ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့က မောင်တောကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတကာက အသိုင်းအ၀ိုင်းများကဲ့သို့ ယုံကြည်မှုမရှိ
ဓါတ်ပုံ (May Wong/Channel NewsAsia) |
ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ၂၀၁၇ -ခုနှစ်၊ သြဂုတ်လ (၉) ရက်
မြန်မာအစိုးရက ဖွဲ့စည်းခဲ့သည့် “မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်" က ဩဂုတ်လ (၆)ရက်နေ့တွင် အစီရင်ခံစာ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို ဖတ်ရှုပြီး ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ အနေဖြင့် စိတ်ပျက်ခဲ့ရပါသည်။ သို့သော် ထိုအစီရင်ခံစာသည် ကျွန်ုပ်တို့ ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့အတွက် အံ့အားသင့်ဖွယ်တစ်ခု မဟုတ်ကြောင်း ဖော်ပြလိုပါသည်။
၂၀၁၆-ခုနှစ်၊ အောက်တိုဘာလမှ စ၍ မြန်မာ့ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများအပေါ် ကျူးလွန်လျက်ရှိသော ကျယ်ပြန့်ပြီး သက်သေအထောက်အထားခိုင်မာသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆိုပါ အစီရင် ခံစာဖြင့် ငြင်းပယ်မည်ကို မျှော်လင့်ထားပြီးဖြစ်ပါသည်။ အဆိုပါကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခင်ကတည်းကပင် ရိုဟင်ဂျာများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာအစိုးရမှ ငြင်းဆိုခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မြန်မာ လုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာအမျိုးသမီးများအပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကလေးသူငယ်များနှင့် နို့စို့ကလေးများအပါအဝင် ဒေသခံရိုဟင်ဂျာများကို တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ရက်ရက်စက်စက် ရိုက်နှက်ခြင်းနှင့် ဒေသခံရိုဟင်ဂျာများ ပျောက်ဆုံးနေမှုများရှိနေကြောင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုတွေ့ရှိရကြောင်း ပါရှိပါသည်။
ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်ခဲ့သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ မှန်ကန်သော အချက်အလက်များအဖြစ် လေးလေးနက်နက် သိရှိလက်ခံပြီးနောက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြ၍ အချက်အလက် ရှာဖွေရေးအဖွဲ့ (IFFM) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ မြန်မာအစိုးရ ကော်မရှင်၏ အမှန်တရားကို ဖုံးကွယ်ထားသော အစီရင်ခံစာကို ယုံကြည်နိုင်ဖွယ်ရာ မရှိသော အစီရင်စာခံစာအဖြစ် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကျွန်ုပ်တို့ ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ကလည်း လက်ခံထားသည်။ ထို့အပြင် ဤကဲ့သို့ အမှန်တရားကိုဖုံးကွယ်ထားသည့် အစီရင်ခံစာက မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဂုဏ်သတင်းကိုသာ ကျဆင်းစေမည် ဖြစ်သည်ဟု ယုံကြည်ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာကို ငြင်းပယ်လိုက်သည့် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) ကို မြန်မာနိုင်ငံသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုပါရန်၊ ထိုအဖွဲ့၏ ရှာဖွေတွေ့ချက်များကိုလည်း အတည်ပြုပေးရန်နှင့် မီဒီယာများကိုဝင်ခွင့် ပေးပါရန် ကျွန်ုပ်တို့ ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ အနေဖြင့် တိုက်တွန်းပါသည်။
မြန်မာအစိုးရမှ ယခုကဲ့သို့ အဖြစ်မှန်များကို ဆက်တိုက်ငြင်းပယ်နေခြင်းသည် “ရိုဟင်ဂျာများအပေါ် အကျိုးအကြောင်းမဲ့စွာ လူ့အခွင့်အရေးချိုးဖောက်မှုများ နောက်ထပ်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ထိုချိုးဖောက်မှုများအတွက်လည်း ပြစ်ဒဏ်ကင်းလွတ်နိုင်မှုရှိသည်" ဆိုသော အသိစိတ်ကို စစ်တပ် နှင့် လုံခြုံရေးတပ်ဖွဲ့ များအား သိစေ၍ အားပေးရာရောက်ပြီး အခြေအနေကို ပိုပြီးရှုပ်ထွေး စေပါသည်။ မြန်မာအစိုးရ ကော်မရှင်၏ အစီရင်ခံစာသည် ယခင်ကတည်းက တင်းမာမှုများရှိနေသည့် ရခိုင်ပြည်၏ အခြေအနေကို ပို၍တင်းမာမှုများဖြစ်လာအောင် ထပ်ဆင့်မြှင့်တင်ပေးရာ ရောက်ကြောင်းနှင့် ရိုဟင်ဂျာများအပေါ် ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာအောင် မီးလောင်ရာ လေပင့်ပေးနေသလို ဖြစ်နေသည်ဟု မြန်မာနိုင်ငံအတွင်းက လူအများစုကလည်း ယုံကြည်နေပါသည်။ ဤအချက်များသည် ကျွန်ုပ်တို့အတွက် ကြီးမားသောစိုးရိမ် ပူပန်မှုဖြစ်ပါသည်။
ရိုဟင်ဂျာလူမျိုးများသည် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၏ စီမံကိန်းဖြင့် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှု မူဝါဒများ၏ ပစ်မှတ်ထားခြင်းခံနေရသည့်လူမျိုး ဖြစ်နေသည်မှာ ဆယ်စုနှစ် များစွာရှိနေပြီ ဖြစ်ကြောင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် အခြား လူ့အခွင့်အရေးအဖွဲ့များမှ သက်သေအထောက်အထားနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာများ ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် လွန်ခဲ့သော ၁၉၉၂ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြသခဲ့သည်။ ရိုဟင်ဂျာများသည် နိုင်ငံသားအခွင့်အရေးများ ထိထိရောက်ရောက် လျော့ချခံနေရပြီး အထူးသဖြင့် ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေသော နိုင်ငံတော်၏ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ နှင့် အက်ဥပဒေများ၏ ရလဒ်များကြောင့်ပင် ဖြစ်ပါသည်။ ယင်းထက် ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် ရိုဟင်ဂျာများ၏ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်နှင့် လူမှုရေးလုပ်ပိုင်ခွင့်များ ချိုးဖောက်ခံနေလာရပါသည်။
သို့ဖြစ်ပါ၍ ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့အနေဖြင့် မြန်မာအစိုးရကို တောင်းဆိုလိုသည်မှာ -
၁ - မြန်မာနိုင်ငံအတွင်းရှိ ရှိဟင်ဂျာလူမျိုးနှင့် အခြားလူမျိုးစုအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ငြင်းပယ်နေသည့် မူဝါဒကို စွန့်လွှတ်ရန်။
၂ - မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် အခြား နေရာများတွင် ဖြစ်ပေါ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) ကို ဝင်ခွင့်ပြုရန်။
၃ - မြင့်တက်လာနေသည့် လူ့အခွင့်ချိုးဖောက်မှုမှုများကို ရပ်တန့်ရန် နှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော လူနည်းစုအားလုံးကို ကာကွယ် စောင့်ရှောက်ပေးရန်။
၎ - လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို ရခိုင်ပြည်နယ်ရှိ ဒေသအားလုံးသို့ အတားအဆီးမထားရှိစွာ ဝင်ရောက်ခွင့်ပေးရန်။
ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းဖြစ်သည့် UN, EU, OIC, US နှင့် UK တို့ကိုလည်း အောက်ပါအတိုင်း တောင်းဆိုပါသည်။
၁ - အကယ်၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်မပြုဘဲ ဆက်လက် ငြင်းဆန်နေပါက မြန်မာအစိုးရအနေအပေါ် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီမှုများ မရရှိစေမည့် မူဝါဒတစ်ရပ် ချမှတ်ရန်။
၂ - အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြားဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့များအပေါ် ထားရှိသည့် ကန့်သတ်ချက်များ ဖယ်ရှားခြင်းပေါ်မှာ မူတည်ကြောင်း မြန်မာအစိုးရအား သိစေရန်။
၃ - ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ အကန့်အသတ်မဲ့ ဝင်ရောက်နိုင်ရေး နှင့် အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာအစိုးရကို စေ့စပ်ဆွေးနွေးရန်။
၎ - အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပြောင်းလဲစေနိုင်မည့် ခက်ခဲသော ဆုံးဖြတ်ချက်များ ဖြစ်သော်လည်း အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို လေးလေးနက်နက်နှင့်အပြည့်အဝ အကောင်အထည် ဖော်ရန်။
သတင်းအချက်အလက်များ ပိုမို သိရှိလိုပါက ဆက်သွယ်ရန်။
ကိုထွန်းခင် + ၄၄၇၈၈၈၇၁၄၈၆၆
ကိုနေဆန်းလွင် + ၄၉၆၉၂၆၀၂၂၃၄