၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံ ဥပဒေနှင့် စာသင်ကျောင်းတွင် အတင်းအကျပ် လက်အုပ်ချီခိုင်းခြင်း
မောင်ခင်
1.7.2013
ကျွန်တော် တို့က ၁၉၇၀ ကျော် နှောင်းပိုင်းမှာ လူဖြစ်ခဲ့တော့ ဆိုရှယ်လစ်ခေတ်၊ သမဆိုင်ခေတ်၊ တွံတေး သိန်းတန်ရဲ့ ဒီစနစ်ဆိုးတွေကို ကျောမွဲများ အတွက် တိုက်ဖျက် ပြစ်ရမယ် ဆိုတဲ့ ခေတ်ကို အနည်းငယ် မှီ လိုက်တယ်။ အမှတ် မိဆုံးက လူတွေရဲ့ ကိုယ်ကျင့် တရားနဲ့ ပတ်သက်လို့ ကတော့ ၁၉၈၀ ဝန်းကျင်မှာ ကျွန်တော်တို့ ရွာက အိမ်အများစုမှာ တံခါးကို သော့ခတ်တဲ့ အလေ့အထ မရှိဘူး။ နွေအခါ ခိုင်းနွားတို့ ကျွဲတို့ကို လွတ်ထား လိုက်တာ တခါ တလေ တစ်လ လောက်ကြာမှ ချည်တိုင် မှတ်မိအောင် လိုက် သိမ်း လေ့ရှိ ကြတယ်။ ကျွဲပျောက် နွားပျောက် ဆိုတာ အတော် ရှားရှား ပါးပါးပဲ။ လူတွေရဲ့ အနိမ့်ဆုံး ကိုယ် ကျင့် တရားက အဲ့ဒီ လောက်ကောင်းတယ်။ အများစုက တောသူ တောင်သား တွေဆိုတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ တွေပါပဲ။ မွတ်စလင် ဘာသာဝင် လူနည်းစု ကလည်း ဒီနေ့ ကံမကောင်း ဘူးကွာ ဆိုတဲ့ မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာ တွေနဲ့ ထုံးမွမ်း နေသူများ .. နွေအခါ ရိုးပြတ်တော မရှင်း တရှင်း ပတ်ကြား အက်မပြောက် တပြောက် လယ်ကွင်း ထဲမှာ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ ဘောလုံး ချိန်းကန်လို့ ကတော့ (အနိုင် အရှုံး ကြေးက ဘဲငန်း နှစ်ကာင်တို့ သုံးကောင်တို့) ဟိုဘက်ရွာ ဒီဘက်ရွာ ဆဲကြ ဆိုကြ ရန်ဖြစ်ကြ (မွတ်စလင် နာမည်တွေ သေသေ ချာချာ ပီအောင် မခေါ်နိုင်တော့) အလွယ် ခေါ်ပြီး အားပေး ကြတာပဲ။
"နေစားကွ၊ အီဗရာကြီးကွ၊ ကရင်ကွ" နဲ့ ဆူဆူ ညံညံ ပါပဲ။ ရန်ဖြစ်ပြီ ဆိုလည်း ဘာသာရေးတွေ ဘာတွေ မသိဘူး တစ်ဘက် ရွာက ကောင်ဆို အကုန် ဆော်တာပဲ။ ကျွန်တော် သေသေ ချာချာ ပြန်စဉ်းစား ကြည့် တော့ အဲ့ဒီ ချစ်စရာ ဓလေ့ တကယ့် အရင်း အမြစ်က ငယ်စဉ် ဘဝ စာသင် ကျောင်း တွေမှာ လက် ဦး ဆရာ/ဆရာမ တွေရဲ့ သင်ကြား ပြသမှုတွေ တကယ်ကို အရေးပါ လာတယ်။ ကျွန်တော်တို့ ဘာ သာရေး ကျောင်းတက် တော့လည်း အခြေခံ ဘာသာရေး အသိဖြစ်တဲ့ ကုရ်အာန် ဖတ်တတ်အောင်၊ နမားဇ် ငါးကြိမ် ဖတ်တတ် အောင်ပဲ အဓိက သင်ပေးတယ်။ တစ်ခါမှ သူများကို စော်ကားအောင် မသင်ပေး ပါဘူး။ ထိုနည်း တူစွာ ဘုန်းကြီး ကျောင်းတွေ မှာလည်း တစ်ခါမှ တစ်ခြား ဘာသာ တွေကို စော်ကားဖို့၊ သ ပိတ် မှောက်ဖို့ မကြားဖူးပါ။ ကျွန်တော့် အဖေဘက်က အဖွားရဲ့ ခြံနောက်က ဘုန်းကြီး ကျောင်းမှာ သီတင်း သုံးတဲ့ ကျောင်းထိုင် ဘုန်းဘုန်း တစ်ပါး ဆိုရင် တစ်သက်လုံး သက်သတ်လွတ် စားပြီး တရား ကျင့် ကြံအားထုတ် သွားတာ ဘယ့်လူ့ ကိစ္စမှ ဝင်မပါဘူး။ ကျောင်းရဲ့ တစ်ခုထဲ ရှိတဲ့ ဝင်ပေါက်က (နံနက်ဈေး) ငါးစိမ်းတန်းဈေး အသေးလေး ဘက်ကဖြစ်နေတော့ ဘုန်းဘုန်းက ဆွမ်းခံကြွရင် ငါးစိမ်းတန်းက ဖြတ် ရတော့ စိတ်မသာ မယာဖြစ်နေတာ သိတော့ ကျွန်တော်တို့ အဖွားက ဒီဘက် အခြမ်း သူ့ခြံ ထဲ ကနေ ကျောင်းလမ်း အတွက် လှူလိုက် တာပဲ။ ဘယ်သူ မလဲ အလှူ ခံတာ မဟုတ် ဘယ်သူ့ မှလဲ မတိုက် တွန်းဘူး။ ဟိုတုန်း ကတော့ ဒါတွေက သာမန် ဖြစ်ရိုး ဖြစ်စဉ် အခုလို ပြဿနာ တွေကြား လာရလို့ ပြန် စဉ်း စား ကြည့်တော့ ချစ်စရာ ကောင်းတဲ့ ဓလေ့တွေက ငြိမ်းချမ်းစွာ ယှဉ်တွဲ နေနိုင်ရေး ဆိုတဲ့ ကြီးကြီး ကျယ် ကျယ် တွေ ဖြစ်ကုန်ရော။
ကျွန်တော်တို့ စာသင် ခဲ့ရတဲ့ မူလတန်း၊ အလယ်တန်း၊ အထက် တန်းတွေမှာ သီတင်းကျွတ်၊တန်ဆောင်း တိုင်၊ ဆရာ ကန့်တော့ပွဲ တွေမှာ ကိုယ်ကျရာ နေရာက ဝိုင်းဝိုင်း ဝန်းဝန်း လုပ်ပေး ကြတာပဲ။ ကျွန်တော် တို့အပြင် ခရစ်ယာန် သူငယ်ချင်း လူနည်းစု လည်းရှိတယ်။ ဆရာ၊ဆရာမ တွေကလည်း အတင်း အကြပ် လက်အုပ် မချီခိုင်း သလို သူငယ်ချင်း တွေကလည်း အဲဒီ အတွက် တစ်ခါမှ harassment မလုပ်ဘူး။ အခုလည်း ဆရာ/ဆရာမ ဟောင်းကြီးများ ကန့်တော့ ပွဲဆိုရင် သူငယ်ချင်း တွေကလည်း အလှူခံတုန်း ကိုယ်လည်း တတ်နိုင်တဲ့ဘက် ကပါဝင်တုန်း အားလုံး ချစ်ချစ် ခင်ခင်ဘဲ .. ထပ်ပြီး စဉ်းစား ကြည့်တော့ ကျွန်တော်တို့ မွေးဖွား တဲ့ခေတ်၊ အတူတူ ကြီးပြင်း ခဲ့ရတဲ့ သူငယ်ချင်းတွေ၊ အတတ် လည်းသင် ပဲ့ပြင် ဆုံးမ ခဲ့တဲ့ ဆရာ၊ ဆရာမ များကို ကြည်ညို မဆုံး နိုင်အောင် ပါပဲဗျာ။
.......
ဟိုတစ်နေ့က နမ္မတူ စာသင်ကျောင်းက ကလေးမလေးရဲ့ သတင်းကို ဖတ်ရတော့ ရင်ထဲမှာ ထိခိုက် တယ် ဗျာ။ ကျောင်းဆက် တက်နေ ရတယ်ဘဲထား ဒီလို ပတ်ဝန်းကျင်မှာ ရေရှည် ဘယ်လို ဆက်သွား မလဲ။ အနည်း အများ ဆိုသလို နုငယ်တဲ့ ကလေးရဲ့ နှလုံးသားမှာ အတင်းအကြပ် အနိုင် ကျင့်တဲ့ နက်နဲ လှတဲ့ ဆူးတစ်ချောင်း တော့ စိုက်သွားပြီ။
စိတ်ထဲမှာ သိပ်ပြီး မရှင်းတာနဲ့ ဒီမိုကရေစီ ဆိုရင် ဒီလိုမျိုး ခွဲခြားမှုတွေ မရှိ နိုင်ရဘူး ဆိုပြီး အခြေခံ ဥပဒေ ဘုတ်အုပ်ကြီး လှန်ကြည့် မိတယ်။ ဒီနေရာမှာ ရှင်းရှင်း လင်းလင်း ဖေါ်ပြထား ကတော့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ပါဘဲ။ မူလ အခွင့် အရေး များဆိုတဲ့ အခန်းရဲ့ ပုဒ်မ ၂၂ မှာ မည်သည့် ကိုးကွယ်ရာ ဘာသာ သင်ခန်းစာ ကိုမျှလည်း ထိုလူနည်းစုအား အတင်း အကြပ် လိုက်နာ သင်ယူ စေရန် ပညတ်ခြင်း မပြုရ။
(No Minority, religious, racial or linguistic, shall be discriminated against in regard to admission into State educational institutions nor shall any religious instruction be compulsorily imposed on it.) ၁၉၇၄ နဲ့ ၂၀၀၈ အခြေခံ ဥပဒေ မှာတော့ အဲ့ဒီလို ပြဌာန်း ထားတာ ကျွန်တော် မတွေ့မိဘူး။ (ရှိခဲ့ရင်လည်း ထောက်ပြကြပါ)
သေချာတာ တစ်ခုက ကျွန်တော်တို့ ဆရာ၊ ဆရာမ တွေဟာ အခြေခံ ဥပဒေတွေ ဘာတွေ သိချင်မှ သိ မယ်။ သိရင်လည်း သိမယ်။ ဒါပေမယ့် ဥမမယ် စာမမြောက် ကလေး သူငယ် တွေကို ဘာမှ မခွဲခြားပဲ နှလုံးသားနဲ့ သင်သွား တာပဲ။
တိုင်းပြည်ရဲ့ ပြန်လည် တည်ဆောက် ရေးကာလမှာ နှလုံးသား ကြမ်းကုန်တဲ့ သူတွေ အတွက် လူနည်းစု လူများစု မခွဲခြားတဲ့ ဒီလို ဥပဒေ မျိုးတွေ ပြန်လည် ပြဌာန်း နိုင်ပါစေ။
အမိ မြန်မာပြည် တိုးတက် ပါစေ။