နောင်ဘဝလူဖြစ်ရင်
O'Laie Manzu
21.12.2012
ကျနော်ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အများအပြားနေထိုင်ကြ တဲ့ လူ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာရဲ့ သွန်သင်ဆုံးမမှုတွေ၊ ကျင့်ကြံ နေထိုင်မှုတွေ၊ ဓလေ့ထုံးစံတွေ၊ အယူအဆတွေနဲ့ အကျွမ်းတဝင်ရှိခွင့်ရခဲ့ပါတယ်။ အထိုက်အသင့်လေ့လာ ခွင့်ရခဲ့တယ်။ ကျနော်နားလည်သလောက်ဆိုရင် ဗုဒ္ဓဘာသာရဲ့ သွန်သင်ဆုံးမမှုတွေဟာ နူးညံ့သိမ်မွေ့ပြီး ဘဝတလျှောက်ကြုံတွေ့ခံစားရတဲ့ ဒုက္ခအဝဝကို ကင်းလွတ်စေဖို့နဲ့ ကြိမ်ဖန်များစွာ မွေးဖွားသေဆုံးရတဲ့ ဒုက္ခ သံသရာကနေ လွတ်မြောက်စေဖို့ အဓိကထားလမ်းညွန်ထားတာပါ။ အခြားဘာသာတွေနဲ့မတူဘဲ ထူးခြားတာကတော့ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓမြတ်စွာဘုရားဆီမှာ ဆုမွန်ကောင်းတောင်းတာမဟုတ်ဘဲ ဘုရားရဲ့လမ်းညွန်ချက်တွေကို လက်နာကျင့်သုံးပြီး ဗုဒ္ဓမြတ်စွာဘုရား လမ်းပြခဲ့သလို နေထိုင်ကျင့်ကြံကြတာ ဖြစ်တယ်။
ဒါပေမယ့် ပြုကျင့်သမျှ အကုသိုလ်တွေရဲ့ အကျိုးဆက်ကို လက်ရှိဘဝမှာဖြစ်စေ နောက်ဘဝအဆက်ဆက် မှာဖြစ်စေ ပြန်လည်ခံစားရတာဖြစ်တဲ့အတွက် ဒုက္ခသံသရာကနေ အပြီးသပ်လွတ်မြောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဒီဒုက္ခသံသရာကနေ လွတ်မြောက်ဖို့အတွက် ဘဝ အဆက်ဆက်ကျင့်ကြံ အားထုတ်ခဲ့ရတာဖြစ်တဲ့အတွက် ကျနော်တို့လို သာမာန်လူတွေအနေနဲ့ ဒီသံသရာထဲ ကလွတ်မြောက်ဖို့အတွက် တော်တော်လေးကို လေးလေးနက်နက်ကျင့်ကြံကြရမယ်လို့ နားလည်မိပါတယ်။ ဘဝဆက်တိုင်း ရည်မှန်းချက်ကြီးကြီးနဲ့ တစိုက်မှတ်မှတ်ကျိုးစားအားထုတ်ဖို့ကလည်း လိုသေးတယ်။ ဘဝ တစ်ခုနဲ့တစ်ခုက အဆက်အဆက်မရှိတော့ နှောင်ဘဝတွေမှာ လူပြန်ဖြစ်တယ်ဘဲ ထားတော့။ ဗုဒ္ဓဘာသာ မဟုတ်ဘဲ မွတ်စလင်တွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ ဖြစ်ခဲ့ပြန်ရင်လည်း ရည်မှန်းချက်မရောက်ဘဲ လမ်းလွဲနေအုန်းမလိုလို။
ဘာသာတရားဆိုတာ ရွေးချယ်မှုတစ်ခုလို့ အများကသက်မှတ်ကြပေမယ့် လူတော်တော်များများ အတွက် တော့ မွေးရာပါဆိုသလိုဖြစ်နေတယ်။ မိရိုးဖလာ ယုံကြည်မှုကိုဘဲ ဆက်လက်ပြီးတော့ လက်ခံ ယုံကြည်ကြ တယ်။ အမှန်တရားအဖြစ် ဘဝတလျှောက်လုံးလက်ခံကျင့်သုံးကြတယ်။ မိရိုးဖလာ လက်ဆင့်ကမ်းလာပေး တဲ့ ဘာသာကိုဘဲ လေးလေးနက်နက်လေ့လာလိုက်စားကြတယ်။ စည်းဘောင် ခပ်ကြ တာဘဲ မဟုတ်လား။ အရင်ဘဝကတော့ ဗုဒ္ဓဘာသာ သူတော်စဉ်အဖြစ် တရားအား ထုတ် ကောင်းမူ ကုသိုလ်တွေလုပ်ခဲ့လို့ နောက် ဘဝမှာ လူပြန်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်မိခင်ဆီမှာ သန္ဓေမ တည်ဘဲ ဘာသာခြားဆီမှာ သန္ဓေတည်ခဲ့ရင် ဘယ်လိုဖြစ်နေမလဲလို့တွေးမိတယ်။ ဒါက လည်း ဖြစ်နိုင်ချေရှိတဲ့ ကိစ္စဘဲ မဟုတ်လား။
ဒါကိစ္စကို ကျနော်တော်တော်လေး စိတ်ဝင်စားမိပြီး ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ယောက်ကို မေးကြည့်မိ တယ်။ မိတ်ဆွေကလည်း အားမနာတမ်းပြောတဲ့ မိတ်ဆွေ ဆိုတော့ ကျနော် သိချင်တဲ့ အဖြေကို သူပွင့်ပွင့် လင်းလင်းဘဲ ရှင်းပြခဲ့တယ်။ သူပြောပုံအရဆိုရင် လူအဖြစ်ပြန်ဝင်စားဖို့ဆိုတာ ဘယ်လို ကောင်းမှု ကုသိုလ် တွေ လုပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ငရဲ၊ ဗြိတ္တာ တွေလို ကျနော်တို့နဲ့ ဘဝခြား တဲ့နေရာ မှာ ဒုက္ခဝေဒနာ ခံစားရနိုင်သလို။ နတ်ပြည်မှာလည်း စံစားနိုင်ပါတယ်။ ဒီလိုဘဲ တရိစ္ဆာန်ဖြစ်နိုင် သလို လူလည်း ဘဲ ပြန်ဖြစ်နိုင်တာဘဲ။ လူပြန်ဖြစ်တယ်ဘဲထားအုန်း။ ဆင်းရဲသားဖြစ်နိုင်သလို လူချမ်း သာလည်းဖြစ်နိုင် ပါတယ်။ မွတ်စလင်တွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာ လည်း ပြန်ဖြစ်နိုင်တာဘဲတဲ့။ ဗုဒ္ဓဘာသာပြန်ဖြစ်တယ်ဆိုတော့ ဘဝကံထူးလို့ပေါ့။ မွတ်စလင်တွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ ဖြစ်ရင်တော့ ဒီသံသရာထဲ တစ်ကျော့ပြန်လှည့်ရအုန်းမှာပေါ့ ဆိုဘဲ။
အင်းလေ…သူ့ဘာသာ၊ သူ့အယူအဆနဲ့ သူကတော့ အားလုံးက အံဝင်ဂွင်ကျ ဟုတ်နေတာဘဲပေါ့လေ။ ဘာသာတရားဆိုတာ ကျယ်ပြန့်တာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း အလုံးဆုံလည်း ကျနော် မသိတာ အမှန်ပါ။ လူတစ်ယောက်ပြောတိုင်းလဲ ဘာသာတစ်ခုလုံး အကြောင်းပြည့်စုံအောင် နားလည်မှာ မဟုတ်ပါ ဘူး။ ဒါပေမယ့် သေချာသလောက်ရှိတာကတော့ ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဆိုရင် လူဖြစ် လာတယ် ဆိုတာဟာ အရင်ဘဝ တစ်လျှောက် မှာ ပြုကျင့်ခဲ့တဲ့ လုပ်ရပ်ရဲ့ ရွေးချယ်ပေးမှု တစ်ရပ်ဖြစ် တယ်ဆိုတဲ့ သဘော သက်ရောက်ပြီး နောက်ဘဝဘာဖြစ်မလဲဆိုတာ ဒီဘဝ ဒါမှမဟုတ် အရင်ဘဝ အဆက်ဆက်ရဲ့ လုပ်ရပ်အပေါ်မှာ မူတည်နေတယ်ဆိုတာ ဗုဒ္ဓဘာသာ ဝင်တွေ လေးလေးနက်နက် ယုံကြည်ထားကြတယ်။ ဒါနဲ့ ဖျက်ခနဲ့ အတွေးတစ်ခုဝင်လာတယ်။ အကယ်လို့များ ရိုဟင်ဂျာကို မျက်မုန်း ကျိုးနေကြတဲ့ ရခိုင် ညီနောင်တွေ နှောင်ဘဝမှာ ရိုဟင်ဂျာ ဗိုက်ထဲဝင်စားပြီး ရိုဟင်ဂျာ အနေနဲ့ မွေးဖွားကြ မယ် ဆို ရင်ဖြင့် ဘယ်လိုနေမလဲလို့ တွေးမိတွေးရာ တွေးတောမိတယ်။