နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
15.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ အစိုးရမှ စေလွှတ်သည့် သတင်းထောက်အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းတို့နှင့် စကားပြောခဲ့သူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

အစိုးရမှ ရွေးချယ်စေလွှတ်သည့် သတင်းထောက်များအဖွဲ့သည် ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် ၁း၂၀ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ ရောက်ရှိလာပြီး စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့သည့်နေအိမ်များကို ကြည့်ရှုခဲ့သည်။ ထို့နောက် ရွာအတွင်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုများ အကြောင်းကို ရွာသူရွာသားများ မေးမြန်းခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ နေ့လည် ၂ နာရီခန့်အချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“သူတို့ပြန်သွားပြီး တစ်နာရီခွဲလောက် အကြာ နေ့လည် ၃ နာရီခွဲလောက်မှာ ခထီးလှ န.တ.လ ရွာက နယ်ခြားစောင့်ရဲတွေ ရောက်လာပြီး သတင်းထောက်တွေနဲ့ စကားပြောခဲ့တဲ့ ရပ်ရွာလူကြီးတွေ၊ မော်လ၀ီတွေကို ဖမ်းဆီးဖို့ လိုက်ရှာနေတယ်။ အိမ်မီးရှို့တာမှ ပါတဲ့ ကျွန်းပေါက်စခန်းက နယ်ခြားစောင့်ရဲတွေလည်း အုပ်စုဖွဲ့ပြီး လူတွေကို ဖမ်း၊ ရွာကိုဖျက်ဖို့ လာနေတယ်လို့ သတင်းရထားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နယ်ခြားစောင့်ရဲများက သတင်းထောက်များနှင့် စကားပြောသူများကို ရှာဖွေနေသောကြောင့် ရွာသားများ ရွာပြင်သို့ ထွက်၍ တိမ်းရှောင်နေရကြောင်း ညပိုင်းတွင် တောတောင်အတွင်း တိမ်းရှောင်နေသူများကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အကြမ်းဖက် တိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း၊ မိမိတို့အား အကြမ်းဖက်သမားများဟု လုပ်ကြံစွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်မည်ကိုလည်း အထူးစိုးရိမ်နေရကြောင်း၊ သတင်းထောက်များ ထွက်ခွာနေစဉ် အချိန်မှာပင် တောင်ဘဇာ နယ်မြေမှူးက တွေ့ဆုံစကားပြောသူများကို ဖမ်းဆီး၍ ပစ်သတ်ရန်၊ မပစ်သတ်နိုင်ပါက စခန်းသို့ ပြန်မလာရန် အမိန့်ထုတ်ထားသည်ဟု သတင်းကြားရသည့် အတွက် ပို၍ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။ 



Saed Arakani
RB News
13.7.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်ရှိသွားသည့် ဒေသခံရိုဟင်ဂျာများသည် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ လေ့လာရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၁၃) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် စစ်တွေမြို့တွင် အကျဉ်းစခန်းကဲ့သို့ ပိတ်ဆို့ခံထားရသည့် အောင်မင်္ဂလာရပ်ကွက်သို့ ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။ မစ္စရန်ဟီးလီက ၎င်းနောက်ဆုံး ရောက်ခဲ့သည့် အခြေအနေနှင့် ယခုအခြေအနေ ကွာခြားမှုကို ဒေသခံများအား မေးမြန်းရာ ဒေသခံများက အပြောင်းအလဲ မရှိသည့် အပြင် အခြေအနေမှာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေကြောင်း တင်ပြခဲ့သည်။ ထို့နောက် မစ္စလီက နိုင်ငံသားလျှောက်ထားခြင်း ကိစ္စကို မေးမြန်းရာ ဒေသခံများက အထောက်အထား ပြည့်ပြည့်စုံစုံနှင့် တင်ပြသူများကိုပင် ပြုနိုင်ငံသားကဒ်များသာ ထုတ်ပေးနေသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ နိုင်ငံသားလျှောက်ထားရန် စိတ်မ၀င်စားကြောင်း၊ ထို့အပြင် လူမျိုးအမည်ကို မိမိတို့၏ လူမျိုးအမည် အမှန် ရိုဟင်ဂျာ ရေးသားပေးခြင်း မရှိသဖြင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စကို ပါဝင် ဆောင်ရွက်မည် မဟုတ်ကြောင်း တင်ပြခဲ့သည်။

ဒေသခံများက မိမိတို့အနေဖြင့် မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်သည့် အရပ်ဒေသတွင် ပိတ်ဆို့ခံထားရသည်မှာ ၅ နှစ်ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အခြေခံ လူ့အခွင့်အရေး လုံးဝ မရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက မောင်တောနှင့် ပတ်သက်၍ နေ့စဉ်နေ့တိုင်း လုပ်ကြံသတင်းများ ထုတ်ပြန်လျက် ရှိကြောင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု ဆိုကာ ဖမ်းဆီးခြင်း၊ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင် သွား၍ သတ်ပစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ဤကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မိမိတို့၏ လူမျိုး မျိုးတုန်းသွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

မစ္စရန်ဟီးလီသည် နံနက် ၁၁း၂၀ နာရီ အချိန်တွင် သက္ကေပြင် ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည်စခန်းအတွင်းရှိ ဟင်းလင်းပြင် ခန်းမတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် လုံခြုံရေး အစောင့်အကြပ်များ ရှိနေသောကြောင့် ဒုက္ခသည်ဘ၀သို့ ရောက်ရှိနေသည့် ဒေသခံရိုဟင်ဂျာများက မစ္စရန်ဟီးလီ ပြန်သွားလျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

မစ္စရန်ဟီးလီသည် ထိုမှတဆင့် ဒုက္ခသည်စခန်းအတွင်း လူနေမှုဘ၀ အခြေအနေများ၊ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေများကို စခန်းအသစ်နှင့် အဟောင်း နှစ်ခုစလုံးကို လှည့်လည်၍ အသေးစိတ် လေ့လာခဲ့ကြောင်း ဒုက္ခသည်ဘ၀သို့ ရောက်နေသူများက ပြောပါသည်။

ထိုသို့ လှည့်လည် ကြည့်ရှုပြီးနောက် လူငယ်အချို့နှင့် ဒုက္ခသည်စခန်းတစ်နေရာတွင် သီးခြား တွေ့ဆုံ၍ NVC ကဒ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့များကို ဖမ်းဆီးခြင်း ရှိ/မရှိတို့ကို မေးမြန်းခဲ့သည်။ လူငယ်များက မိမိတို့အား လာရောက်ကြည့်ရှု၍ အမှန်အတိုင်း အစီရင်ခံစာ တင်သွင်းနေခြင်းများ အတွက် အလွန်ပင် ၀မ်းသာအားရ ဖြစ်မိကြောင်း၊ မိမိတို့၏ နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက် ရှိကြောင်း၊ NVC ကဒ် ဆိုသည်မှာ နိုင်ငံခြားမှ ရောက်ရှိလာသူများကို နိုင်ငံသားပေးရန် သင့်/မသင့် စီစစ်ရန် အတွက် ဖြစ်ကြောင်း၊ မိမိတို့သည် ဤနိုင်ငံ၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခံခဲ့ဖူးသည့် ဌာနေ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မိမိတို့သည် ဤနိုင်ငံ၏ တိုင်းရင်းသားဖြစ်သည့် အထောက်အထားများလည်း ရှိကြောင်း၊ မိမိတို့အား တရားမ၀င်ရောက်ရှိလာသူများဟု သမုတ်နေသော်လည်း မိမိတို့သည် တိုင်းရင်းသား ဖြစ်သောကြောင့် NVC ကဒ်ကို လျှောက်ထားကြမည် မဟုတ်ကြောင်း၊ NVC ကဒ် လက်ခံရယူထားသူများမှာလည်း ရန်ကုန်သို့ အရေးပေါ် ဆေးကုသရန် အတွက် မဖြစ်မနေလိုနေသည့် အချိန်တွင် ရယူခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အကျဉ်းသားများကို ထောင်မှ လွှတ်ပေးသည့် အခါတွင် မယူလျှင် လွှတ်မပေးကြောင်း၊ အကျဉ်းသားများမှာ ထောင်မှ လွတ်မြောက်ရေး အတွက် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ခံရယူထားသူ အနည်းငယ်မှာ အခြေအနေကို မလွန်ဆန်နိုင်၍ လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုက္ခသည် စခန်းအတွင်းမှ အပြစ်မဲ့ ဒုက္ခသည်များကို မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးသွားသည်များ အမြောက်အမြား ရှိကြောင်း တင်ပြခဲ့သည်။





RB News
13.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစု အပါဝင် ရွာအချို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မပြန်မချင်း ညှဉ်းပန်းနှိပ်စက်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု၊ ဖက်လိပြင်နှင့် ကျောက်ချောင်း အလယ်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အင်အား ၄၀ ကျော် ၀င်ရောက် စီးနင်းပြီး အမျိုးသမီးများကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးက Ms Yanghee Lee မပြန်မချင်း ဆက်လက် ညှဉ်းပန်းနှိပ်စက်မည် ဖြစ်ကြောင်း၊ နှိပ်စက်မှု မခံချင်လျှင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးချင် ထွက်ပြေး၍ ရကြောင်း၊ ၎င်းကိုယ်တိုင် ချောင်းဝ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးကို ထွက်ပြေးနေသူများအား မတားမြစ်ရန် ညွန်ကြားချက် ပေးထားကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များမှ အထူးသဖြင့် ဆန်၊ ဆီ၊ ငြုတ်သီး၊ ထမင်း၊ ဟင်း ချက်သည့် အိုးခွက်များကို အဓိက ပစ်မှတ်ထား၍ ဖျက်ဆီးနေသည်ကို ကြည့်ခြင်းအား ဒေသခံများ၏ လူနေမှု ဘ၀ရပ်တည်နိုင်စွမ်းမရှိအောင် ပြုလုပ်ပြီး ဒုက္ခသည် ဘ၀ရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း ကျွန်းပေါက်ဆင်အိုးနှင့် ရေတွင်းပြင် ကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အလားတူ ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် ကြိမ်ချောင်းဈေးမှ ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ စားကုန်ပစ္စည်းများ ၀ယ်ယူပြီး ရေတွင်းပြင်သို့ ပြန်နေသည့် စက်တပ်လှေနှစ်စီးကို ပြူးမချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး ပစ္စည်းများ အားလုံးကို လုယက်ယူလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ လုယက်ခံရသူနှစ်ဦးမှာ ဦးအာမာန်အုလ္လာ (ဘ) ဦးမာမတ်အလီနှင့် ဦးမာမတ်ဟူဆောင်း (ဘ) ဦးရှုနာမျာ တို့ဖြစ်ကြသည်။ ၎င်းတို့သည် ရေတွင်းပြင်ကျေးရွာမှ ကားလမ်းဖြင့် သွားလာနိုင်ခြင်း မရှိသောကြောင့် စက်တပ်လှေငယ်များဖြင့် ကြိမ်ချောင်းဈေးမှ စားကုန်ပစ္စည်းများ ၀ယ်ယူ သယ်ဆောင်လာ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။



MYARF
RB News
13.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ရဲမှူးကြီး ဦးဆောင်၍ သင်တန်းပေးထားသည့် ဒေသန္တရရဲများက တောင်ပြိုလက်ဝဲမြို့တွင် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို သတိမေ့သည့်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓဘာသာဝင် လူငယ်များကို စစ်တွေမြို့သို့ ခေါ်ယူပြီး jပည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဦးဆောင်၍ ဒေသန္တရရဲများ အဖြစ် ရဲသင်တန်းပေး၍ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်ပို့ထားခဲ့သည်။ အဆိုပါ ဒေသန္တရရဲများသည် မြို့နယ်ရဲမှူး၏ အမိန့်ဖြင့် အစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အရပ်ဝတ်များ ၀တ်၍ တာဝန်ထမ်းဆောင်လျက် ရှိသည်။ 

အဆိုပါ ဒေသန္တရရဲများသည် အရပ်ဝတ်များဖြင့် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို စစ်ဆေး မေးမြန်း၍ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဦးထွန်းမြင့် အပါအ၀င် ဒေသန္တရရဲ (၃) ဦးသည် နံ့သာတောင်ရွာမှ ဦးမိုဟာမတ်ယာဆေရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၂၇ နှစ်) ကို တောင်ပြိုမြို့မဈေးသို့ အလာလမ်းမကြီးပေါ်တွင် ဖမ်းဆီး၍ (၃) ဦးစလုံးက ၀ိုင်းဝန်းထိုးကြိတ်သည့် အပြင် ဦးခေါင်းကို လမ်းပေါ်ရှိ ကျောက်တုံးနှင့် အကြိမ်ကြိမ် ဆောင့်တွန်းခဲ့သောကြောင့် ဦးခေါင်းကွဲ၍ ထိုနေရာတွင်ပင် သတိလစ် မေ့မျော သွားခဲ့သည်။ ရိုက်နှက်ထိုးကြိတ်ခံရသူကို လမ်းဘေးရှိ ဆိုင်များမှ ဆိုင်ရှင်များက ဖေးမကူညီ၍ တောင်ပြိုလက်ဝဲမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့ရကြောင်း၊ ဆေးရုံဝန်ထမ်းများက ၎င်းအား ဆေးရုံတင်ထားချိန်တွင် မိသားစုဝင်များကို ၀င်ရောက် ကြည့်ရှုခွင့်မပေးခဲ့ကြောင်း ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ ဒေသန္တရရဲများ ဖြစ်ကြသည့် ဦးထွန်းမြင့် အပါအ၀င် (၃) ဦးသည် အရပ်ဝတ်များဖြင့် တနေကုန် ရိုဟင်ဂျာရွာများအတွင်း လှည့်လည်၍ အမျိုးသမီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောသည့် ဘင်္ဂါလီစကားဖြင့် မဖွယ်မရာ ပြောဆိုခြင်း၊ တွေ့သမျှ ရွာသားများကို မဆိုင်သည်များကို မေးမြန်းခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ရွာသားများကို ဆဲဆိုရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်း စသည်တို့ကို လိုင်စင်ရ သောင်းကျန်းသူ ဓါးပြများ ပုံစံဖြင့် ပြုလုပ်၍ ပြဿနာဖန်တီးရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မခံမရပ်နိုင်သည့် အဆုံးတွင် ကြီးမားသည့် ပြဿနာများ ဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဒေသန္တရရဲများ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သတိလစ်သွားခဲ့သည့် မိုဟာမတ်ယာဆေရ် 
MYARF
RB News
13.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် လမ်းဘေးတွင် ထိုင်စောင့်ပြီး မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေသည့် ရိုဟင်ဂျာများကို စစ်ဆေးသည့်ပုံစံဖြင့် ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရနယ်မြေအပိုင် ရွက်ညိုတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အပါအ၀င် တပ်ဖွဲ့ဝင် (၅) ဦးသည် ၎င်းတို့၏ ကင်းစခန်း၏ အနောက်ဘက်ရှိ ကားလမ်းဘေးတွင် ထိုင်စောင့်ပြီး မော်တော်ဆိုင်ကယ် စီး၍ သွားလာနေသည့် ရိုဟင်ဂျာများကို ရွေး၍ ဖမ်းဆီးကာ လိုင်စင် (သို့မဟုတ်) ဘီးခွန်မရှိဟု လုပ်ကြံစွပ်စွဲ၍ နေ့စဉ် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၉) ရက်နေ့တွင် ဦးရာဟ်မတ်အုလ္လာ (ဘ) ဦးအာဘူ (အသက် ၃၅ နှစ်) ထံမှ ငွေကျပ် ၄ သောင်း၊ သရက်အုပ်ကျေးရွာသား ဦးအီလီယာစ် (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း၊ ရေတွင်းကျွန်းကျေးရွာသား နှစ်ဦးတို့ အသစ်ဝယ်ထားသည့် ဆိုင်ကယ် နှစ်စီးကိုလည်း သိမ်းယူသွားခဲ့ပြီး၊ ၃ ရက်ကြာပြီးမှ ပိုင်ရှင်များကို ငွေကျပ် တစ်သိန်းစီဖြင့် ရွေးယူခိုင်းခဲ့ကြောင်း၊ တစ်ရက်လျှင် အနည်းဆုံး ဆိုင်ကယ် ၅ စီးမှ ၁၀ စီးထိ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




MYARF
RB News
13.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ၎င်းတို့ နယ်မြေရှိ ရိုဟင်ဂျာကျေးရွာများသို့ လှည့်လည်၍ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ကျေးရွာရှိ မျက်နှာဖုံးများကို အကြောင်းမဲ့ မတရားသဖြင့် ဖမ်းဆီးရန် လိုက်လံရှာဖွေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများသည် ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာသို့ သွားရောက်၍ ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၃၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ ညီအစ်ကို ၄ ဦးကိုလည်း လိုက်လံရှာဖွေလျက် ရှိကြောင်း၊ ဇူလိုင်လ (၉) ရက်နေ့တွင် အထက်နန်းရာကျေးရွာမှ ဦးဂျီယာဘူရာမာန် ကို လိုက်လံရှာဖွေခဲ့ကြောင်း၊ ဇူလိုင်လ (၇) ရက်နေ့တွင် ပေါက်ပင်ရင်း ကျေးရွာအုပ်စု ဘဲလွှတ်မင်းရွာမှ ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအာနုမျာ (အသက် ၂၅ နှစ်) နှင့် ဦးဟာဘီအုလ္လာ (ဘ) ဦးဆော်ယာဒ်အာမတ် (အသက် ၅၀ နှစ်) တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ဇူလိုင်လ (၅) ရက်နေ့တွင် အောက်နန်းရာရွာမှ ဦးဟာဖီးဇ်အာမတ် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၄၅ နှစ်) ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံရသူများနှင့် တရားခံပုံစံဖြင့် ရှာဖွေခံနေရသူများမှာ အပြစ်မဲ့များ ဖြစ်သောကြောင့် အပြစ်မဲ့ ရွာသားများ ဖမ်းဆီးခံရမည်ကို စိုးရိမ်လျက် ရှိနေကြသည်။



Rohingya Eye
RB News
12.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်ပူးပေါင်း၍ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုတွင် လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်မြေ (၂) ရုံးမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် တောင်ပြိုလက်ယာ ကျေးရွာအုပ်စု၊ အရှေ့ရွာကို  ၀န်းရံပိတ်ဆို့ခဲ့သည်။ ထို့နောက် နံနက် ၆ နာရီ အချိန်တွင် ရွာအတွင်း အိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး သေတ္တာနှင့် ဘီရိုများ ဖျက်ဆီးခဲ့သည့် အပြင် စားသောက်ကုန်ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် ၎င်းတို့တွင် ပါလာသည့် ဓါးချွန်များဖြင့် ရေလောင်းအိမ်သာများနှင့် ရေချိုးခန်းများမှ ပလတ်စတစ် အကာများကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

စားသောက်ကုန်ပစ္စည်းများ လုယက်ခံရသူ အချို့မှာ ဦးမော်ဂျီအုလ္လာ (အသက် ၃၀ နှစ်)၊ ဦးနူရူအာမီးန် (ဘ) ဦးအလီအာခ်ဘော်ရ် (အသက် ၅၀ နှစ်)၊ မော်လ၀ီဇာဖော်ရ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၅၂ နှစ်) နှင့် ဦးဘာရှားမျာ (အသက် ၅၀ နှစ်) တို့ဖြစ်ကြသည်။

“သူတို့ စစ်ဆေးချင်တယ်ဆိုရင် အေးအေးချမ်းချမ်း စစ်ဆေးလို့ရပါလျက်နဲ့ ရွာသားတွေကို ထိတ်လန့်အောင် လုပ်ပြီး စစ်ဆေးနေတာ၊ လုယက်တာတွေက တမင်သက်သက် လာပြီး စော်ကားနေတာလို့ ခံစားရတယ်။ ဒီဒေသ တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ် လိုလားတယ်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို ရပ်တန့် ပေးဖို့ လိုပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။





ထွန်းခင်
RB News
12.7.2017

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး အား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခွင့်ပြုရမည်။

ယခုနှစ် မတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အဖိနှိပ်ခံရိုဟင်ဂျာ လူဦးရေ တစ်သန်းကျော်နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ရပ်အား ဖွဲ့စည်းခဲ့သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးနောက်၊ မြန်မာစစ်တပ်မှ စစ်အင်အားသုံးကာ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ပိတ်ဆို့ခြင်းခံထားရသည့် ဒေသများတွင် အရပ်သားအစုအဝေးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ရိုဟင်ဂျာအမျိုးသမီးများအား အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းများ ကျူးလွန်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ရိုဟင်ဂျာများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ၊ မီးလောင်တိုက်သွင်းမှုများ နှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်။ ၎င်းရက်စက်ကျူးလွန်မှုများအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့များက မှတ်တမ်းတင် ထားခဲ့ကြသည်။ များစွာသောရိုဟင်ဂျာများ ရှင်သန်နေ ထိုင်ရေးအတွက် အားကိုးအားထား ပြုနေရသည့် လူသားချင်းစာနာမှု အကူအညီများသည် လုံးဝနီးပါး ရပ်တန့်ခဲ့ ရသည်။
ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကြောင့် ဦးရေ ၇၅,၀၀၀ ထက်ပိုသောအရေအတွက်ရှိ ရိုဟင်ဂျာများသည် နယ်စပ်တစ်လျှောက်မှတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ခွဲ နှစ်ခု၏ အရာရှိများ၏အဆိုအရ ရိုဟင်ဂျာဦးရေတစ်ထောင်ကျော် သေဆုံးခဲ့ကြသည်။

မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံတွင်းသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည့် အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်သတ်ဖြတ်မှုများ အကြောင်း ပြန်လည်ပြောပြခဲ့ကြသည်။ 

ကလေးသူငယ်များကိုပင် အလွတ်မပေးခဲ့ကြောင်း ကျွန်တော်ကိုယ်တိုင်ဒုက္ခသည်စခန်းများသို့ ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့စဉ်က ၎င်းတို့က ကျွန်တော့်အား ပြောပြခဲ့ကြသည်။ မြန်မာစစ်တပ်သည် ကလေးသူငယ်များအား အရှင်လိုက် မီးရှို့သတ်ဖြတ်ခဲ့မှုများ၊ ပစ်ခတ်သတ်ဖြတ်ခဲ့မှုများ၊ ဓါးခုတ်သတ်ဖြတ်ခဲ့မှုများပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ပြောပြခဲ့ကြသည်။

မြန်မာစစ်တပ်၏ ကြီးလေးသော ရာဇဝတ်မှုများအကြောင်း အသက်ရှင်ကျန်ရစ်သူများထံမှ သိရှိရသည့်အတိုင်း များမကြာမီက ကျွန်တော့်၏ အဖွဲ့အစည်းဖြစ်သည့် BROUK မှ အထောက်အထားများကိုထုတ်ပြန်ခဲ့သည်။

မှုခင်းဆေးပညာအရ စစ်ဆေးသုံးသပ်ထားသည့် ကျွန်တော်တို့၏ အစီရင်ခံစာတွင်လည်း အထက်ပါ ဖော်ပြချက်များကို အထောက်အကူပြုသည့် အထောက်အထားများ ပါဝင်သည်။



မြန်မာ့လုံခြုံရေးတပ်များ၏ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ခံခဲ့ရသည်ဟု သက်သေခံကြသည့် ကလေးများ၌ တိုက်ရိုက်ပစ်ခတ်ခြင်း ခံရသည့် သေနတ်ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများကို ကျွန်တော်တွေ့ရှိခဲ့သည်။

၎င်းအထောက်အထားများအရ ပြစ်မှုကျူးလွန်မှုများသည် အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ထင်ရှားလျက်ရှိပြီး၊ မြန်မာအစိုးရ အနေဖြင့် ထိုကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း လက်ခံအသိအမှတ်ပြုရပေမည်။

လူအများ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် အရပ်သားအစိုးရ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကယ်၍ စစ်တပ်အပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်လင့်ကစား၊ သူမအနေဖြင့် အမှန်တရားနှင့် တရားဥပဒေစိုးမိုးရေး စံနှုန်းတို့အား အသုံးပြုကာ စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဖောက်ဖျက်မှုများအား လျှော့ချရန် ဖိအားပေးနိုင်ပေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ကျူးလွန်ဖောက်ဖျက်မှုများအား မှေးမှိန်အောင်ပြုခြင်း (သို့မဟုတ်) ပြစ်မှုများအား တရားနည်းလမ်းကျကျ စုံစမ်းစစ်ဆေးမည့်အရေးကို လက်မခံဘဲ ငြင်းဆန်လျက်ရှိသည်။ မြန်မာစစ်တပ်မှစနစ်တကျ ကျူးလွန်ခဲ့သည့် အိမ်ရာဖျက်ဆီးမှုများ၊ လူအစုအပြုံလိုက် နေအိမ်စွန့်ခွာ ကစဥ့်ကလျားထွက်ပြေးစေမှုများ၏ အထောက်အထားများရှိသော်လည်း လွန်ခဲ့သည့်လက ဘီဘီစီသတင်းဌာန Fergal Keane က ဒေါ်အောင်ဆန်းစုကြည်အား အင်တာဗျူးခဲ့ရာတွင်၊ ဖြစ်ခဲ့သမျှတို့သည် မျိုးသုဉ်းသန့်စင်မှု မဟုတ်ကြောင်း သူမအနေဖြင့် ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများသည် အသစ်တော့ဖြင့်မဟုတ်ပေ။ နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားလူနည်းစုများသည် စစ်တပ်၏ ရက်စက်အကြမ်းဖက်မှုများကို နှစ်ပေါင်းများစွာကတည်းကခံစားရလျက်ရှိသည်။ မကြာသေးခင်က ထွက်ရှိခဲ့သော အစီရင်ခံစာများအရ မြန်မာစစ်တပ်သည် နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်လည်းစစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းသိရှိရသည်။ ၎င်းရာဇဝတ်မှုများကိုလည်း အချက်အလက်ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အချက်အလက်ရှာဖွေရေးအဖွဲ့အား ငြင်းဆန်ခဲ့ပြီး၊ သူမ၏ အစိုးရအဖွဲ့သည်လည်း အချက်အလက်ရှာဖွေရေးအဖွဲ့အား နိုင်ငံတွင်းဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း မြင်သာလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးအတွက် တောက်လျှောက်ပြောဆိုနေခဲ့သော်လည်း လက်တွေ့တင်မူ သူမသည် ရွေးချယ် ကျင့်သုံးလျက်ရှိသည်။ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်အနေဖြင့် ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်ခွင့်ရှိကြောင်းနှင့် ရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ လူနည်းစုများသည် အတိဒုက္ခ ဆက်လက် ခံစားရမည့်အကြောင်း သတင်းစကားပါးလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာစစ်တပ်သည် မတရားသတ်ဖြတ်ညှင်းဆဲမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက လွတ်လပ်စွာ ပြုလုပ်ခဲ့သည့် အတိုင်းအနာဂတ်တွင်လည်း ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်။

မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးခွင့်ပြုရန် ငြင်းဆန်သည့် မြန်မာအစိုးရ၏လုပ်ရပ်သည် သတ်ဖြတ်ညဉ်းဆဲခံရသူများနှင့် ထွက်ပြေး လွတ်မြောက် အသက်ရှင်ကျန်ရစ်သူများ ခံစားခဲ့ရသည့်ပြင်းထန်သော နာကျင်ခံစားမှုဒဏ်များအား ထပ်မံစော်ကားသည့်ပမာ ဖြစ်သည်။ စစ်တပ်၏ ဒဏ်ခံရသူများမှာ ၎င်းတို့မည်သို့မည်ပုံ ခံစားခဲ့ရပုံတို့ကို ကျွန်တော့်အား ပြောပြခဲ့ကြသည်။ အချက်အလက်ရှာဖွေရေးအဖွဲ့အား ခွင့်ပြုရန် ငြင်းဆန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်သည် မတရားပြုခံရသည့်သူများ၏ အခွင့်အရေးအား လုယက် ဓားပြတိုက်သည့်ပမာ ဖြစ်ပြီး၊ ဖြစ်ပျက်ခဲ့သည့် အမှန်တရားများအား ဖုံးကွယ်ထားသည့်ပမာဖြစ်ကာ သတ်ဖြတ်ကျူးလွန်နှိပ်စက်ညဉ်းပန်းရာ၌ တာဝန်ရှိသူများအား အရေးယူနိုင်မည့်နေ့သည် အဝေးသို့ ပိုမိုရောက်ရှိသွားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အချက်အလက်ရှာဖွေရေးအဖွဲ့အနေဖြင့် ၎င်း၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အားဆောင်ရွက်ရန် ခွင့်ပြုသင့်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအား ဆက်လက် တားဆီးမည် ဆိုပါကလည်း စုံစမ်းစစ်ဆေးမှုအား မဖြစ်မနေဆောင်ရွက်သင့်သည်။ ဘင်္ဂလားဒေရှ်နိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့အား ၎င်းတို့၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအား ဆောင်ရွက်နိုင်ရန် ဝင်ခွင့်ပြုသင့်သည်။

အကယ်၍ဒေါ်အောင်ဆန်းစုကြည်သည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အား ခွင့်မပြုပါက၊ သူမသည်တရားမျှတမှုနှင့် တာဝန်သိတတ်မှုတို့ကို အကောင်အထည်ဖော်ရန်အ ကြံပြုတိုက်တွန်းချက်များကိုလည်း အကောင်အထည်ဖော်မည်မဟုတ်ဟု ယူဆရသည်။ ထိုအခြေအနေမျိုး၌ နိုင်ငံတကာ လူ့အဖွဲ့အစည်းသည် ရွေးချယ်ရန်လမ်းနှစ်သွယ်နှင့် ရင်ဆိုင်ရမည်။ နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကာ ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပေါ်စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများကို လုံးဝရပ်တန့်စေရန် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ရန်အတွက် ပြင်းထန်သော အရေးယူမှုများပြုလုပ်ရန် (သို့မဟုတ်) ရိုဟင်ဂျာများစနစ်တကျ ချေမှုန်းခံနေရပြီး၊ မြန်မာနိုင်ငံမှ နှင်ထုတ်နေရသည့်တိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခင်မူဝါဒအတိုင်း စိုးရိမ်ကြောင့်ကြမှုများကို ဖော်ပြရုံဖော်ပြပြီး မည်သည့်အရေးယူမှုမျှ ပြုလုပ်ခြင်းမရှိ အသာအယာ ထိုင်လျှက်သာ ရှိနေရန်ပင်ဖြစ်သည်။

ဦးထွန်းခင်သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ၏ ဥက္ကဌ ဖြစ်သည်။


RB News
7.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူမှ တဆင့် အပြစ်မဲ့ ရိုဟင်ဂျာရွာသားများကို ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ် (ဘ) ဦးအာဘူလ်ဟာရှိမ်း မှ တဆင့် ယင်းကျေးရွာအုပ်စု ရပ်ကွက် (၉) မှ ဒေသခံများ ဖြစ်ကြသော ဦးဟာဖီးဇ်အာမတ် (ဘ) ဦးမာမတ်အစ္စလာမ်နှင့် ဦးဟာရှိမ်းမုလ္လာ (ဘ) ဦးဘော်ဒီရာမာန် တို့ကို ဇူလိုင်လ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှိ ဂန့်ဂေါမြိုင်အောင်ပ န.တ.လ ရွာသို့ ဆင့်ခေါ်ခဲ့သည်။

ထို့နောက် ဆင့်ခေါ်ခံရသူနှစ်ဦးကို ရသေ့တောင်မှ လာသည့် လူစိမ်းတစ်ဦးကို ဧည့်ခံကျွေးမွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ချုပ်နှောင်ထားခဲ့သည်။

ချုပ်နှောင်ခံခဲ့ရသူ နှစ်ဦးစလုံးက မဟုတ်မမှန်သည့် ကိစ္စတစ်ခုဖြစ်၍ ၀န်မခံသောအခါ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်တို့နှစ်ဦးစလုံးက တုတ်များဖြင့် ဦးဟာဖီးဇ်အာမတ်ကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ဦးဟာဖီးဇ်အာမတ်ကို ရိုက်နှက်နေစဉ် ဦးဟာရှိမ်းမုလ္လာလည်း ရိုက်နှက်ခံရတော့မည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ ရွာသားတစ်ဦးကို မိမိ၏ ရှေ့မှောက်တွင် ညှဉ်းပန်းနှိပ်စက်နေသည်ကို ကြည့်မနေသည်က တစ်ကြောင်းတို့ကြောင့် အုပ်ချုပ်ရေးမှူး တောင်းသည့် ငွေကျပ် နှစ်သိန်း ပေးပါမည်ဟု ကတိပြုခဲ့သည်။ အုပ်ချုပ်ရေးမှူးက ငွေကျပ် နှစ်သိန်း ရမည်ဟု ကတိရမှ ရိုက်နှက်နေခြင်းကို ရပ်တန့်ခဲ့ပြီး၊ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူး ရုံးတွင် ရုံးမထိုင်ဘဲ နေအိမ်မှနေ၍ ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်မှ တဆင့် ရိုဟင်ဂျာရွာသားများကို တစ်ဦး (သို့မဟုတ်) နှစ်ဦးစီ ဆင့်ခေါ်၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
10.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင် နယ်မြေတစ်ဝိုက်တွင် လုံခြုံရေး တာဝန်ယူထားသော ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက မွတ်စလင် အမျိုးသမီးဝတ် ဘူရ်ခါများ ခြုံ၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ဓါးပြတိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများသည် ဇူလိုင်လ (၈) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် ကျောင်းတောင် ကျေးရွာအုပ်စု စာကိုင်းရွာ (ရှိခ်ဒါရ်ဖာရာ) သို့ဝင်ရောက်၍ ဦးဘော်ရှိရ်အာမတ်၏ နေအိမ်နှင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ် (၁၀) လုံးကို နှစ်နာရီကြာမျှ လည်ပတ် ကြည့်ရှု၍ အပြန်တွင် ဦးအဒူရှကူရ်၏ နေအိမ်မှ သစ်ခွဲစက် အငယ်တစ်လုံးနှင့် ပတ်ဝန်းကျင် အိမ်များမှ ကြက် ၄ ကောင် လုယက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ဇူလိုင် (၉) ရက်နေ့ နံနက် ၁း၃၀ နာရီအချိန်တွင် ဦးဘော်ရှိရ်အာမတ်၏ နေအိမ်သို့  မွတ်စလင်အမျိုးသမီးဝတ် ဘူရ်ခါများ ခြုံ၍ ၀င်ရောက်လာခဲ့သည်။ နေအိမ်အတွင်းရှိသူများက စစ်သားများ ဖြစ်ကြောင်း သိရှိသွားသောအခါ ဖမ်းဆီးသွားမည်ကို စိုးရိမ်၍ အမျိုးသားများ အိမ်ပြင်သို့ တိမ်းရှောင်သွားခဲ့သည်။ ထို့နောက် စစ်သားများက နေအိမ်အတွင်းရှိ အမျိုးသမီးများကို အိမ်ပြင်သို့ ထုတ်၍ နိုင်လွန်ကြိုးဖြင့် သစ်ပင်တွင် ချည်နှောင်ထားကာ ဓါးချွန်းများဖြင့် ထိုးခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ခန္ဓာကိုယ်တွင် ဆင်မြန်းထားသည့် လက်ဝတ်ရတနာများ လုယက်ယူခြင်းများ ပြုလုပ်ခဲ့သည့် အပြင် နေအိမ်အတွင်း ရွှေ၊ ငွေများ ထားရာနေရာကို အတင်းအဓမ္မ ညွန်ပြခိုင်းခဲ့သည်။ 

အဆိုပါ စစ်သားများသည် ယင်းအိမ် ရွှေ ၆ ကျပ်သားနှင့် ငွေကျပ် ၂၅ သိန်းကျော် ဓါးပြတိုက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

လုယက်ခံရသည့် သတင်း ပြန့်နှံ့သွားပြီးနောက် နံနက် မိုးလင်းသည့် အချိန်တွင် ကျောင်းတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး စစ်ဆေးချက် ယူမည့် ပုံစံဖြင့် ဓါးပြတိုက်ခံရသည့် မိသားစုဝင်များ အားလုံးကို စစ်သားများက လုယက်ခဲ့သည်ကို မည်သူ့ကိုမှ မပြောရန်၊ ပြောလျှင် ပြဿနာရှည်သွားမည် ဖြစ်ပြီး မိသားစုအားလုံး ဒုက္ခရောက်လိမ့်မည်ဟု ခြိမ်းခြောက်၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။ 



RB News
8.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာတို့သို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ရွာသားများကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ပြီး ရွာပြင်သို့ တွန်းပို့နေသလို ဖြစ်နေသဖြင့် လယ်ယာစိုက်ပျိုးရန် မလွယ်တော့ဘဲ ရှေ့လျှောက် အငတ်ဘေး ကြုံတွေ့ရမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာတို့ရှိ ဒေသခံရွာသား  အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ပြီး၊ ၉၈% ကျော် ဒေသခံများမှာ ဆင်းရဲမွဲတေနေသူများ ဖြစ်ကြသည်။

ဇွန်လနှင့် ဇူလိုင်လ များတွင် လယ်ယာစိုက်ပျိုးရမည့် အချိန်ဖြစ်သော်လည်း ကြိမ်ချောင်းနှင့် ဇီးပင်ချောင်း ကျေးရွာများ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက နေ့စဉ် ရွာများထဲသို့ ၀င်ရောက်၍ ရွာသားများကို ရွာပြင်သို့ မောင်းထုတ်ခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ လက်နက်ပြ၍ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“နယ်ခြားစောင့်ရဲတွေက နေ့တိုင်း အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်ထိလောက် ရွာထဲ ၀င်လာတယ်။ ရွာသားတွေကို မောင်းထုတ်တယ်။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အိမ်တွေကနေ ထုတ်ပြီး အပြင်မှာ စုထိုင်ခိုင်းထားတယ်။ နေပူမိုးရွာ မရှောင် ထိုင်ခိုင်းပြီး အပြစ်ပေးသလို လုပ်ထားတယ်။ ပြီးတော့ ပစ္စည်းတွေလုတယ်။ အခု စပါးစိုက်ရမယ့် ရာသီမှာ စပါးစိုက်လို့ မရဘူး။ ရွာသားတွေကို ရွာထဲကို ပြန်မ၀င်ရဲတော့လောက်အောင် ခြိမ်းခြောက်တယ်။ ဒါကတော့ တစ်နည်းအားဖြင့် နိုင်ငံထဲကနေ ထွက်ပြေးအောင် လုပ်တာပဲ။ အခုလို ပုံစံမျိုး လုပ်နေရင် စပါးစိုက်လိုက်ရတော့မှာ မဟုတ်ဘူး။ ကျွန်းပေါက်ပြုစုက ရွာသူရွာသားတွေ အငတ်ဘေး ကြုံရဖို့ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒေသခံများက ယခုကဲ့သို့ နေ့စဉ် ရက်ဆက် ညှဉ်းပန်းနှိပ်စက်နေသည်ကို ရပ်တန့် ပေးရန် ပြည်ထောင်စု အစိုးရအားတောင်းဆိုကြောင်း၊ လွတ်လပ်စွာ စပါးစိုက်ပျိုးခြင်း မပြုလုပ်နိုင်ပါက အငတ်ဘေးကြုံတွေ့ရမည် ဖြစ်သဖြင့် မခံနိုင်တော့သည့် အဆုံးတွင် မလိုလားအပ်သည့် ပြဿနာများဖြင့် ရှုပ်ထွေးလာနိုင်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရက အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။




Rohingya Eye
RB News
8.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့။ လိပ်ရကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ဒေသခံရွာသားများကို ဓါးထိုးမှုနှင့် ပတ်သက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့်ရဲများကို ဒေသခံရွာသားများထံမှ ငွေညှစ်နိုင်ရန် နည်းလမ်းများ ရှာပေးခဲ့သူ ဦးနူရူအစ္စလာမ် (အသက် ၃၄ နှစ်) ကို ဇွန်လ (၂၄) ရက်နေ့က ဓါးထိုးမှုနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခဲ့ရာ ဒေသခံ (၁၄) ဦးကို ဖမ်းဆီးခဲ့ပြီး (၁၀) ဦးကို ဇူလိုင်လ (၁) ရက်နေ့တွင် ငွေညှစ်၍ ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၄) ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရပြီး ပြန်လည် လွတ်မြောက်လာသည့် လိပ်ရကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံများ (၁၀) ဦးမှာ --

(၁) ဦးဘထွန်း (ဘ) ဦးဘော်ခေါ်ရ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေကျပ် ၂ သိန်း
(၂) ရှော်ဖိခ် (ဘ) ဦးလော့သီး (အသက် ၂၂ နှစ်) - ညှစ်ခံရငွေကျပ် တစ်သိန်းခွဲ
(၃) အာယုဖ် (ဘ) ဦးအုစ်မာန် (အသက် ၁၆ နှစ်) - ညှစ်ခံရငွေကျပ် ၁၀ သိန်း
(၄) ဦးရှာဘ်မျာ (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၅) ဦးဆွေဒူလာမီးန် (ဘ) ဦးလာလူး (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၆) ဟာဖီးဇ်ရှီခါန်ဒေါ့ရ် (ဘ) ဦးအဒူလ်အာဇီးဇ် (အသက် ၅၅ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၇) အဒူရာမာန် (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၈) မူဂျီဘ် (ဘ) ဦးအာရှော်သ်အူလ္လာ (အသက် ၁၈ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၉) ဖူသီယာ (ဘ) ဦးဟာမိဒူလ္လာ (အသက် ၂၅ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၁၀) ဦးဘော်ဒူရူ (အသက် ၆၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း - တို့ဖြစ်ကြသည်။

ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူ (၄) ဦးမှာ --

(၁) ဦးအဘူရ်နူရ်ဘော်ရှော်ရ် (ဘ) ဦးဟိုက်ရ် (အသက် ၂၈ နှစ်)
(၂) ဆွေတာလောမ် (ဘ) ဦးဖူသ်ခါး (အသက် ၂၄ နှစ်)
(၃) ဦးမုဟိဘူလ္လာ (ဘ) ဦးဖူးန်ဒူရာ (အသက် ၄၅ နှစ်)
(၄) အာနိုဝါရ်အစ္စလာမ် (ဘ) ဦးအာမီးန်အုလ္လာ (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။ 

ဓါးထိုးမှု မဖြစ်ပွားမီ တစ်ရက်အလိုတွင် ဖမ်းဆီးခံထားရသူ လိပ်ရမြောက်ရွာသား ဦးရော်ဘူလ်အာမီးန် (ဘ) ဦးအူဘိုဒူလော့ခ် (အသက် ၃၅ နှစ်) ထံမှလည်း ငွေကျပ် သိန်း ၅၀ ညှစ်ယူ၍ ဇွန်လ (၂၉) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 




RB News
7.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေအနီးရှိ ငါးရန့်ချောင်း ကျေးရွာအုပ်စု မောင်နှမရွာမှ နေအိမ်နှစ်လုံးကို တပ်ရင်း ၅၅၂ မှ စစ်သားများက ဓါတ်ဆီလောင်း၍ မီးတင်ရှို့ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၅) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေအနီးရှိ ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာ (ဘော်စ်ဒ္ဒေါ်ဖာရာ) သို့ ခမရ ၅၅၂ တပ်ရင်းမှ စစ်သားများ စီးနင်းဝင်ရောက်ပြီး ရွာရှိ အကြီးဆုံးနေအိမ်များ ဖြစ်ကြသည့် ဦးဇော်ကော်ရီယာ (ဘ) ဦးဘာဆဲရ်အာမတ်နှင့် ဦးမိုဟာမတ်အာနိုဝါရ် (ဘ) ဦးရော်ရှိတ်အာမတ်တို့၏ နေအိမ်များကို ဓါတ်ဆီလောင်း၍ မီးတင်ရှို့ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ယင်းရွာတွင် ဆက်လက် စခန်းချထားပြီး ရွာသူရွာသားများကို ညစ်ညမ်းရိုင်းပျစွာ ဆဲဆိုခြင်း၊ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို လုယက်၍ သတ်ဖြတ်စားသုံးခြင်း၊ နောက်ထပ် နေအိမ်များကို ထပ်မံ၍ မီးရှို့မည်ဟု ခြိမ်းခြောက်များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




RB News
7.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားဒေ၀ါနာလီ ကျေးရွာအုပ်စု (နတ်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ဒေသခံများထံမှ ပစ္စည်းများနှင့် ငွေများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားဒေ၀ါနာလီ ကျေးရွာအုပ်စု (နတ်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် ဇူလိုင်လ (၃) ရက်နေ့ ၈ နာရီခန့် အချိန်တွင် ပဒကားရွာသစ် ကျေးရွာအုပ်စု ဒုံဂူလာရွာသို့ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးသည့် ပုံစံဖြင့် အိမ်များသို့ ၀င်ရောက်ပြီး အခန်းများအားလုံးကို စစ်ဆေးခြင်း၊ သေတ္တာများ ဖွင့်၍ တွေ့ရှိသော အသုံးအဆောင်ပစ္စည်းများကို ခိုးယူသွားခြင်း၊ အိမ်ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်များ ခူးယူသွားခြင်း၊ ကြက်များ ဖမ်းယူသွားခြင်း၊ ငွေများလုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ပစ္စည်းများနှင့် ငွေများ လုယက်ခံရသူအချို့မှာ --

(၁) ဒုံဂူလာ ဗလီဝတ်ကျောင်းတော်မှ ဆိုလာပြား၊ ဘက်ထရီတစ်လုံးနှင့် မီးသီးများ
(၂) ဦးအေဇာရ်ဟူစိန်း (ဘ) ဦးဇော်ကိရ်အာမတ်၏ ဆိုင်မှာ ဆပ်ပြာများ
(၃) ဦးရော်ရှိတ်အာမတ်၏ နေအိမ်မှာ ဘက်ထရီ တစ်လုံး
(၄) ဦးရှော်ဖိခ်နှင့် ဦးတွာဟား (ဘ) ဦးဘော်ရှီရ်အာမတ်တို့ ညီအစ်ကို နှစ်ဦးထံမှ ငွေကျပ် ၂ သိန်း
(၅) ဦးအာဘုလ်ကာဆိမ်း၊ ဒေါ်ဆေမောန်ခါတူ၊ ဦးအူလာမျာနှင့် ဦးကာဒိရ်ဟူစိန်း တို့ထံမှ ဟင်းသီးဟင်းရွက်များနှင့် ကြက်များ ယူဆောင်သွားကြောင်း - သိရှိရပါသည်။








ယျာတင် (ရိုဟင်းသား)
RB News
5.7.2017

- "ရခိုင်​ပြဿနာဟာ ရှုပ်​​ထွေးတယ်​။ နက်​နဲတယ်​။ တစ်​ရက်​တည်း တစ်​ညတည်း တစ်​ထိုင်​တည်းနဲ့ ​ဖြေရှင်းလို့မရဘူး" ဆိုပြီး ​ဒေါ်​အောင်​ဆန်းစုကြည်​က နိုင်​ငံတကာအသိုင်းအဝိုင်းကို မကြာခဏ ပြောလေ့ရှိတယ်။

- ဘာကို​ထောက်​ပြီး ရှုပ်​​ထွေးတယ်​​၊ ဘာကိုအ​ကြောင်းခံပြီး နက်​နဲတယ်​လို့ ​ပြော​နေတာလဲ ဆိုတာ ကျ​နော်​လည်း ​သေချာ နားမလည်​​သေးဘူး။

- ရခိုင်​ပြည်​နယ်​က Muslim community ဟာ ခွဲခြားဆက်​ဆံခံရတာ၊ လူမဆန်​​အောင်​ ဖိနှိပ်​ခံ​နေရတာ ဆယ်စုနှစ်​နဲ့ချီခဲ့ပြီ။ ဒါက ​အစိုးရအဆက်​ဆက်​ရဲ့ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှု ဆိုတာ လယ်​ပြင်​မှာ ဆင်​သွားသလို ထင်​ရှား​နေတဲ့ ကိစ္စပါပဲ။ နိုင်​ငံ​ရေးအရ အမြတ်​ထုတ်​ချင်​ခဲ့တဲ့ နိုင်​ငံ့​ခေါင်း​ဆောင်​​တစ်​ချို့ရဲ့ ကစားပွဲမှာ ဒီလူ​တွေဟာ ကြားမှာ ဓားစားခံဘဝ​ရောက်​ခဲ့ရှာရတယ်​လို့ ​ပြောရင်​ မှားစရာမရှိပါဘူး။

- ရခိုင်​ပြဿနာကို တကယ်​ပဲ ​ဖြေရှင်းချင်​​နေသလား။ ရှင်းရှင်း​လေးပါပဲ။

(က) ခွဲခြား ဖိနှိပ်​ခံ ရခိုင်​ပြည်​က Muslim community ဟာ သူ့တို့ကို သူတို့ ရိုဟင်​ဂျာဆိုပြီး ခိုင်​ခိုင်​မာမာ ခံယူထားသူ​တွေဖြစ်​တယ်​။ ဒါကို လူ့အခွင့်​အ​ရေး၊ နိုင်​ငံတကာစံနှုန်း​တွေ နားလည်​တဲ့သူတစ်​​ယောက်​ကို ကန့်​ကွက်​ရင်​ တကယ်​ရှက်​စရာ ဖြစ်​ပါလိမ့်​မယ်​။ "မြန်​မာ" ဆိုတဲ့ နာမည်​ကို မကြိုက်​လို့ "​Burma" လို့ သုံးနှုန်းခဲ့တာကို ကမ္ဘာက အ​လေးထားဖူးတဲ့ အချက်​ကို ပြန်​လည်​စဉ်းစားကြည့်​ပါ။ မိမိနာမည်​ကို မိမိ​ခေါ်ခွင့်​မရှိရဘူးလို့ ​ပြောတာ​လောက်​ ရုပ်​ဆိုးတဲ့ ခွဲခြားဖိနှိပ်​မှု ရှိ​နေအုံးမလား။ စိတ်​ဓာတ်​မှန်​ လူမှန်​ရင်​ နာမည်​တစ်​ခုကို အသည်းအသန်​ ပိတ်​ပင်​ပြီး ဒီလူ​တွေကို ကြိုက်​သလို သတ်​ခဲ့မှာမဟုတ်​ဘူး။ စိတ်​ဓာတ်​ပဲ ရိုးသား မှန်​ကန်​ဖို့လိုပါတယ်​။

ပြီး​တော့ ဒီလူ​တွေဟာ ရခိုင်​ပြည်​ (​မူရင်းအခေါ်အဝေါ် - အာရ်​ကာန်​) ရဲ့ မူလဘူတ လူမျိုးလား။ ဒါမှမဟုတ်​ မ​နေ့တစ်​​နေ့က ဘင်္ဂလား​ဒေရှ့်​နိုင်​ငံက​နေ စိမ့်​ပြီးခိုးဝင်​လာတဲ့ လူ​တွေလား။ ဒီတစ်​ချက်​ အရင်​ ​ဖြေရှင်းပါ။ သမိုင်းဆိုင်ရာ​ကိစ္စမို့ သက်​ဆိုင်​ရာ သမိုင်းပညာရှင်​​တွေကို ​ခေါ်​တွေ့၊ ​ဆွေး​နွေးရင်​ အ​ဖြေထွက်လာပါ​မယ်​။

(ခ) မူလဘူတ ဌာ​နေ ဖြစ်​​နေရင်​ မူလဘူတ ဌာ​နေတစ်​ဦး ရသင့်​ရထိုက်​တဲ့ အခွင့်​အ​ရေး​တွေ ​ပေးလိုက်​ပါ။ ၁၉၈၂ နိုင်​ငံသား ဥပ​ဒေအရ "၁၈၂၃ မတိုင်​က မြန်​မာနိုင်​ငံနယ်​နမိတ်​အတွင်း မှီတင်း​နေထိုင်​သူ​တွေဟာ ဒီနိုင်​ငံရဲ့ တိုင်းရင်းသား ဖြစ်​တယ်​" ဆိုတဲ့ ဥပ​ဒေတစ်​ခုနဲ့တင်​ လုံ​လောက်​ပါတယ်​။

(ဂ) အဲ့လို အခွင့်​အ​ရေး​ပေးရင်​ တစ်​ဖက်​လူ့အဖွဲ့အစည်းက မကြိုက်​ဘူး၊ သ​ဘောမတူဘူး ဆိုပြီး အ​ကြောင်းပြလာရင်​​တော့ အဲ့ဒီအ​ကြောင်းပြချက်​ဟာ ယုတ္တိမဲ့​နေပါလိမ့်​မယ်​။ တစ်​ဖက်​လူ့အဖွဲ့အစည်းရဲ့ လူမဆန်​မှု၊ အငြိုးတရား၊ အမုန်းတရား​အောက်​မှာ ဒီလူ​တွေရဲ့ ​သွေးစက်​​တွေ၊ ဘဝ​တွေ၊ အသက်​​တွေ၊ အနာဂတ်​​တွေကို ထပ်​ပြီး ဖျက်ဆီးခံရမှာလား။ ​ပေးဆပ်​​မြဲ ​ပေးဆပ်​နေမြဲရမှာလား။

(ဃ) မ​နေ့တစ်​​နေ့က ခိုးဝင်​လာသူ ဖြစ်​ခဲ့ရင်​​တော့ သက်​ဆိုင်​ရာ နိုင်​ငံကို ​ခေါ်​တွေ့ပြီး "ခင်​​ဗျားတို့နိုင်​ငံက​နေ စိမ့်​ဝင်​လာတဲ့ လူ​တွေ၊ အ​ထောက်​အထားက ဒီမှာ၊ ပြန်​​ခေါ်သွားလိုက်​ပါ" ဆိုပြီး ​ပြော​လိုက်​ရုံပါပဲ။ သက်​ဆိုင်​ရာ နိုင်​ငံက ​ခေါ်မသွားဘူးဆိုရင်​ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆီ တင်​ပြပါ။ "ဒီလူ​တွေ ငါတို့နိုင်​ငံက မဟုတ်ဘူး၊ သက်​ဆိုင်​ရာ နိုင်​ငံကလည်း ​ခေါ်မသွားဘူး၊ ခိုးဝင်​လာ​ကြောင်း အ​ထောက်​အထားလည်း ဒီမှာရှိတယ်​၊ ငါတို့နိုင်​ငံမှာလည်း ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​​နေတယ်​၊ အဲ့​တော့ ဒီလူ​တွေရဲ့ပြဿနာကို ခင်​​ဗျားတို့ ​ဖြေရှင်း​ပေးပါ၊ မဟုတ်​ရင်​ ငါတို့ ရတဲ့နည်းနဲ့ နှင်​ထုတ်​ပစ်​ရမယ်​" ဆိုပြီး ​ခေါင်း​မော့ ရင်​​ကော့​ပြီး​ပြောလိုက်​ရုံပါပဲ။

- ရှင်း​နေတာပဲ။ ဘယ်​မှာလဲ နက်​နဲတာ။ ဘယ်​မှာလဲ ရှုပ်​​ထွေး​နေတာ။

×××

အခုက ရခိုင်​ပြဿနာဟာ နက်​နဲတယ်​၊ ရှုပ်​​ထွေးတယ်​၊​ဖြေရှင်းရခက်​​နေတယ်၊ အချိန်​ယူ ​ဖြေရှင်းရမယ်​ ဆိုပြီး ဇတ်​ရှည်​​သွားအောင်​ လုပ်​​နေ​တာဟာ ကမ္ဘာ့ငြိမ်းချမ်း​ရေး နိုဘယ်​ဆုရှင်​လည်းဟုတ်​၊ ဒီမိုက​ရေစီ ​ခေါင်းစဉ်​နဲ့ တက်​လာတဲ့ အစိုးရရဲ့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်​လည်း ဖြစ်​တဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​မှာလည်း အရင်​စစ်​အစိုးရလို ယုတ်​မာတဲ့စိတ်​ဓာတ်​​၊ လူလူချင်း ကိုယ်​ချင်းမစာနာတဲ့ စိတ်​ဓာတ်​တွေရှိ​နေပြီလား ဆိုပြီး နိုင်​ငံတကာ အသိုင်းအဝိုင်းက မီး​မောင်းထိုး ​ဝေဖန်​​နေတာ ​တွေ့ရပါတယ်​။

မေတ္တာရှင်​လို့ နာမည်ကြီးတဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို အများကလည်း ​မေတ္တာပုံရိပ်​စကားလုံးဖြစ်​တဲ့ "အ​မေ" နဲ့ တင်​စား​ခေါ်​ဝေါ်​နေချိန်​ ​ဒေါ်​အောင်​ဆန်းစုကြည်​အ​နေနဲ့လည်း ဒီရခိုင်​ပြည်​က Muslim Community ကြီးကို ကိုးကွယ်​တဲ့ ဘာသာတစ်​ခုတည်း​ကြောင့်​ လူမဆန်​​အောင်​ ခွဲခြား ဖိနှိပ်​​နေတာ​တွေ ရပ်​တန့်​​အောင်​ ဦး​ဆောင်​လုပ်​​ပေးချိန်​ တန်​ပါပြီ။

ကျ​နော်​တို့ ရခိုင်​ပြည်​နယ်​က Muslim Community ဟာ လူက​မွေးလာပြီး လူ့အသိုင်းအဝိုင်းမှာ ​နေ​နေရတဲ့ လူ​တွေဆို​တော့ လူ့ဂုဏ်​သိက္ခာနဲ့ ​ဘဝရှင်​ခွင့်​ရ​ရေးအတွက်​ ​တောင်းဆိုခွင့်​ရှိတယ်​လို့ ယုံကြည်​​နေသူများ ဖြစ်​တာနဲ့အညီ ကျ​နော်​တို့ရဲ့ ရသင့်​ရထိုက်​တဲ့ အခွင့်​အ​ရေးများကို ဆက်​လက်​ပြီး မတရား ပိတ်​ပင်​ထားတာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။

တကယ်​​တော့ ရခိုင်​ပြဿနာဟာ နက်​နဲရှုပ်​​ထွေး​နေတာ မဟုတ်​ဘဲ ​ဖြေရှင်း​ပေးရမယ့်​ ပုဂ္ဂိုလ်​​တွေရဲ့ စိတ်​ဓာတ်​သာ မှန်​မှန်​ကန်​ကန်​နဲ့ တရားမျှတရန် လိုအပ်​​နေတာသာဖြစ်​​ကြောင်း သုံးသပ်​တင်​ပြလိုက်​ရပါတယ်​။

ကျ​နော်​ ယျာတင်​ ရိုဟင်းသား ဖြစ်​ပါတယ်​။


RB News
5.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ဘော်တလီရွာ ၁၊ ၂ နှင့် ရွာဟောင်းရွာ များသို့ ဇွန်လ (၂၄) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများ၊ အစွန်းရောက် စိတ်ဓါတ် တက်ကြွနေကြသည့် ရခိုင်ရွာသားများ ၀င်ရောက်၍ နေ့စဉ် ရက်ဆက် လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၂၆) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကြိမ်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ ၅၀ ဦးကျော်နှင့် ရခိုင်ရွာသား ၁၀၀ ကျော်တို့သည် ကျွန်းပေါက်ပြုစု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းတို့ကို ၀န်းရံပိတ်ဆို့ပြီး ရွာထဲသို့ဝင်ရောက်၍ နေအိမ်များတွင် လူ ရှိ/မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် လူမရှိသည့် နေအိမ်များမှ ပစ္စည်းများ လုယက်ခဲ့သည်။ ဥပုသ်လတွင် တရားထိုင်နေသည့် ဦးအဒူလော်တီ (ဘ) ဦးဆိဒိခ် နှင့် ဦးအဒူရော်ဟိမ်း (ဘ) ဦးနာဇိရ်ဟူဆောင်း တို့ကို တရားခံများသဖွယ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ယင်းနေ့တွင်ပင် တူရိန်းရခိုင်ရွာမှ အစွန်းရောက်များသည် ကျွန်းပေါက်ပြုစု ဘော်တလီရွာမှ အသက် ၈၀ ကျော်အရွယ် လူမမာ ဦးအဘူဆိဒိတ်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ တားဆီးမှုကြောင့် သတ်ဖြတ်ခွင့် မရခဲ့ပေ။ သို့သော်လည်း အဆိုပါ အဖိုးအိုကို နယ်ခြားစောင့်ရဲ လက်ထဲသို့ အပ်နှံခဲ့သောကြောင့် နယ်ခြားစောင့်ရဲများက နှစ်ရက်တိုင်တိုင် ညှဉ်းပန်းနှိပ်စက်ပြီး ဇွန်လ (၂၇) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျွန်းပေါက်ပြုစု ရွာဟောင်းရွာမှ အသက် ၇၀ ကျော်အရွယ် ဦးကာလာမျာ (ဘ) ဦးကူလ္လာမျာ ကိုလည်း ဇွန်လ (၂၄) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

နယ်ခြားစောင့်ရဲများက အစွန်းရောက် စိတ်ဓါတ် တက်ကြွနေသည့် ရခိုင်ရွာသားများကို သွေးထိုးပေး၍ ပြဿနာ ကြီးထွားလာအောင် ပြုလုပ်ခဲ့ပြီး၊ နယ်ခြားစောင့်ရဲများက တရားခံရှာဖွေသည့် ပုံစံဖြင့် ရွာများထဲသို့ ၀င်ရောက်၍ ၎င်းတို့နှင့် အတူပါလာသည့် အစွန်းရောက် ရခိုင်ရွာသားများကို ဥပဒေမဲ့ ရမ်းကားခွင့် ပေးခဲ့သည်ဟု ဆိုသည်။

ဇွန်လ (၂၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း နယ်ခြားစောင့်ရဲများ အပါအ၀င် ရခိုင်ရွာသား ၄၀ နီးပါးက ရွာကို ပိတ်ဆို့၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့ရှိသမျှ ရိုဟင်ဂျာရွာသားများကို လူသတ်တရားခံများအဖြစ် စွပ်စွဲ၍ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။

ဇွန်လ (၂၄) ရက်နေ့မှစ၍ ယနေ့အချိန်ထိ ရွာများထဲသို့ ကြိမ်ချောင်းနှင့် ဇီးပင်ချေင်းမှ နယ်ခြားစောင့်ရဲများ နေ့စဉ်ရက်ဆက် ၀င်ရောက်၍ နေအိမ်များ အတွင်းမှ အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လုယက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ အ၀တ်အစားများ လုယက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ရွာသားများ ရွာထဲတွင် မနေရဲတော့သည့် အခြေအနေ ဖြစ်လာပြီး၊ စားဝတ်နေရေးလည်း ခက်ခဲလာသည်ဟု ဒေသခံများက ပြောပါသည်။

ဇွန်လ (၃၀) ရက်နေ့တွင်လည်း ဇီးပင်ချောင်းမှ နယ်ခြားစောင့်ရဲ (၁၄) ဦးရောက်ရှိလာပြီး ကျွန်းပေါက်ပြုစု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာများရှိ နေအိမ်များမှ လုယက်ခဲ့သည်။ ရွာသားများကို ရွာပြင်သို့ထုတ်၍ ရွာထဲသို့ မ၀င်ရဟု နယ်ခြားစောင့်ရဲများက တားမြစ်ထားပြီး စိတ်တိုင်းကျ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“ဇီးပင်ချောင်းက နယ်ခြားစောင့်ရဲတွေ နေ့တိုင်းလာပြီး နှောက်ယှက်တယ်၊ လုယက်တယ်။ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း ဒုက္ခသည်တွေလို ဖြစ်နေပြီ။ နေ့စဉ်နေ့တိုင်း အမျိုးသမီးတွေကိုလည်း နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဇူလိုင်လ (၃) ရက်နေ့တွင်လည်း ဇီးပင်ချောင်းမှ နယ်ခြားစောင့်ရဲ ၃ ဦးသည် ရွာဟောင်းရွာသို့ ၀င်ရောက်၍ အမျိုးသမီး ၂၀ ကျော်ကို နေအိမ်များမှ ခေါ်ထုတ်၍ မိုးရွာထဲတွင် နှစ်နာရီကျော် ထိုင်ခိုင်းထားပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

ဇူလိုင်လ (၄) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ဇီးပင်ချောင်းမှ နယ်ခြားစောင့်ရဲ ၁၆ ဦးသည် ကျွန်းပေါက်ပြုစု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာများမှ အမျိုးသမီးများကို နေအိမ်များ အပြင်သို့ ခေါ်ထုတ်၍ နှစ်နာရီကျော်ကျော် ထိန်းသိမ်းထားခဲ့ကြောင်း၊ ထို့နောက် မဖွယ်မရာ ပုံစံဖြင့် ဓါတ်ပုံရိုက်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ နောက်နေ့တွင် ဓါတ်ပုံတွင် ပါသူများကို ဖမ်းချုပ်၍ ဘူးသီးတောင် ထောင်သို့ ပို့မည်ဟု ပြောဆို၍ ခြိမ်းခြောက်ခဲ့သဖြင့် အမျိုးသမီးများ နေအိမ်များတွင် မနေရဲတော့ဘဲ နေအိမ်စွန့်ခွာ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




MYARF
RB News
4.7.2017

စစ်​​တွေ ။ ။ ရခိုင်​ပြည်​နယ်​၊ စစ်​​တွေမြို့နယ်​၊ ရွာကြီးမြောက်ရပ်ကွက်မှ အစွန်း​ရောက်​ ရခိုင်​အုပ်​စုတစ်စု၏ အကြမ်းဖက်​တိုက်​ခိုက်​မှု​ကြောင့့် ဒါးပိုင်​ဒုက္ခသည်​စခန်းမှ ရိုဟင်​ဂျာတစ်​ဦး အသတ်​ခံရပြီး၊ ရှစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိပါသည်​။

ဇူလိုင်​လ (၄) ရက်​​နေ့၊ ​နေ့လည်​အချိန်​တွင်​ ဒါးပိုင်​ ရိုဟင်​ဂျာ ဒုက္ခသည်​စခန်းမှ ရိုဟင်​ဂျာ ကိုး​ဦးတို့သည်​ ​စစ်​​တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်ရှိ ရောင်​နီဦးဆိပ်​ကမ်းတွင်​ ကမ်းဆိုက်​ထားသည့်​ ရခိုင်​လူမျိုး ​ရှေ့​နေတစ်​ဦး၏ ​စက်​​လှေတစ်​စီးကို ၎င်း​ရှေ့​နေ၏ ဖိတ်​ကြားချက်​အရ ဝယ်​ယူရန်​ သွား​ရောက်​ ကြည့်​ရှု​လေ့လာခဲ့ရာတွင်​ ယင်းနေရာတစ်​ဝိုက်​မှ အစွန်း​ရောက်​ရခိုင်​အုပ်စုတစ်စု ရောက်​ရှိလာပြီး အကြမ်းဖက်​ တိုက်​ခိုက်​မှု ပြုလုပ်​ခဲ့ခြင်း ဖြစ်​​ကြောင်း သိရှိရပါသည်​။ စက်​​လှေပိုင်​ရှင်​ ရခိုင်​လူမျိုး ​ရှေ့​နေ (အမည်​မသိရ​သေး) တစ်​ဦး၏ ဖိတ်​​ခေါ်ချက်​အရ ဒါးပိုင်​ဒုက္ခသည်​စခန်း၏ တာဝန်​ခံတစ်​ဦးလည်းဖြစ်​​၊ အငြိမ်းစားရဲတပ်​ဖွဲ့ဝင်တစ်​ဦးလည်းဖြစ်​သည့်​ ဦးလှမြင့်​ (ခ) ဦးနူရူက စက်​​လှေကို ဝယ်​ယူပြီးလျှင်​ ဒါးပိုင်​သို့ တစ်​ပါးတည်း ​မောင်း​ယူလာနိုင်​ရန်​ စက်​​လှေနှင့် ပတ်သက်၍ ကျွမ်းကျင်​သူအချို့ကို အတူ ​ခေါ်သွားခဲ့ခြင်းဖြစ်​ပြီး ရဲတပ်ဖွဲ့နှစ်ဦးလည်း အတူပါရှိခဲ့​ကြောင်း သိရှိရသည်​။

"သူတို့က ​ရှေ့​နေ​ခေါ်လို့ စက်​​လှေကို သွားကြည့်​တာ။ ကြိုက်​ရင်​ ဝယ်​လိုက်​မယ်​၊ တစ်​ပါးတည်း ​မောင်းယူလာမယ်​ဆိုပြီး စက်​​လှေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်​သူ အချို့ကိုပါ အတူ ​ခေါ်သွားတာ။ တကယ်​​တော့ ရိုဟင်​ဂျာ​တွေ မြို့​ပေါ်ကို တက်​လို့ရတာ မဟုတ်​ဘူး။ အခုက ​စက်​​လှေကလည်း ​ရခိုင်​လူမျိုး ​ရှေ့​နေပိုင်​၊ ​ခေါ်တာလည်း သူ၊ ရဲလည်း နှစ်​​ယောက်တောင်​ အ​စောင့်​လိုက်​ပါ​ပေး​တော့ သွားလိုက်​တာ။ ဒုက္ခသည်​စခန်းက လူ​တွေမှာ အလုပ်​အကိုင်​မရှိ​တော့ တစ်​ပတ်​နွမ်း စက်​​လှေတစ်​စီး​လောက်​ ဝယ်​ပြီး အနီးအနားမြစ်​​ချောင်း​တွေမှာ ငါး​တွေသွားဖမ်းမယ်​ စိတ်​ကူး​နေကြတာပေါ့။ ဟို​ရောက်​​တော့ အစွန်း​ရောက်​ရခိုင်​အုပ်​စုက ဝိုင်းတိုက်​တယ်​။ တစ်​ဦးက​တော့ အဲ့​နေရာမှာတင်​ ရက်​ရက်​စက်​စက်​အသတ်​ခံလိုက်ရ​တာ။ ကျန်​တာ​တွေက ဒဏ်​ရာ ပြင်းပြင်းထန်​ထန်​ ရကြတယ်။ ဒဏ်​ရာရသူ​တွေထဲက စိုးရိမ်​ရတဲ့ နှစ်​​ယောက်​ကို စစ်​​တွေ​ဆေးရုံတင်​လိုက်​တယ်​။ အသတ်​ခံရသူရဲ့အ​လောင်းနဲ့ ကျန်​လူတွေကို ည​နေက အိမ်​ပြန်​ပို့လိုက်​တယ်​။" ဟု ဖြစ်​စဉ်​ကို အနီးကပ်​​လေ့လာခဲ့သည့်​ ဒါးပိုင်​ဒုက္ခသည်​ စခန်းမှ အမည်​မ​ဖော်​လိုသူ တစ်​ဦးက ​RB News သို့ပြောပါသည်။ 

အသတ်​ခံရသူမှာ ဦးအဒူရှုက္ကုရ်​၏သား ဦး​မောင်​နု၊ အသက်​ (၆၀) ခန့်​ ရှိသူဖြစ်​ပါသည်​။

ဒဏ်​ရာပြင်းပြင်းထန်​ထန်​ရရှိပြီး စစ်​​တွေ​ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်​ရှိရသူ နှစ်​ဦးမှာ - ဦးလှမြင့်​ (ခ) နူရူ- အသက်​ (၆၀) နှစ်​ခန့်​ (အငြိမ်းစား ရဲတပ်ဖွဲ့ဝင်) နှင့်​ ၎င်း၏ သားဖြစ်​ကြသည်​။ 

ဒဏ်​ရာရရှိခဲ့သည့်​ အခြားသူများမှာ --

၁။ ဦးအာဘူအာ​လောမ်​ - အသက်​ (၆၅) နှစ်​ခန့်​ (ဘ) ဦးအာဘူလ်​ဟူးဆိန်း
၂။ ဦးအ​ဗ်​ဒူမာလဲခ်​ - အသက်​ (၃၈) နှစ်​ခန့်​ (ဘ) ဦးဆယဒ်​ဟူးဆိန်း
၃။ ဦးဖူတူးယား - အသက်​ (၃၅) နှစ်​ခန့်​ (ဘ) ဦးကာလာမျာ
၎။ ဦးအ​ဗ်​ဒူလ်​ဟားမိတ်​ -အသက်​ (၃၂) နှစ်​ခန့်​ (ဘ) ​အ​ဗ်​ဒူလ်​မာဘူသ်
၅။ မိုဟာမတ်​ဟူးဆိန်း - အသက်​ (၂၅) နှစ်​ခန့်​ (ဘ) စုံစမ်းဆဲ -- တို့ဖြစ်​ကြသည်​။ 

စစ်​​တွေမှ ရိုဟင်​ဂျာများသည်​ ၂၀၁၂ ခုနှစ်​၊ဇွန်​လတွင်အစွန်း​ရောက်​များ၏ အကြမ်းဖက်​တိုက်​ခိုက်​မှု ခံခဲ့ရခြင်းကြောင့်​ မိမိ၏အိုးအိမ်စည်းစိမ်​​များထား၍ နေရပ်စွန့်​ခွာခဲ့ရပြီး ယ​နေ့အချိန်​အထိ ဒုက္ခသည်​စခန်း၌ ​ပိတ်လှောင်ထားခြင်း ခံနေရသည်။ ယ​နေ့အကြမ်းဖက်​မှုကို ကြည့်​လျှင်​ ရိုဟင်​ဂျာများ၏ ဘဝလုံခြုံမှု၊ အသက်​အိုးအိမ်​လုံခြုံမှု လုံးဝမရှိသည်​ကို ထင်​ထင်​ရှားရှား ​တွေ့မြင်​ရမည်​ဖြစ်​သည်​။ အဆိုပါ ဒုက္ခသည်​များသည်​ ငါးနှစ်​ကျော် ဒုက္ခသည်​စခန်းထဲတွင်​ ​ချောင်​ပိတ်​ခံ​နေရပြီး အပြင်​ထွက်​ခွင့်​မရခြင်း၊ အလုပ်​အကိုင်​မရှိခြင်း​ကြောင့်​ စားဝတ်​​နေ​ရေး မ​ပြေလည်​ခြင်း၊ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု မရရှိခြင်း၊ က​လေးများ ​ပညာသင်​ယူခွင့်​မရရှိ​ခြင်း စ​သော အခက်​အခဲ အကျပ်​အတည်းများဖြင့်​ ရင်​ဆိုင်​​နေရသူများလည်း ဖြစ်ကြသည်​။

ယ​နေ့ အကြမ်းဖက်​ခဲ့သည့်​ အစွန်း​ရောက်​အုပ်​စုကို အစိုးရက ဥပ​ဒေအရ အ​ရေးယူမည်​ဟု ထုတ်​​ဖော်​​ပြောကြားလိုက်​​သော်​လည်း ၂၀၁၂ ခုနှစ်​က ​တောင်​ကုတ်​တွင်​ အကြမ်းဖက်​ လူသတ်​ခဲ့သည့်​ အစွန်း​ရောက်​ ရာ​ပေါင်းများစွာကို အ​ရေးမယူဘဲ လွှတ်​ထားသည်​ကို ကြည့်​လျှင်​ အစိုးရ၏ ​ပြောစကားများကို ယုံနိုင်​ရန်​ခက်​ခဲ​ကြောင်း ဒါးပိုင်​ဒုက္ခသည်​စခန်းမှ ​မောင်​​ဇော်​ဦး (အမည်​လွှဲ)​ က သုံးသပ်​​ ပြောဆိုသည်။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက အကြမ်းဖက်​ခံခဲ့ရသူများသည်​ ရွာကြီး​မြောက်​ရပ်​ကွက်​ အနီးရှိ ​ဒေသခံများ၏ ဝိုင်းဝန်းခဲ​ပေါက်​​မှု​ကိုသာ ခံခဲ့ရခြင်းဖြစ်​သည်​ဟု သာမန်​မျှသာ​ဖော်​ပြ၍ သတင်းထုတ်​ပြန်​ခဲ့​သော်​လည်း အသတ်​ခံရသူ၏ ဒဏ်​ရာကို ကြည့်​လျှင်​ ဓါးများဖြင့် ခုတ်​သတ်​ခဲ့သည်​ကို ​တွေ့ရှိရမည်​ဖြစ်သည်။ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက ထုံးစံအတိုင်း လိမ်ညာ၍ သတင်းထုတ်ပြန်ထားသည်။ 

ငါးနှစ်​ကျော် ဒုက္ခသည်​စခန်းဝင်းထဲမှာပင် ​တင်းတင်းကျပ်​ကျပ်​ ချောင်​ပိတ်​ခံ​နေရပြီး အစစအရာရာ ဆုံးရှုံးခံ​​နေရသည့့် သူတို့ဒုက္ခသည်​များ၏ အနာဂတ်​သည်​ ​မှောင်​မိုက်​ပြီး ​ပျောက်​ဆုံး​နေလျက်​ရှိ​​နေဆဲဖြစ်​ကြောင်း ​မောင်​​ဇော်​ဦးက ရင်​ဖွင့်​ပါသည်​။










Rohingya Exodus