နောက်ဆုံးသတင်း/ဆောင်းပါးများ

ဈေးမဆစ်နဲ့



 

ဌေးလွင်ဦး
RB News
3.10.2012

မွတ်ဆလင်များအပေါ် အမုန်းဓါတ်ခံကြီးမားတဲ့ မြန်မာနိုင်ငံရေး သမားများနဲ့ အာဏာရ ခေါင်းဆောင်များဟာ- ရခိုင်နယ်မှာ ဖြစ်ခဲ့တဲ့ မွတ်ဆလင်များအပေါ် မျိုးပြုတ်သုတ်သင်မှုကြီးကို သူတို့ရဲ့ အမုန်းဓါတ်ခံနဲ့ စကားတွေ အများကြီး ကျွံပြီး-

ရခိုင်ပြည်က မွတ်ဆလင်များကို ခိုးဝင်လာ တဲ့ နိုင်ငံခြားသားများလိုလို-၊ ရခိုင်မြေကို လုယူခဲ့တဲ့ ကျူးကျော် သူများ လိုလို ခေါင်းဆောင်များ မပြောအပ်တဲ့ စကားများကိုလည်း ဆက်တိုက် ပြောဆိုခဲ့ပါတယ်။ ပြီးတော့ တောင်ကုတ်မှာ အကြမ်းဖက် အသတ်ခံလိုက်ရတဲ့ မြန်မာပြည်မက ဘာသာရေးဝန်ဆောင် မွတ်ဆလင်ဦး ကိုလည်း အိန္ဒိယတောင်ပိုင်းသားတွေလို့ ဗြောင်ကြီး စွပ်စွဲလိုက်ပါသေးတယ်။ (ခေါင်းဆောင် တစ်ဦး အနေနဲ့- “သမိုင်းကိုတော့ ကျွန်တော် မလေ့လာရသေးဘူး လောလောဆယ် ပြသနာကို ရပ်ကြတော့၊”လို့သာ ပြောဆို သင့်ကြောင်း- ခေါင်းဆောင်များ စကားပြောနည်း သင်တန်းတောင် ပြန်တက်ခိုင်းရဦး ထင်ပါတယ်။)

သူတို့ထင်သလို- ဖြစ်မလာ-၊ လုပ်ချင်သလို လုပ်လို့ မရတော့မှန်း သိသွားတော့- အခြေအနေကို ချက်ချင်း ပြင်ရတော့မှာ ဖြစ်လာတော့တယ်။ ဒါပေမယ့် ကြမ်းကျွံ နှတ်ရလွယ်- စကားကျွံ နှတ်ရခက် ဆိုတဲ့ စကားအတိုင်း ခေါင်းဆောင်များ ပြောစကားက ပြင်ဘို့လည်းခက်နေပြန်ပါတယ်။ ဒါကို-

သမ္မတ ဦးသိန်းစိန်နဲ့ အတူ အမေရိကကို လိုက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ၂၀၁၂ စက်တင်ဘာ ၂၆ ရက်နေ့ Queens College မှာ နယူးယောက် မြန်မာများနဲ့ တွေ့တော့- ရခိုင်တစ်ဦးက “ကျွန်တော်တို့ ရခိုင်တွေ အနေနဲ့ ရခိုင်ပြည်မှာ လူထု အစည်းအဝေးလုပ်ပြီး- ဆုံးဖြတ်ချက် ၁၄ ချက်ကို ချမှတ်လိုက်တယ်။ အဲ့ဒါကို ဗဟို အစိုးရက အတည်ပြုပေးပါ၊”လို့ တောင်းဆိုခဲ့တယ်။

ဒါကို ၀န်ကြီးက- “ကျွန်တော့ အနေနဲ့ ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို အတည်ပြုမပေးနိုင်ဘူး၊ သို့သော် လွှတ်တော် ကိုတော့ တင်ပြပေးနိုင်တယ်။ လွှတ်တော်က ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမယ့် ပြောစရာ ရှိတာက ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်တွေထဲက စတုတ္ထအချက်ဖြစ်တဲ့ ဘင်္ဂါလီမွတ်ဆလင်များကို တိုင်းပြည်ထဲက ပြန်လည်မောင်းထုတ် ဘို့ ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူတို့ဟာ- ခင်ဗျားတို့ပြောဆို သလို မကြာမှီက ရောက်လာတဲ့ ကျူးကျော်သူ တွေ၊ နိုင်ငံခြားသားတွေ မဟုတ်ဘူး- ကျွန်တော်တို့အနေနဲ့ သန်းခေါင်းစရင်းဌာနမှာ အသေချာလေ့လာပြီးပြီ။ လွတ်လပ်ရေးရပြီးမှ ရောက်လာသူ မရှိသလောက်ပါပဲ။ ခင်ဗျားတို့ အနေနဲ့ သူတို့နဲ့ သင့်မြတ်အောင်နေဘို့ပဲ ကြိုးစားပါ။ ဒါပေမယ့် “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကိုတော့ ကျွန်တော်လည်း သဘောမတူဘူး။

နောက်တစ်ခုက ဒီနေ့ ကမ္ဘာ့အခြေအနေကို ကြည့်ပါ။ အင်မတန် အင်အားကြီးတဲ့ အမေရိကန်နိုင်ငံတောင်မှ- ရုပ်ရှင်လေး ၁၃ မီနစ်လောက် ရိုက်လာတာ၊ ကမ္ဘာ့မွတ်ဆလင်တွေရဲ့ တုံ့ပြန်မှုကို ခံလိုက်ရတယ်။ အမေရီကန် ရှော့က်ခ် ဖြစ်သွားတယ်၊ (တုန်လှုပ်သွားခဲ့တယ်။) ကျွန်တော်တို့က နိုင်ငံသေးသေးလေးပါ။ ကျွန်တော်တို့ အနား မှာ အင်အားကောင်းတဲ့ အင်ဒိုနီးရှား မလေးရှားတို့က မွတ်ဆလင်တွေ ဖြစ်တယ်။ ပြီးတော့ မွတ်ဆလင်တွေက သူတို့ကို ထိရင် တစ်ကမ္ဘာလုံး ညီညွတ်တယ်။- အခု (မြန်မာပြည်က) ပြသနာလေးမှာတောင် ကျွန်တော်တို့ အီဂျစ်က သံရုံး ဖျက်ဆီးခံလိုက်ရတယ်။ ဒါတွေကို ခင်ဗျားတို့ သိဘို့လိုတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက ခင်ဗျားတို့နဲ့ သူတို့ သင့်မြတ်အောင်နေပါ။ အတူယှဉ်တွဲ နေထိုင်တတ်အောင် စိတ်မျိုးထားပါ၊” ဆိုပြီး ပြောသွားခဲ့ တယ်။

ဝန်ကြီး ဦးစိုးသိန်းရဲ့ စကားဟာ သူတစ်ဦးတစ်ယောက်ရဲ့ သဘောထားမျိုး မဖြစ်နိုင်တာ သေချာနေတယ်။ သူတို့ က မြန်မာပြည်ဘွား မွတ်ဆလင်များကို (လူသိရှင်ကြား) ဆက်လက် မဖိနှိပ်ရဲတော့တာ သေချာနေသလို၊ ကြည် ဖြူသည် ဖြစ်စေ၊ မကြည်ဖြူသည် ဖြစ်စေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ကျင့်သုံးရတော့မှာ သေချာ နေပါတယ်။-

ဒါပေမယ့် သူ့စကားထဲမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို သူသဘောမတူကြောင်း ပြောသလို၊ သမ္မတ ဦးသိန်းစိန်ကလည်း ဒီနေ့ထိ ဘင်္ဂလီများ ဆိုပြီး ပြောဆိုနေဆဲ ဖြစ်နေတယ်။ အဓိပ္ပါယ်က လူကိုတော့ (နိုင်ငံသား အဖြစ်) အသိအမှတ်ပြုတယ်-၊ အမည်နာမကို အသိအမှတ် မပြုနိုင်ဘူး ဆိုပြီ ဈေးဆစ်နေခြင်းသာ ဖြစ်တော့ တယ်။ (ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ဘယ်လို မြန်မာမှု ပြုမလဲ စဉ်းစားနေဟန် ရှိပါတယ်။)

ဒါဆို သူတို့က ဘယ်နာမည်နဲ့ အသိအမှတ်ပြုမလဲ- ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

(၁) ပထမ လူတွေကို နိုင်ငံသား အဖြစ်က ငြင်းခဲ့တယ်- (ခိုးဝင် ကျူးကျော်လာသူများ- ဒုက္ခသည် စခန်းကို ပို့ပြီး တတိယနိုင်ငံ တစ်ခုကို မောင်းထုတ်ပစ်ရမယ့် သူများလို့ ပြောခဲ့တယ်။) အခုတော့ လူတွေကို ဟာ ခိုးဝင်လာသူ များ မဟုတ်ဘူး- သမိုင်းတွေ့ပြီ၊ အထောက်အထား တွေ့ပြီလို့ ၀န်ခံတယ်။- အလားတူ “ရိုဟင်ဂျာ” ဆိုတဲ့ စကား လုံး ကိုလည်း နောက်ဆုံး ငြင်းမရနိုင်တော့မှ- အဲအဲ ဟုတ်တယ်၊ ဟုတ်တယ်-၊ ဒီမှာ အထောက်အထား တွေ့ပြီ- သူတို့ နာမည်က “ရိုဟင်ဂျာ” ဖြစ်တယ်လို့ ပြောမှာပါ။ ဒါပေမယ့် ဈေးကတော့ ရနိုင်သမျှ ဆစ်မှာပါပဲ။

(၂) သူတို့ကို ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို မပေးချင်ဘဲ- ဘင်္ဂလီ မြန်မာ လို့ သတ်မှတ်လိုက်ရင် မြန်မာ အာဏာပိုင်များက- ရိုဟင်ဂျာများကို နှစ်နိုင်ငံသား (Dual Citizen) ပေးလိုက်သလို ဖြစ်နေဦးမယ်။ ဒါဟာ နောက်ပိုင်းမှာ နောင်တ အကြီးအကျယ်ရစေမယ့်- ကိစ္စ ဖြစ်တယ် ဆိုတာ သူတို့ မသိဘူးထင်ပါတယ်။ (နိုင်ငံ တကာ ကို အမှီလိုက်ဘို့ ကြိုးစားနေတဲ့ မြန်မာအစိုးရက လူတစ်ဦး၊ လူမျိုးတစ်မျိုးကို အမည်သတ်မှတ်ပေးတဲ့ အခါ ဘာဖြစ်လာနိုင်တယ် ဆိုတာတောင် မတွေးမိရင်- နောင် နှစ် ၂၀ လောက်မှာ တရုတ် မြန်မာ၊ အိန္ဒိယ မြန်မာ၊ ပါကစ္စတန် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် မြန်မာ- ဆိုတာတွေ ပေးခဲ့မိတာ မှားပါတယ်လို့ ပြန်ပြင်ရမယ့် ကိန်းကို ဆိုက်ကို ဆိုက်လာမှာပါ။- အဲ့ဒီ နာမည်တွေက Dual Citizen အခွင့်အရေးကို အချိန်မရွေး ရယူနိုင်တဲ့ အမည် သတ်မှတ်မှု ဖြစ်နေတယ်။ ခေတ်ကာလကြီး ပေါင်းစည်းနီးကပ်လာနေတယ်၊ လူအသိုင်းအ၀ိုင်းတွေက ရော ထွေးလာနေတယ်၊ ဒီအခါ- နှစ်ဘက်ဝင်ဆန့်တဲ့ အသိုင်းအ၀ိုင်းက သီးသန့်တစ်ခုတည်း ရပ်နေတဲ့ အသိုင်းအ၀ိုင်း ထက် ပိုပြီး အရာရောက် ပေါက်မြောက်သွားပါလိမ့်မယ်။ မြန်မာထဲက သီးသန့်ရပ်တည်တဲ့ အသိုင်းအ၀ိုင်းတွေ နောက် နှစ် ၂၀ လောက်မှာ နောက်ကျကျန်နေခဲ့တော့မယ်။ ဆိုတာ တွေးမိဘို့ လိုပါတယ်။)

(၃) သူတို့ကို ရခိုင်မွတ်ဆလင် လို့ သတ်မှတ်လိုက်ပြန်ရင်လည်း- ဘင်္ဂလီရခိုင် အနောက်သားများရဲ့ သြဇာလွှမ်း မိုးခံ ရခိုင်မျက်ကန်းများက လက်ခံမှာ မဟုတ်ဘဲ- ရခိုင်မျက်ကန်းများနဲ့ မြန်မာအစိုးရ ပြသနာ တက်လာဦးမယ်။

သို့မဟုတ်-----

မြန်မာတစ်နိုင်ငံလုံး ID ထုတ်ပေးမှုမှာ- အမေရိကန်ကို အတုယူပြီး- ID အမှတ်----------------၊ အမည်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ အရပ်၊ မျက်လုံးအရောင်၊ ကျား-မ၊ ထုတ်ပေးသည့်နေ့-၊ သက်တမ်းကုန်သည့်နေ့ (သက်တမ်းကုန်ခြင်းက နိုင်ငံသား ဖြစ်ခွင့် သက်တမ်းကုန်ခြင်း မဟုတ်၊ အသက်အရွယ်အလျှောက် ဓါတ်ပုံ မမှတ်မိတော့မှာ ဖြစ်လို့ သက်တမ်း သတ်မှတ်ခြင်း ဖြစ်တယ်။) ဒီလိုမျိုး ထုတ်ပေးပြီး- တစ်နိုင်ငံလုံးကို ဒီအတိုင်း သတ်မှတ်ပေးလိုက်နိုင်ရင် နောင် နှစ် ၃၀ မှာ မြန်မာပြည်အတွက် အလွန်ကောင်းသွားမှာ ဖြစ်တယ်။ (ဒါကို ပြည်ထောင်စုစနစ်ကို မကြိုက်တဲ့ ခွဲထွက်ရေးဝါဒီတွေကတော့- ကြိုက်မှာ မဟုတ်ဘူး။)

ဒီလိုမှ မဟုတ်ဘဲ- တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ လူ-ချင်း တစ်ဘက်ဘက်ကို မျက်နှာလိုက်ပြီး- ခွဲခြား သတ်မှတ်ပေးနေရင်တော့- ရိုဟင်ဂျာများကလည်း ကမ္ဘာနဲ့ ကုလသမဂ္ဂက လက်ခံအတည်ပြုပြီး “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရက တစ်ပြားမှ လျှော့ပေးမှာ မဟုတ်ဘူး ဆိုတာတော့ မြန်မာအာဏာပိုင်များ သိဘို့ လိုပါတယ်။ ကိုယ်လုပ်ချင်ရာ ဇွတ်လုပ်ပြီး ကမ္ဘာနဲ့ ဆက်လက် ရင်ဆိုင်မလား၊ သို့မဟုတ် လူကိုတောင် မဖြစ် မနေ အသိအမှတ်ပြုရတော့- သူတို့ရဲ့ အမည်နာမကိုလည်း ဆက်မငြင်းတော့ဘဲ အသိအမှတ်ပြုပေးတော့မယ် လို့ ဆုံးဖြတ်မလား- ဆိုတာကိုပဲ စဉ်းစားဘို့ လိုပါမယ်။

Comment ရေးရန်

Rohingya Exodus