နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇော်မတတ်နှင့် ချိန်ခါလီ အလက ကျောင်းများမှ ကျောင်းအုပ် ကြီးနှင့် ဆရာ/မများ ကျောင်းသို့ မလာ

RB News
26.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတတ် ကျေးရွာ အုပ်စုနှင့် ချိန်ခါလီ ကျေးရွာ အုပ်စု တို့ရှိ တွဲဖက် အလယ်တန်း ကျောင်းများတွင် ကျောင်းအုပ်ကြီး များနှင့် ဆရာ / ဆရာမ များ ကျောင်းဖွင့် သည့် အချိန်၌ နှစ်ရက်ခန့် လာရောက်ပြီး ယခု အချိန်ထိ ကျောင်းများသို့ လာရောက် စာသင်ခြင်း မရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတတ် တွဲဖက် အလယ်တန်း ကျောင်းတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်နိုးအေးခိုင် အပါ အ၀င် အခြေခံ ပညာ ဦးစီး ဌာနမှ တရားဝင် ခန့်အပ် ထားသည့် ဆရာ / ဆရာမ (၁၀) ဦး ခန့် ရှိသော်လည်း ဦးညီညီအောင် (အလပြ)၊ ဦးငယ်မောင် (မူလပြ) နှင့် ဒေါ်ဝိုင်းမောင် (မူလပြ) တို့မှ အပ ကျန်သည့် ကျောင်းအုပ်ကြီးနှင့် ဆရာ / ဆရာမ များသည် ဇွန်လ ပထမပတ်တွင် နှစ်ရက်ခန့် ကျောင်းသို့ လာခဲ့ပြီး၊ ယခု အချိန်ထိ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ လွန်ခဲ့သည့် ဆယ်ရက် ခန့်က ကျောင်းသို့ တကြိမ်လာ၍ ရုံးမှတ်တမ်း များပြုလုပ်ပြီး စာသင်နှစ် တစ်နှစ်စာ အတွက် ကျောင်းတက်သည့် လက်မှတ်များ ရေးထိုး သွားကြောင်း သိရှိ ရပါသည်။ ကျောင်းအုပ်ကြီးမှ ပျက်ကွက် နေသည့် ဆရာ/မ များ စာသင်နေ သယောင် အချိန်စာရင်း ဆွဲ၍ ကြေညာ သင်ပုန်းတွင် ကပ်သွား ခဲ့သည်။ 

ထို့အပြင် ဇော်မတတ် တွဲဖက် အလယ်တန်း ကျောင်းသည် အလယ်သံကျော် အထက်တန်း ကျောင်း၏ လက်အောက်တွင် ရှိသဖြင့် အလယ်သံကျော်ရှိ အထက်တန်း ကျောင်းအုပ်ကြီး ထံသို့ ပေးသွင်းရန် ဟုဆိုကာ ကျောင်းသား တစ်ဦးထံမှ ငွေကျပ် ၁၀၀၀ စီ ကောက်ခံ ခဲ့ကြောင်း သိရှိ ရပါသည်။ ကျောင်းသား / သူ များကို ကျောင်း လက်ခံ ခဲ့သည့် အချိန်တွင်လည်း တစ်ဦး ထံမှ ငွေကျပ် ၃၀၀၀ မှ ၇၀၀၀ ထိ ကောက်ခံ ခဲ့သည်။ 

အလားတူ ချိန်ခါလီရှိ အလယ်တန်း ကျောင်းခွဲ တွင်လည်း ယာယီ ကျောင်းအုပ်ကြီး ဦးအောင်အောင် အပါအ၀င် ဆရာ/မ (၆) ဦး တို့သည် ကျောင်းလက် ခံသည့် အချိန်တွင် နှစ်ရက်ခန့် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ ယခု အချိန်ထိ ကျောင်းသို့ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဇော်မတတ် တွဲဖက် အလယ်တန်း ကျောင်းတွင် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် ဆရာ/မ (၈) ဦးနှင့် ချိန်ခါလီ အလယ်တန်း ကျောင်းခွဲတွင် ရိုဟင်ဂျာ ဆရာ/မ (၁၅) ဦး ရှိသည်။ ၎င်းတို့ကို မောင်တော မြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်း များတွင် ဆရာ/မ များ လုံလောက်မှု မရှိ သဖြင့် လစ်လပ်သော နေရာ များတွင် ပြည်နယ် အစိုးရနှင့် ပြည်နယ် ပညာရေး ဌာန တို့၏ အစီအစဉ် အရ မြို့နယ် ပညာရေးမှူး က ခန့်ထား ခဲ့ခြင်း ဖြစ်သည်။ အလုပ် လျှောက်လွှာ များကို ၂၀၁၃ ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင် နောက်ဆုံး ထား၍ လက်ခံ ခဲ့ပြီးနောက်၊ မေလ (၃၀) ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက မောင်တောမြို့ အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ကြီး များကို အစည်းအဝေး ခေါ်၍ သက်ဆိုင်ရာ ဒေသ များတွင် ဆရာ/မ များ လိုအပ်ချက် ပေါ်မူတည်၍ ဒေသခံ မွတ်စလင် ဆရာ/မများ၊ ရခိုင် ဆရာ/မများ ခန့်ထားရန် ညွန်ကြား ခဲ့သည်။ 

ကျောင်းအုပ်ကြီး များကလည်း ဒေသခံ ဆရာ/မ များကို ခန့်ထား၍ မြို့နယ် ပညာရေးမှူး ထံ အစီရင်ခံစာ တင်သွင်း ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လမှ စ၍ ဒေသခံ ဆရာ/မ များ တာဝန် ထမ်းဆောင် လျက်ရှိပြီး၊ အစိုးရ လစာနှင့် နေ့စား လစာ များကို ရခိုင် ဆရာ/မ များကို သာပေး၍၊ ဒေသခံ ရိုဟင်ဂျာ မွတ်စလင် ဆရာ/မ များကို ယနေ့ အချိန်ထိ လစာ မပေး သေးကြောင်း သိရှိ ရပါသည်။ မောင်တော မြို့နယ် အတွင်း ရိုဟင်ဂျာ ဆရာ/မ များ ၆၀၀ ခန့် ခန့်ထား ခဲ့သော်လည်း လစာနှင့် ထောက်ပံ့ကြေး မရသောကြောင့် တာဝန် ထမ်းဆောင်ရန် အခက်ကြုံ လျက်ရှိ နေကြသည်။ ကျောင်းအုပ်ကြီး များကို တင်ပြ သော်လည်း အချို့ ကျောင်းအုပ်ကြီး များက မင်းတို့ မလာရင်လည်း ဘာမှ မဖြစ်ဘူး ဟုသာ ရိုင်းပျစွာ ပြန်လည် ဖြေကြားသည် ဟုဆိုသည်။ 

အခြေခံ ပညာ ဦးစီးဌာနမှ တိုက်ရိုက် ခန့်ထားသော ဆရာ/မ များမှာ ၂၅ ရာခိုင်နှုန်း ခန့်သာ လုပ်ငန်းခွင်သို့ ပုံမှန် လာရောက်၍ စာသင်ကြား ပေးလျက် ရှိပြီး၊ ၇၅ ရာခိုင်နှုန်းမှာ ကျောင်းသို့ လာရောက်ခြင်း မရှိဘဲ လစာနှင့် ထောက်ပံ့ကြေး ခံစား နေကြကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus