခဒိန်

ရေးသားသူ - ရိုဟင်းစိုးမိုးဝင်း
RB ကဗျာ
23.10.2016

( ၁ )

ဘဝ့ 
ရိုဟင်ဂျာ့ဘဝတဲ့ 
နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်မှာ
နှိပ်စက်မှုဒဏ်အလီလီကို ရင်ဝယ်ပိုက်လာခဲ့ရ
ချိုးဖြူ ငှက်ရဲ့ ကူသံသာကို
နားစွင့်ဖို့ တမျှော်မျှော်နဲ့။

( ၂ )

ကြံကြံဖန်ဖန် ဖန်တီးထားတဲ့ သံဆူးစက်ကွင်းထဲ
ရံဖန်ရံခါ ဝေ့လည်ကာဖြင့်
တစ်ဘဝစာ သွေးနဲ့ချွေးနဲ့ ရင်းခဲ့တဲ့
ဘဝစိုက်ခင်းကြီးဟာ
အမြစ်ပြုတ်မတတ် နင်းချေခံရပြီ ။

( ၃ )

အိပ်ရေးမဝတဲ့ စက္ခု အလွှာထဲ
ခွေးသေဝက်သေ သေကြရတဲ့
ငါ့လူမျိုးရဲ့ အနိဋ္ဌာရုံမြင်ကွင်းကြီးဟာ
ဟောလီးဝုဒ် ဇတ်ကားကောင်းတစ်ကားလို
ကြည့်ရှုရ ရသမြှောက်ရဲ့လားလို့
ရင်နာကြေကွဲစွာ စစ်တမ်းကောက်ချင်မိပါရဲ့ ။

( ၄ )

ငှက်ကလေးတွေတောင်
နေဝင်ချိန်ဆို အိပ်တန်းတက်ဝံ့ပြီ
လိမ္မော်ရောင်ဖြာကျတဲ့ ဆည်းဆာမှာ
ငါ့လူမျိုးတွေဟာ့ 
သားပိုက်ကောင်တစ်ကောင်လို
ရင်သွေးလေးတွေကို ရင်ဝယ်ပိုက်ကာဖြင့်
အသက်လု စွန့်ပြေးကြရတဲ့ ခေတ်ရေစီးက
ပသာဒဂုဏ်မြှောက်ပါရဲ့ဟင်! ။

( ၅ )

မင်ရည်ကျဲသွားရမယ့် ဒိုင်ယာရီမှာ
ရင့်နေတဲ့အနာတွေက တသွင်သွင်စီးလာနေကျ
သွေးစွန်းတွေနဲ့ ခြစ်ရာထင်ခဲ့ပြီ ။

( ၆ )

ကိုးရီးယားဇာတ်လမ်းတွဲလို ရသမမြှောက်တဲ့
ရင်နင့်ဖွယ် ရို_ဇာတ်လမ်းတွေ
မျှဝေချင်တာက တပုံကြီးရှိငြားလဲ
ထိမိအောင် ချပြဖို့
စကားလုံးက ရှာရခက်သေးရဲ့ ။

( ၇ )

စာနာစိတ်ညွှန်းကိန်း မေတ္တာဓာတ်ထိန်း ၊
လူသားစိတ်တည် အမုန်းဓာတ်ပြယ်တဲ့
ပြက္ခဒိန်တစ်ခုကို
သေငယ်ဇောမျောနေစဉ်ခဏဝယ်
တွေ့မြင်ရပါစေသာ့း့  ။

MYARF
RB News
23.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ စစ်သားများ ၀င်ရောက်ပြီး ဒေသခံရိုဟင်ဂျာများ၏ ပစ္စည်းများ လုယက်ခဲ့သည့်အပြင် အသက် (၁၈) နှစ် အရွယ် မိန်းကလေး နှစ်ဦးကို မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင် ကျောင်းတွင် စခန်းချနေထိုင်သည့် စစ်သားများသည် လောင်းဒုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်၊ စေတီပြင်နှင့် ဆင်သေပြင်ရွာများမှ ရာအိမ်မှူးများကို ဆင့်ခေါ်၍ ရွာအတွင်း အကြမ်းဖက်မှု သင်တန်းတက်ရောက်ခဲ့သော အစွန်းရော်ကများကို ရာအိမ်မှူးများက ဖမ်းဆီးပေးရမည်ဟု ပြောခဲ့သည်။ ရာအိမ်မှူးများက ၎င်းတို့၏ ရွာများတွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ မရှိကြောင်း ပြန်လည် ရှင်းပြသော်လည်း စစ်သားများက ရာအိမ်မှူးများက ဖမ်းဆီးမပေးလျှင် တစ်ရွာလုံးကို စစ်ဆင်ရေး ပြုလုပ်ကာ တွေ့သမျှလူကို ဖမ်းဆီးမည်ဖြစ်ကြောင်း၊ အိမ်များကိုလည်း မီးရှို့ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

ထိုသို့ ခြိမ်းခြောက်မှုကြောင့် ရွာအတွင်းရှိ အမျိုးသားများ အားလုံး တိမ်းရှောင်သွားခဲ့သည်။ နံနက် ၁၁း၃၀ နာရီ အချိန်တွင် စစ်သား (၇) ဦးနှင့် န.တ.လ ရွာမှ လူငယ်အချို့သည် စေတီပြင်အောက်ရွာသို့ သွားရောက်၍ အုပ်စုနှစ်စုခွဲကာ ဦးနူရ်အာလောမ်နှင့် ဦးအေဇာရ်ဟူစိန်း တို့၏ နေအိမ်များကို ၀င်ရောက်၍ အိမ်သားများကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် အသက် (၁၈) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို စစ်သားများနှင့် န.တ.လ ရွာသား အုပ်စုနှစ်စုက မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိန်းကျင့်သည့် သတင်းကြောင့် ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများ အားလုံး ရွာမှထွက်၍ အခြားရွာများသို့ သွားရောက် ခိုလှုံနေကြသည်။ 

စစ်သားများနှင့် န.တ.လ ရွာသားများသည် ရွာတွင် လူမရှိတော့သည်ကို အခွင့်ကောင်းယူ၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပစ္စည်းများကို အလုအယက် သယ်ဆောင် သွားပြီး၊ နေအိမ်များ၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီးသွားကြောင်း သိရှိရသည်။ 

စစ်သားများသည် နေအိမ်များ မီးရှို့ခြင်း၊ ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း အပြင် မုဒိန်းကျင့်ခြင်းကိုလည်း လက်နက်တစ်ခု သဖွယ် အသုံးချလျက်ရှိသည်။ 

ယနေ့ လူမဆန်စွာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးငယ်များ၏ အမည်များနှင့် အခြား အချက်အလက်များကို RB News မှ လက်ခံရရှိခဲ့သော်လည်း အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ငှဲ့ကွက်၍ ဖော်ပြမည် မဟုတ်ဘဲ၊ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများထံ ပေးပို့သွားမည် ဖြစ်သည်။ 


RB News
23.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများအားလုံးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်အမိန့်ဟု ဆိုကာ ရွာလုံးကျွတ် နှင်ထုတ်လိုက်ကြောင်း သတင်းရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ မော်လ၀ီတစ်ဦး၊ တောင်ရွာမှ မော်လ၀ီတစ်ဦး တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ကျီးကန်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်ခဲ့သည်။ မော်လ၀ီနှစ်ဦးက ကွပ်ကဲရေးမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ ကွပ်ကဲရေးမှူးက “အလယ်ရွာမှာ ရှိတဲ့လူတွေ အားလုံး (၂၄) နာရီအတွင်း ထွက်သွားရမယ်၊ ငါတို့ အဲဒီရွာကို လိုနေတယ်၊ မင်းတို့ သွားချင်တဲ့နေရာကို သွား၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး” ဟု ပြောဆိုခဲ့သည်။

မော်လ၀ီတစ်ဦးက အတင်းအဓမ္မနှင်ထုတ်ရခြင်း၏ အကြောင်းရင်းကို မေးမြန်းရာ ကွပ်ကဲရေးမှူးက နိုင်ငံတော်စီမံကိန်းဖြစ်၍ နိုင်ငံတော်၏ အမိန့်အတိုင်း လုပ်ခြင်း ဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကွပ်ကဲရေးမှူး၏ အမိန့်ကြောင့် နံနက် (၁၁) နာရီမှစ၍ ရွာသူရွာသားများသည် နီးစပ်ရာ ရွာများသို့ မိမိတို့ သယ်နိုင်သမျှ ပစ္စည်းများ သယ်ဆောင်ပြီး ပြောင်းရွှေ့နေကြသည်။ ကျီးကန်းပြင် အလယ်ရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိမည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ရွာသားအများစုမှာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြသည်။

“၂၄ နာရီအတွင်းမှာ ကျွဲ၊ နွား၊ ဆိတ်၊ ကြက် အပါအ၀င် အိမ်အသုံးအဆောင်၊ အ၀တ်အစား အကုန်ပြောင်းရမှာ ဆိုတော့ တော်တော်လေး ခက်ခဲနေပါတယ်။ စားနပ်ရိက္ခာ လာရာ လမ်းကြောင်း အကုန်ပိတ်ထားတော့ စားဖို့သောက်ဖို့ ပြဿနာ၊ အခု ဘယ်မှာသွားနေရမှန်း မသိဘူး။ ဘိုးဘွားလက်ထက်ကတည်း အိမ်တွေ အကုန်ပါသွားပြီ။” ဟု ဒေသခံလူကြီးတစ်ဦးက ၀မ်းနည်းစွာဖြင့် ပြောသည်။

ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အိမ်ခြံမြေ၊ လယ်မြေများကို ယခုကဲ့သို့ မတရားသဖြင့် သိမ်းပိုက်နေသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ မှစ၍ ယနေ့တိုင် ဖြစ်သည်။




MYARF
RB News
22.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များက ဖရုံချောင်းရွာမှ မျက်နှာဖုံးများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် ဖရုံချောင်းကျေးရွာအုပ်စု အတွင်းသို့ ၀င်ရောက်လာပြီး ဆိုင်တွင် ထိုင်နေသည့် ကျောင်းဆရာ ဦးမောင်မောင်ခ (ဘ) ဦးဇော်ကော်ရီယာ (အသက် ၃၀ နှစ်) တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို ဖုန်းဆက်၍ ဆွေးနွေးရန် ရှိသည်ဟုဆိုကာ ဆင့်ခေါ်၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

စခန်းသို့ ရောက်သည်နှင့် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ (၆) ဦးစလုံးကို ချုပ်နှောင် ထားခဲ့သည်။ ညနေ နေ၀င်ချိန်တွင် ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျောင်းဆရာ ဦးမောင်မောင်ခ ကို တစ်ညလုံး လူမျိုး၊ ဘာသာခွဲခြားသည့် စကားများ ပြောဆိုပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ယနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို စခန်းသို့ ပြန်လာရန် မှာထားသဖြင့် ၎င်းတို့ ၅ ဦးစလုံး စခန်းသို့ ရောက်ရှိသွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် နယ်ခြားစောင့်ရဲများက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ ထို့နောက် ကျောင်းဆရာ ဦးမောင်မောင်ခ ထံမှလည်း ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ငွေညှစ်ခံရသည့် ပမဏကို ကာယကံရှင်များက ပြောဆိုခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။

ငွေညှစ်ခံရသည့် ရွာမျက်နှာဖုံး လူကြီး (၅) ဦးမှာ --

(၁) မော်လ၀ီဦးအဒူဂေါ်နီ
(၂) ဦးအဒူမူနာဖ် (အတွင်းရေးမှူးဟောင်း)
(၃) ဦးမာမတ်အလီ (အဖွဲ့ဝင်ဟောင်း)
(၄) မော်လ၀ီဦးမာမတ်ရှောဖီ
(၅) ဦးအီဆုပ် (ရာအိမ်မှူး) တို့ဖြစ်သည်။




RB News
22.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဆိပ်ကမ်းရှိ ဆိုင်တန်းမှ ဆိုင်များပိတ်၍ ရွာသို့ ပြန်ရန် စက်လှေ စောင့်နေသည့် ကွန်ဒိုင် ရွာသား (၇) ဦးကို စစ်သားများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ဆိပ်ကမ်းရှိ ဆိုင်တန်းများတွင် ဈေးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ကွန်ဒိုင်ကျေးရွာအုပ်စုမှ ရွာသား (၇) ဦးသည် ယနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ ည (၆) နာရီအချိန်တွင် နေရပ်သို့ ပြန်ရန် စက်လှေစောင့်နေစဉ် စစ်သားများက ပုဒ်မ ၁၄၄ ကို ဖောက်ဖျက်၍ လူ (၅) ဦးထက် ပိုစုသည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ည ၈း၃၀ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဟူစိန်း (ဘ) ဟာဂျီဦးဂိုနီမျာ
(၂) ဦးဟာဆန် (ဘ) ဟာဂျီဦးဂိုနီမျာ
(၃) ဦးအာမီရ် (ဘ) ဦးမိုဟာမတ်ဒူလ်ဟောက်
(၄) ဦးဟာဖီးဇ် (ဘ) မော်လ၀ီဦးရီယာဇူလ်ဟောက်
(၅) ဦးဟိုက်ရုလ်အာမီးန် (ဘ) ဟာဂျီဦးဟာဘီဘုလ္လာ
(၆) ဦးအဏ္ဏ၀ါ (ဘ) ဦးအာဘူလ်ကာဆိမ်း
(၇) ဦးအဗ်ဒူလ္လာ -- တို့ဖြစ်သည်။

ယနေ့ နေ့လည်ပိုင်း စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ လ.၀.က များ (၄၅) ဦးခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲသည့် ကွန်ဒိုင်ကျေးရွာ အုပ်စုသို့ ၀င်ရောက်၍ နေအိမ် ၅၀ ခန့်မှ မိသားစုဝင်များကို စစ်ဆေးပြီး၊ မိုဘိုင်းဖုန်းများကိုပါ စစ်ဆေးခဲ့သည်။

“အိမ်ထဲမှာ ရှိတဲ့လူတွေကို အိမ်ပြင်ထုတ်တယ်။ ပြီးတော့ အိမ်ထောင်စု စာရင်းနဲ့ လူဦးရေ စစ်တယ်။ ပြီးတော့ အဓိက လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်ဆေးတယ်။ လူငယ်တွေနဲ့ အမျိုးသားတွေရဲ့ ဒူးတွေမှာ အမာရွတ်ရှိလား ဆိုတာကို သေချာစစ်တယ်။ အဓိက စစ်သင်တန်း တက်ထားခြင်း ရှိ မရှိ စစ်ဆေးတာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာအတွင်း စစ်ဆေးမှုတွင် ဌာနပေါင်းစုံ အတူရှိနေသဖြင့် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း မရှိခဲ့ဟု ဆိုသည်။



RB News
22.10.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ရွာ (၃) ရွာမှ စစ်သားများက ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့ပြီး၊ ရွာလူကြီး (၄) ဦးကို ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၁) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ရေတွင်းပြင်၊ ဇီးပင်ချောင်း၊ လိပ်ရ ကျေးရွာသို့ မြန်မာစစ်တပ် ၀င်ရောက်လာပြီး ရွာများအတွင်းရှိ ရိုဟင်ဂျာနေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။ 

ထို့နောက် ရွာများမှ အုပ်ချုပ်ရေး တာဝန်ခံများကို ဆင့်ခေါ်ပြီး ငွေတောင်းခံခဲ့ရာ အုပ်ချုပ်ရေးတာဝန်ခံများက ရွာသားများထံမှ ငွေကောက်ခံ၍ ငွေကျပ် ၂၅ သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။  စစ်သားများက အကယ်၍ ငွေမပေးပါက နေအိမ်များအတွင်း ၀င်ရောက်၍ ရွှေ၊ ငွေ၊ ရတနာများကို လုယက်၍ ဖမ်းဆီးမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၂) ရက်နေ့တွင် စစ်သားများသည် ဇီးပင်ချောင်း ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ရွာသားများ စိတ်ကျေနပ်မှု ရရှိစေမည့် စကားများ ပြောဆိုခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆော်ယောဒ်နူရ်၊ မြောက်ရွာမှ ရာအိမ်မှူး ဦးဂူရာမျာ၊ တောင်ရွာမှ လုပ်ငန်းရှင် မော်လ၀ီ ဦးကော်မော်ရ်အူဒင်၊ မြောက်ရွာမှ လုပ်ငန်းရှင် ဦးမာမတ်အုလ္လာ တို့ကို ကျေးရွာအတွင်း ပြဿနာ မဖြစ်ပွားအောင် ထိန်းသိမ်းပေးမည်၊ ရွာတွင် RSO အကြမ်းဖက်သမားများ မရှိဟု ဗျူဟာမှူးက ခံဝန်ချက် ယူမည်ဟု ဆိုကာ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။ 

ငါးခူရ ကျေးရွာမှ ရွာမျက်နှာဖုံးများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းမှူးက ပူးပေါင်းဆောင်ရွက်ရန် အစည်းအဝေး ခေါ်ပြီး ဖမ်းဆီးကာ အကြမ်းဖက်သမားများဟု ခေါင်းစဉ်တပ်ခဲ့သည့် အပြင် အနည်းဆုံး (၃) ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဒေသခံရွာသားများက ၎င်းတို့၏ လူကြီး (၄) ဦးအတွက် အထူး စိုးရိမ်နေကြသည်။ 


RB News
22.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု ၀ပိတ်ရွာရှိ ရိုဟင်ဂျာများ၏ နေအိမ် (၃) လုံးကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲများက ယနေ့ တစ်ဖန် ထပ်မံ၍ မီးရှို့ခဲ့ကြောင်း သတင်း ရှရှိပါသည်။ 

အောက်တိုဘာလ (၉) ရက်နေ့က စ၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာတွင်းသို့ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ထွက်ပြေး တိမ်းရှောင်နေခဲ့ရသည်။ ၀ပိတ်ရွာတွင်းတွင် အောင်ဇေယျရွာမှ န.တ.လ ရွာသားများ၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ နေထိုင်လျက် ရှိပြီး ယင်းနေ့မှစ၍ ရွာအတွင်းရှိ ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့လျက် ရှိရာ ယနေ့ နေ့လည် ၂း၃၀ နာရီတွင်လည်း နေအိမ် (၃) လုံးကို မီးရှို့လိုက်ကြောင်း နီးစပ်ရာရွာမှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ရွာမှာ ကျွန်တော်တို့ မရှိတော့ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တွေ အပါအ၀င် အိမ်တွေက အခြား အဖိုးတန် ပစ္စည်းတွေကို တဖြေးဖြေးချင်း သယ်သွားလောက်ပါပြီ။ ကျွန်တော်တို့ ပြန်လို့ရတဲ့အခါ ကျွန်တော်တို့ရဲ့ အိမ်တွေ၊ ပစ္စည်းတွေ ဘာမှကျန်တော့မှာ မဟုတ်တော့ဘူး” ဟု ၀ပိတ်မှ အခြားရွာသို့ ရောက်နေသည့် ဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ နံနက်ပိုင်းတွင် လှဖိုးခေါင် ကျေးရွာသို့ စစ်သားများ အင်အား အလုံးအရင်းဖြင့် ၀င်ရောက်လာသဖြင့် ရွာသားများ မတရား ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ယင်းရွာနှင့် ကပ်လျက် ရှိသော သက္ကယ်ပြင် ကျေးရွာသို့ စစ်သားများ ၀င်ရောက်လာပြီး၊ ရွာသားအချို့ကို မူလတန်းကျောင်းသို့ လာရောက် တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သော်လည်း ရွာသားများက ငါးခူရတွင် ရွာမျက်နှာဖုံးများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းမှူးက ဆင့်ခေါ်၍ ဖမ်းဆီးခဲ့သည့် အတွက် စိုးရိမ်ပြီး သွားရောက် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဝပိတ်မှ အိမ်များ မီးလောင်နေသည်ကို အဝေးမှ မြင်ရစဉ်

RB News
22.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နယ်ပိုင်းမှ ရက်ပိုင်းအတွက် အလုပ်လာလုပ်သူ (၆) ဦးသည် မြို့ပေါ်တွင် ခဏတာ နေထိုင်နိုင်ရေးအတွက် မြို့မရဲစခန်းမှ ခွင့်ပြုချက် တောင်းခံခဲ့ရာ ငွေညှစ်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၏ အရှေ့ဘက် ကုလားပန်ဇင်ချောင်း တံတားစီမံကိန်း အတွက် ယခင် ပေ ၁၀၀ ရှိရာလမ်းမကို ပေ ၁၅၀ ထိ တိုးချဲ့လျက်ရှိရာ လမ်းဘေး နှစ်ဖက်ရှိ လူနေအိမ်များ၊ ဆိုင်ခန်းများ ဖြိုဖျက်ပြီး မြေနေရာ ထုတ်ပေးနေရသည်။ အဆောက်အဦများ ဖြိုဖျက်ရန် အတွက် နယ်ပိုင်းမှ အလုပ်သမားများ ငှားရမ်း၍ ဖြိုဖျက်နေရသည်။

ယခုအခါ ည (၇) နာရီမှ နံနက် (၆) နာရီထိ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားသောကြောင့် နယ်ပိုင်းမှ အလုပ်သမားများမှာ ၎င်းတို့၏ နေရပ်သို့ နေချင်းမပြန်နိုင်သဖြင့် အလုပ်လုပ်နေသော ပညာရေးဌာနမှ အငြိမ်စား စာရေးကြီး ဦးလုက်မာန်၏ ခြံဝင်းအတွင်း ယာယီ နေထိုင်ခွင့် ရရှိရေး အတွက် အောက်တိုဘာလ (၂၁) ရက်နေ့က မြို့နယ် မြို့မရဲစခန်းသို့ သွားရောက်၍ ခွင့်ပြုချက် တောင်းခံခဲ့ရာ ရဲစခန်းမှ အလုပ်သမား (၆) ဦးအတွက် ငွေကျပ် ၆ သောင်း ပေးရမည်ဟု တောင်းခံခဲ့သည်။

ရဲစခန်းက ငွေကျပ် ၆ သောင်း တောင်းသည်ကို အလုပ်သမား တစ်ဦးက နားမရှင်းဘဲ ငွေကျပ် ၆ ထောင်ဟု ယူဆကာ ငွေကျပ် ၆ ထောင် ပေးသဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဆိုပါ အလုပ်သမားကို ပါးရိုက်ပြီး ငွေကျပ် ၆ သောင်း ပေးမှ နေထိုင်ခွင့် ပြုမည်ဟု ပြောသဖြင့် ငွေကျပ် ၆ သောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အစိုးရ၏ စီမံကိန်း အတွက် အဆောက်အဦများကို အချိန်မီ ဖြိုပျက်ပေးရမည် ဖြစ်ပြီး၊ အချိန်မီ ဖြိုဖျက် မပေးနိုင်ပါက အရေးယူခံရမည်ကို စိုးရိမ်ရသောကြောင့် ယခုကဲ့သို့ ငွေပေးပြီး အလုပ်သမားများ နေထိုင်ခွင့် ရယူနေရသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။

မောင်တောမြို့၏ အခြေအနေကို အခွင့်ကောင်းယူကာ ဘူးသီးတောင်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များက ယခင်ကထက် ပိုပြီး ငွေညှစ်နေသည်များ ရှိကြောင်း သိရှိရသည်။



RB News
22.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်က ပိတ်ဆို့ခြင်း ခံထားရပြီး၊ ဆေးဝါးကုသမှုများ အရေးပေါ်လိုအပ်လျက် ရှိရာ၊ မောင်တောမြို့သို့ အထူးကု ဆရာဝန်များ အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေသော်လည်း လူမျိုး၊ ဘာသာ ခွဲခြားမှုအရ ဒေသခံရိုဟင်ဂျာများကို အသိပေးခြင်းပင် မရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ကို အောက်တိုဘာလ (၉) ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် အုပ်စုတစ်စုက ၀င်ရောက် တိုက်ခိုက်ပြီးနောက်၊ မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာရွာများကို မီးတင်ရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေ့စဉ်မှီခိုအားထား၍ ၀ယ်ယူစားသောက် နေရသည့် ဈေးဆိုင်များကို လုယက်ခြင်း၊ ပြည်သူများ၏ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက် ရှိသည်။ 

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်ပေါင်း တစ်ထောင်ကျော် မီးတင်ရှို့ခြင်းကြောင့် အနည်းဆုံး တစ်သောင်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဘ၀သို့ ရောက်ရှိနေရသည်။ စားနပ်ရိက္ခာ လာရာ လမ်းကြောင်းများကို ပိတ်ဆို့ထားပြီး၊ ကျန်းမာရေး ၀န်ဆောင်မှုလည်း လုံးဝ မရှိတော့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့အပြင် မောင်တောမြို့နယ်တွင်းရှိ နိုင်ငံတကာမှ အန်ဂျီအိုများကိုလည်း သွားလာခွင့် လုံးဝ ကန့်သတ်ထားပြီး၊ နိုင်ငံတကာမှ စားနပ်ရိက္ခာ အထောက်အပံ့များကိုလည်း ပိတ်ဆို့ထားသည်။ 

အောက်တိုဘာလ (၂၁) ရက်နေ့တွင် မောင်တောမြို့သို့ အထူးကု ဆရာဝန်များ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မြို့မစည်ပင်သာယာဈေး အနောက်ဘက်ရှိ ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ဗုဒ္ဓဘာသာဝင်များကိုသာ သီးခြား ကြေညာပြီး အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ အဖွဲ့က ယခုကဲ့သို့ သီးခြား ဆေးကုသ ပေးနေခြင်းမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။ 

“အခုရောက်လာတဲ့ အထူးကု ဆရာဝန်တွေရဲ့ စေတနာကိုတော့ လေးစားမိပါတယ်။ ဒါပေမယ့် လူမျိုး၊ ဘာသာခွဲခြားပြီး ဆေးကုသပေးနေတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရိုဟင်ဂျာတွေ၊ ရွာတွေမှာ ကလေးမွေးထားတဲ့ အမျိုးသမီးတွေမှာ ဆေးဝါး အကူအညီ အပူတပြင်း လိုနေတယ်။ အစိုးရ အနေနဲ့ လူသားချင်း စာနာထောက်ထားပြီး ၀န်ဆောင်မှု ပေးသင့်ပါတယ်။ အခုရောက်နေတဲ့ ဆရာဝန်အဖွဲ့ကလည်း လူနာဆိုရင် လူနာလို့သာ မြင်ပြီး၊ လူမျိုး ကိုးကွယ်တဲ့ ဘာသာကို မမြင်စေချင်ဘူး။” ဟု မြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။ 

“ပြောရမယ်ဆိုရင် ရိုဟင်ဂျာတွေထဲမှာလည်း စာအလွန်တော်တဲ့ လူတွေရှိပါတယ်။ သူတို့ရဲ့ ဆရာဝန်ဖြစ်ခွင့်ကို အစိုးရက စနစ်တကျ ပိတ်ပင်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခု မကတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ ကိုယ့်လူမျိုး ဆရာဝန် မရှိသလောက် ရှားသွားပြီ။ နည်းနည်းပါးပါး ရှိတာတွေကိုလည်း ခရီးသွားလာခွင့် ကန့်သတ်ထားတော့ သူတို့တွေအနေနဲ့ ဆေးကုသပေးချင်ရင်တောင် လာလို့မရတဲ့ အနေအထားပါ။ အစိုးရက ကျွန်တော်တို့ကို စနစ်တကျနဲ့ လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုရင် မမှားပါဘူး။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 



Ahkter Husin
RB News
22.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) နယ်မြေအပိုင် အောက်ပြူးမ ကျေးရွာနှင့် အထက်ပြူးမ ကျေးရွာများသို့ မြန်မာစစ်တပ် ၀င်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အထိတ်အလန့် ဖြစ်ပြီး ထွက်ပြေးကြသော ရွာသားများထဲမှ တစ်ဦး သေဆုံးခဲ့ပြီး၊ နှစ်ဦး ပျောက်ဆုံးနေကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၀)ရက်နေ့တွင် မြန်မာစစ်တပ်မှ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အောက်ပြူးမ ကျေးရွာနှင့် အထက်ပြူးမ ကျေးရွာများသို့ ၀င်ရောက်၍ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများ အထိတ်တလန့် ဖြစ်ပြီး ထွက်ပြေးခဲ့ကြသည်။ 

“သူတို့ အောက်ပြူးမကို ည (၈) နာရီမှာ ၀င်လာပြီးတာနဲ့ မိုးပေါ်ထောင် သေနတ်ပစ်တယ်။ အချက်တစ်ရာကျော်တယ်။ ရွာသူရွာသားတွေက သေနတ်သံကြားလို့ ကြောက်ပြီး နီးစပ်ရာရွာတွေကို ထွက်ပြေးကြတယ်၊ အဲဒီမှာ ပြူးမချောင်းကို ကူးပြီး ရေတွင်းပြင် ကျေးရွာမှာ သွားခိုလှုံဖို့ ကြိုးစားခဲ့သူတွေလည်း ရှိတယ်” ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထိုသို့ ချောင်းဖြတ်ကူးသူများထဲတွင် မိုဟာမတ်ရော်ဖိတ် (ဘ) ဦးဇော်ကော်ရီ (အသက် ၂၂ နှစ်) လည်း ပါဝင်ခဲ့သည်။ ၎င်းသည် သေနတ်သံကြောင့် အကြောက်လွန်ပြီး ချောင်းကို မဖြတ်ကူးနိုင်ဘဲ သေဆုံး သွားခဲ့ဖြစ်ပြီး အခြားရွာသား နှစ်ဦးလည်း ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသည်။ 

“မိုဟာမတ်ရော်ဖိတ် သေသွားပြီ ဆိုတဲ့ သတင်းကို မိဘတွေက ရတော့ အလောင်းရှာဖို့ အုပ်ချုပ်ရေးမှူး ဆီကနေ ခွင့်ပြုချက်ယူပြီး ချောင်းတစ်လျှောက်ရှာဖို့ ကြိုးစားခဲ့တယ်။ အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေမယ့်လည်း ချောင်းတစ်လျှောက် လုံခြုံရေး တင်းကျပ်ထားလို့ ရွာသားတွေက မရှာရဲကြဘူး၊ ဒီနေ့ ဒီရေတက်ချိန် မနက် ၉  နာရီမှာ အထက်ပြူးမ ကူးတို့နားမှာ အလောင်းတစ်လောင်း ပေါ်နေတယ်လို့ ကြားလို့ အထက်ပြူးမနဲ့ အောက်ပြူးမ ရွာသားတွေက သွားဆယ်ကြတယ်။ အဲဒီအလောင်းက မိုဟာမတ်ရော်ဖိတ်ရဲ့ အလောင်း ဖြစ်နေတာပါ။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အလောင်း၏ အခြေအနေမှာ အလွန်ဆိုးရွားနေသဖြင့် ယနေ့ နေ့လည် ၁၂း၀၅ နာရီတွင် စုပေါင်းဝတ်ပြု၍ မြေမြှပ်သဂြိုဟ်ခဲ့သည်။ ပျောက်ဆုံးနေသူနှစ်ဦးလည်း သေဆုံးသွားခြင်း ဖြစ်နိုင်သည့် အတွက် အလောင်းများကို ဒေသခံရွာသားများက ရှာဖွေနေကြသည်။

အလားတူ အထက်ပြူးမ ကျေးရွာတွင်လည်း မြန်မာစစ်တပ်က သေနတ်များကို မိုးပေါ်ထောင်ပစ်ခဲ့သည်။ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ရင်းကို ပိတ်ဆို့၍ စစ်ဆေးခဲ့သည်။ တောင်ရင်းမှ ပညာတတ် မျက်နှာဖုံး တစ်ဦးဖြစ်သူ အသက် (၇၅) နှစ် အရွယ် ဦးဘော်ဒီအာလောမ်ကို စစ်သားများ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

အမှတ် (၄) နယ်မြေ အပိုင် ရေတွင်းပြင် ကျေးရွာသို့လည်း အောက်တိုဘာလ (၂၁) ရက်နေ့တွင် မြန်မာစစ်တပ်က ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ နေအိမ်များမှ ခြံစည်းရိုးများကို ဖျက်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။ 




ဓါတ်ပုံမှာ သေဆုံးသွားသူ အသက် (၂၂) နှစ်အရွယ် မိုဟာမတ်ရော်ဖိတ်၏ ဓါတ်ပုံဖြစ်ပြီး၊ အလောင်း၏ ဓါတ်ပုံကို လက်ခံရရှိသော်လည်း အများကြည့်ရှုရန် မသင့်တော်သဖြင့် သတင်းနှင့်အတူ မတင်ပေးခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

RB News
21.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ အောက်တိုဘာလ (၁၉) ရက်နေ့က မြန်မာစစ်တပ် ၀င်ရောက် စီးနင်း၍ လုယက်ခဲ့သည့်အပြင် ရွာမှ ရိုဟင်ဂျာအမျိုးသမီး (၁၀) ဦးကို မုဒိန်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ် ၀င်ရောက်စီးနင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခဲ့သည်။ စစ်သားများ၏ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုကို သိကြသည့် ရွာမှ အမျိုးသားများ အားလုံး ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်ခဲ့သည်။ 

သို့သော်လည်း ရွာထဲရှိ အိမ်များတွင် ကျန်ခဲ့သည့် အမျိုးသမီးများ ၀တ်ဆင်ထားသည့် ရွှေ၊ ရတနာများကို စစ်သားများ ကိုယ်တိုင် ချွတ်ယူ၍ လုယက်ခဲ့သည်။ ထို့အပြင် စစ်သားများက အိမ်အသုံးအဆောင် ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်။ 

စစ်သားများက ဦးရှဥ့်ကျ ကျေးရွာအုပ်စု၊ အနောက်ကွင်းရွာကို စစ်ဆေးစဉ် အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခဲ့ကြောင်း ရွာသားများက RB News သို့ပြောသည်။ 

“ရွာထဲမှာ အမျိုးသမီးတွေချည်း ကျန်ခဲ့တာပါ။ စစ်သားတွေက စိတ်တိုင်းကျ လုယက်တယ်၊ ပစ္စည်းတွေ ဖျက်ဆီးတယ်။ ပြီးတော့ အမျိုးသမီး အချို့ကို မုဒိန်းကျင့်တယ်။ ရွာထဲက အိမ်တွေမှာဘဲ လူမဆန်စွာ မုဒိန်းကျင့်တာပါ” ဟု ရွာသားတစ်ဦးက ပြောသည်။

ယခုအချိန်ထိ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး (၁၀) ဦး၏ အမည်များနှင့် အသေးစိတ် အချက်အလက် များကို RB News မှ လက်ခံရရှိထားပြီ ဖြစ်သည်။ 

မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများတွင် အသက် (၁၅) နှစ်အရွယ် နှစ်ဦး၊ အသက် (၁၇) နှစ် အရွယ် တစ်ဦး၊ အသက် (၁၈) နှစ် အရွယ် တစ်ဦး၊ အသက် (၂၀) နှစ် အရွယ် တစ်ဦး၊ အသက် (၂၅) နှစ် အရွယ် တစ်ဦး၊ အသက် (၂၆) နှစ် အရွယ် တစ်ဦး၊ အသက် (၃၀) နှစ်ကျော် အရွယ် (၃) ဦး တို့ပါဝင်ပြီး၊ အသက် (၂၀) အထက် များမှာ အိမ်ထောင်ရှင်များ ဖြစ်ကြသည်။ 

အမျိုးသမီးများ၏ ဂုဏ်သိက္ခာကြောင့် အမည်များကို သတင်းတွင် ဖော်ပြမည် မဟုတ်ဘဲ၊ နိုင်ငံတကာ အစိုးရများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ RB News မှ တာဝန်ယူ၍ ပေးပို့သွားမည် ဖြစ်သည်။ 



MYARF
RB News
21.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သစ်တောနားခွဆုံ ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ သစ်တောနားခွဆုံ ကျေးရွာအုပ်စုမှ ဦးနူရ်အာလောမ် (ဘ) ဦးနူရ်အာမတ်သည် ဆိုင်ကယ်ဖြင့် ခမောင်းဆိပ်မြို့မှ ပြန်လာစဉ် သစ်တောနားခွဆုံ ကျေးရွာအုပ်စု ရွာမအနီးတွင် လှည့်ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲ နှစ်ဦးက ရပ်တန့်ခိုင်းရာ အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ မရပ်ပေးဘဲ ဆက်လက်မောင်းနှင်သွားရာ နယ်ခြားစောင့်ရဲ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။ 

ဆိုင်ကယ်မောင်းနှင်သူ ဦးနူရ်အာလောမ်သည် ဒဏ်ရာကို မကြည့်တော့ဘဲ အိမ်ရောက်သည်အထိ ဆက်လက်၍ မောင်းနှင်သွားခဲ့သည်။ နယ်ခြားစောင့်ရဲ နှစ်ဦးက လမ်းတစ်လျှောက် သွေးများ ယိုစီးကျခဲ့သည့် သွေးစက်များ အတိုင်း လိုက်သွားပြီး ဦးနူရ်အာလောမ်၏ အိမ်သို့ ရောက်ရှိသွားခဲ့သည်။ 

ထို့နောက် သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရရှိသူ ဦးနူရ်အာလောမ်၏ ဖခင်ဖြစ်သူ ဦးနူရ်အာမတ်ကို ခမောင်းဆိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဆိုင်ကယ်မတော်တဆ လဲကျရာတွင် ဒဏ်ရာရခြင်းသာ ဖြစ်သည်ဟု စာရွက်ပေါ်တွင် ရေးသား၍ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲများက ဆိုင်ကယ်စီးသွားသူ၊ ကားမောင်းသွားသူ များကို ရပ်တန့်ခိုင်းလျှင် အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်လေ့ရှိသည်။ ယခုအခါ အကြောင်းမဲ့ ပစ်သတ်ခြင်းများ များပြားလျက် ရှိသဖြင့် နယ်ခြားစောင့်ရဲများ၊ စစ်သားများ တွေ့လျှင် အသတ်ခံရမည်လားဟု ဒေသခံရိုဟင်ဂျာများ အကြား စိုးရိမ်စိတ်များ တိုးပွားလျက် ရှိသည်။ 



RB News
21.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ ကျေးရွာအုပ်စုရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် စစ်တပ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှ အမိန့်ပေးလိုက်ကြောင်း သတင်း ရရှိပါသည်။

“တောင်ဘဇာ၊ ပေါက်တောပြင်ရွာမှာ ရှိတဲ့ အိမ်တွေရဲ့ ခြံစည်းရိုးတွေ အားလုံး ဖြုတ်ခိုင်းလိုက်တယ်။ သူတို့ရဲ့ အမြင်မှာ အိမ်တွေဘဲ မြင်နေရပြီး၊ ခြံစည်းရိုး လုံးဝ မရှိစေရဘူး ဆိုတဲ့ အမြင်ဖြစ်အောင် ဖြုတ်ဖို့ စစ်တပ်နဲ့ ထွေအုပ်က အမိန့်ပေးလို့ အကုန်ဖြုတ်လိုက်ရပြီ၊ ကျန်တဲ့ ရွာအချို့မှာလည်း ဖြုတ်ခိုင်းတာ ရှိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင်လည်း ရွာအများအပြားမှ ရိုဟင်ဂျာနေအိမ်များ၏ ခြံစည်းရိုးများကို ဖျက်ရန် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အမိန့်ပေးခဲ့သည်။

“မနေ့က ကျွန်တော်တို့ ကျီးကန်းပြင် တောင်ရွာမှာလည်း တစ်အိမ်မကျန် ခြံစည်းရိုးတွေ အကုန်ဖျက်ခိုင်းတယ်” ဟု ကျီးကန်းပြင်မှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်းတွင် ဘူးသီးတောင် အခြေစိုက် ဗျူဟာမှူးက မောင်ကြီးတောင်၊ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်၊ လက်ဝဲဒက်ပုဇွန်ချောင်း၊ လက်ဝဲဒက်ပြင်ချေ စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။

အလားတူ ယင်းနေ့တွင်ပင် မောင်တောမြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးက ကြိမ်ချောင်း၊ အောင်စစ်ပြင်၊ လောင်းဒုံနှင့် မြို့မိချောင်း ကျေးရွာများရှိ ရိုဟင်ဂျာ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။

MYARF နှင့် Rohingya Eye တို့မှ သတင်းအချက်အလက် ပေးပို့သည်။



Rohingya Exodus