"ရို" ကဗျာဥယျာဉ်မှ ပဲ့တင်သံ (၁)
"ရို" ကဗျာဥယျာဉ်မှ ပဲ့တင်သံ (၁) (သို့) "ရို" ကဗျာဥယျာဉ်သို့ အလည် တစ်ခေါက် (၁)
ယျာတင် (MYARF)
RB News
4.2.2016
ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်
"ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်" ဆိုသော ကဗျာကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် RB စာမျက်နှာပေါ်က ဖတ်ခွင့်ရခဲ့ပြီးသည့်နောက် ကျွန်တော်သည် ဤကဗျာကို ဖွဲ့ဆိုခဲ့သည့် စာဆိုကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ပါသည်။
ကဗျာ စာဆို၏ အမည်မှာ ရိုဟင်းစိုးမိုးဝင်းဟူ၍ ပါရှိသော်လည်း ၎င်းအမည်သည် စာဆို၏ အမည်အရင်းလား သို့မဟုတ် ကလောင်အမည်လား ဆိုသည်ကိုမူ ကျွန်တော် တပ်အပ်မသိချေ။ သို့သော် "ရိုဟင်း" ဟူသော စကားလုံးကို ကြည့်ခြင်းအားဖြင့် စာဆိုသည် ရိုဟင်ဂျာလူမျိုး ဖြစ်ကြောင်း သိသာပါသည်။ ထို့အပြင် စာဆို၏ အသက်အရွယ်နှင့် စာဆို၏ဇာတိ တို့ကိုလည်း ကျွန်တော် သေသေချာချာ မသိပြန်ပေ။
မည်သို့ပင်ဆိုစေ ဤကဗျာကို ဖတ်ခွင့်ရသည့် ကျွန်တော်သည် ကဗျာရေးသူကို အထူးလေးစားသွားမိပြီး မမြင်နိုင်သော အဝေးတစ်နေရာမှ ရိုးသားစွာ အလေးပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကဗျာထဲတွင် စာဆို၏ မြင့်မြတ်သော စိတ်ထားကို ကျွန်တော် ရှာဖွေခဲ့မိသောကြောင့်ပင် ဖြစ်၏။ ထိမိလှသော စာအဖွဲ့အနွဲ့၊ နက်နဲလှသော အဓိပ္ပါယ်တွေနှင့် ဤကဗျာသည် ကျွန်တော့် နှလုံးသားထဲတွင် သံမှိုနှင့် ရိုက်သွင်းထားသလို စွဲငြိလို့ နေလေသည်။ စာဆိုက ကဗျာကို လေးလုံးစပ် လင်္ကာ အဖြစ် ဖွဲ့ဆိုထား၏။
ကဲ့ ... ကဗျာကို တစ်ခေါက်လောက် ဖတ်ကြည့်ကြရအောင်။
"ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်"
ရေးဖွဲ့သူ --- ရိုဟင်းစိုးမိုးဝင်း
- ဘူမိနက်သန် ၊ ရိုဟင်းမြေမှ
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့်
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန်
မခွဲမခြား ၊ ဘာသာလူသား ။
- ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့်
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင်
ရိုဟင်းသားကို ၊ အာရကန်မွေ
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။
- ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။
- ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။
ကဗျာကို အစချီထားသည့် "ဘူမိနက်သန် ၊ ရိုဟင်းမြေမှ " ဟူသော စာကြောင်းတွင်ပါသည့် ရိုဟင်းမြေ ဆိုသည်မှာ ယနေ့ ရခိုင်ပြည်နယ်ဟု ခေါ်တွင်နေသော ဒေသကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုပြည်နယ်ကို ရှေးယခင်က ရခိုင်ပြည်နယ်ဟူ၍ ခေါ်ဝေါ်ခဲ့ခြင်း မဟုတ်ဘဲ အာရ်ကာန်ဟုသာ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ရခိုင်ပြည်နယ်ဟူ၍ ခေါ်တွင်နေသော ဒေသ၏ သမိုင်းကို ကြည့်လိုက်လျှင် "ရခိုင်"ဟူသော စကားလုံးကို ရှားရှားပါးပါးပင် တွေ့ရှိလိမ့်မည်မဟုတ်ပေ။ အာရ်ကာန်သည် အင်းဝဘုရင်၏ ကျူးကျော်နယ်ချဲ့ခြင်းခံခဲ့ရပြီး ကိုလိုနီဘဝ ရောက်မသွားမီအချိန်ထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် သီးခြားနိုင်ငံအဖြစ် တယ်တယ်ဝါဝါ ရပ်တည် တည်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အာရ်ကာန်ဦးအစကတည်း ရှိနေသော လူမျိုးဖြစ်သည့် ရိုဟင်ဂျာကို အစွဲပြု၍ ကဗျာဆရာက အာရ်ကာန်ကို ရိုဟင်းမြေဟူ၍ တင်စားခေါ်ဝေါ် သုံးနှုန်းခဲ့သည်မှာ အလွန်ပင် ထိမိလှပါသည်။
ထိုကဲ့သို့ ဘူမိနက်သန်ဖြစ်သော ရိုဟင်ဂျာတို့၏ ဌာနေ အာရ်ကာန်ပြည်တွင် ရိုဟင်ဂျာ့ အဘိုးအဘွားများက နိုင်ငံ့တာဝန်များကို ကျရာကဏ္ဌ၌ ဘာသာလူမျိုး မခွဲမခြားဘဲ မိမိတို့၏ အသက်ထက်ဆုံးအချိန်ထိ ငြိမ်းချမ်းစွာ ကျေပွန်ခဲ့ကြောင်းကို ကဗျာဆရာက-
"ဘူမိနက်သန် ၊ ရိုဟင်းမြေမှ
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့်
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန်
မခွဲမခြား ၊ ဘာသာလူသား ။" ဟူ၍ ရေးဖွဲ့ထားသည်မှာ အလွန် နှစ်သက်ဖွယ် ကောင်းလှပါသည်။
ဤသည်တွင် ရိုဟင်ဂျာ့ဘိုးဘွားများ၏ ငြိမ်းချမ်းစွာ နေတတ်ပုံ၊ နိုင်ငံတော်ကို မြတ်နိုးတန်ဖိုးထား၍ နိုင်ငံ့တာဝန်များကို အသက်ထက်ဆုံး ကျေပွန်ခဲ့ပုံ၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ မခွဲခြားတတ်သည့်စိတ်ထားများကို ထင်းရှားစွာ တွေ့မြင်ရပါသည်။
ထို့နောက် ကဗျာ၏ ဒုတိယ အပိုဒ်တွင် စာဆိုက အစွန်းရောက်သမားများ၏ အလိုကျအတိုင်း စစ်အာဏာရှင်ခေါင်းဆောင်များက အာရ်ကာန်၏ မူလဘူတ ဌာနေတိုင်းရင်းသားဖြစ်သည့် ရိုဟင်ဂျာတို့အပေါ် တရားလွန် ပြုကျင့်နေပုံကို လက်ညှိုးထိုး ရေးဖွဲ့ထားသည်မှာ -
"ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့်
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင်
ရိုဟင်းသားကို ၊ အာရကာန်မွေ
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။" ဟူ၍ ဖြစ်ပါသည်။
ရိုဟင်ဂျာတို့သည် အာရ်ကာန်ဒေသ၏ မူလဘူတ ဌာနေတိုင်းရင်းသားဖြစ်သော်ငြားလည်း ၎င်းတို့ကို တစ်ဖက်နိုင်ငံက ခိုးဝင်လာသူများ၊ ဧည့်သည်များ၊ နိုင်ငံခြားများ စသည်ဖြင့် အခြေအမြစ်မရှိ မတရား စွပ်စွဲ၍ ရိုဟင်ဂျာတို့၏ မူလ တိုင်းရင်းသား အခွင့်အရေးကို ဖြတ်ပစ်ရန် ကြိုးစားနေသော အစွန်းရောက်သမားများနှင့် ၎င်းအစွန်းရောက်သမားများ၏အလိုကျ စစ်အာဏာရှင်များ၏ ရိုဟင်ဂျာတို့အပေါ် မတရားကျူးလွန်နေမှုကို မီးမောင်းထိုးထားပုံသည် အလွန်ပင် ချီးကျူးစရာ ကောင်းလှပါသည်။ သမိုင်းမှန်ကို မျက်ကွယ်ပြု၍ ဇွတ်ငြင်းနေသော အာဏာရှင်ကို စာဆိုက မျက်ကန်းခေါင်းဆောင်ဟု သုံးနှုန်းထားပုံမှာလည်း ထိမိလှပါသည်။ ထို့အပြင် မူလဘူတဌာနေတိုင်းရင်းသားဖြစ်သည့် ရိုဟင်ဂျာတို့၏ တိုင်းရင်းသားအခွင့်အရေးကို အဓမ္မ လုယူရန် ကြိုးစားနေသော အာဏာရှင်များကို စာဆိုက "အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ" ဟူ၍ အာဏာရှင်များ၏ အချည်းနှီး ကြိုးပမ်းမှုကို ခပ်ပြင်းပြင်း မေးခွန်းထုတ်ထားပုံမှာလည်း အံ့မခန်းဖွယ် ထိမိလှပါသည်။
ကဗျာ၏ တတိယအပိုဒ်တွင်မူ စာဆိုက မတရားကျူးလွန်နေသူများအပေါ် ရိုဟင်ဂျာတို့၏ သည်းခံတတ်သော စိတ်ကို တိုတိုနှင့်လိုရင်းရောက်အောင် လှလှပပ ဖော်ကျူးထားပုံမှာ -
"ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။"
ဆင်ခြင်တုံတရားကင်းမဲ့သူများ၊ ဒုစရိုက်ရှင်ကဲ့သို့ ယုတ်မာသူများ၏ ဆိုးသွမ်းမှု၊ ရိုင်းပျမှုနှင့် ယုတ်မာမှုများအပေါ် အဖိနှိပ်ခံ ရိုဟင်ဂျာများက စိတ်ရှည်သည်းခံတတ်ပါသည်။ ဆိုလိုသည်မှာ မိမိတို့၏ အခွင့်အရေးမှန်သမျှကို မတရား လက်လွှတ်ဆုံးရှုံးခံလာရသည်မှာ ကာလရှည်ကြာ ဖြစ်နေသော်လည်း မည်သည့်အခါမှ အကြမ်းဖက် တန်ပြန် မတုန့်ပြန်ခဲ့ကြောင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်ရှည်သည်းခံတတ်ပုံသည် ရိုဟင်ဂျာတို့်၏ စံလည်း ဖြစ်သည်ဟူ၍ ဖွဲ့ဆိုထားပုံမှာ အလွန်ပင် ရသမြောက်ပေသည်။
ထို့အပြင် ပျားများသည် မိမိ၏ သေးငယ်သော နှုတ်သီးဖြင့် ပန်းမျိုးစုံမှ ဝတ်ရည်များကို စုပ်ယူလာ၍ နေ့မအားညမအား ကြိုးစားအားထုတ်ပြီး ပျားအုံ ဆောက်ပါသည်။ သို့သော် နှစ်နှင့်ချီ၍ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား တည်ဆောက်ခဲ့သော ပျားအုံကို လူတစ်ချို့က မိနစ်အနည်းငယ်အတွင်း ဂရုဏာကင်းမဲ့စွာ မီးတင်ရှို့ ဖျက်ဆီးပစ်တတ်ပါသည်။ ထိုအခါ ပျားများသည် မိမိ၏ ကာလရှည်ကြာ အချိန်ယူပြီး ဆောက်ထားသည့် ပျားအုံကို ကျောခိုင်းရ၍ အခြားတစ်နေရာသို့ မျက်ရည်စက်လက်ဖြင့် ရင်နာနာ ထွက်ပြေးရသော်လည်း အားမလျှော့ဘဲ တကွဲတပြားဖြစ်ခဲ့ရသည်မှ ပြန်လည် အားယူ စုစည်းတတ်ပြီး ပျားအုံအသစ်ဆောက်ရန် ပြန်လည် အလုပ်ဆင်းတတ်ပါသည်။ စာဆိုကလည်း ရိုဟင်ဂျာတို့၏ ဘဝမှန်ကို ပျားတို့ဘဝနှင့် ခိုင်းနှိုင်း၍ စပ်ဆိုခဲ့ပုံမှာ ထိရောက်လှပြီး အလွန်ပင် ရသမြောက်ပါသည်။
ထို့နောက် စာဆိုက အေးမြသည့်ရေအိုးလို မြတ်နိုးဖွယ်ကောင်းသည့် ရိုဟင်ဂျာတို့၏ ဖြောင့်မတ်မှု၊ သိမ်မွေ့စွာ ပြောဆိုတတ်မှု၊ ဝါရိတ္တစောင့်တတ်မှု၊ စာရိတ္တကောင်းမွန်မှု များကို ကဗျာ၏နောက်ဆုံးပိုဒ်တွင် ဤသို့ ဖော်ကျူးထားပါသည်။
"ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။" ဟူ၍ ဖြစ်၏။
ထိုကဲ့သို့ ဖြောင့်မတ်တည်ကြည်သူ၊ သိမ်မွေ့စွာ ပြောဆိုတတ်သူ၊ ဝါရိတ္တစောင့်တတ်သူ၊ စာရိတ္တကောင်းမွန်သူများကို အာရ်ကာန်မြေပေါ်က ဖျောက်ပစ်မည်ကို ကဗျာဆရာက စိုးရိမ်ပုံ ရပါသည်။ ထို့ကြောင့်လည်း ကဗျာဆရာက "ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် " ဟူ၍ မိမိလူမျိုးကို သော်လည်းကောင်း ဖျောက်ပစ်အောင် မတရားကြိုးပမ်းအားထုတ်နေသူများကို သော်လည်းကောင်း စိုးရိမ်စွာ သတိပေးသည့် စာကြောင်းဖြင့် ကဗျာကို နိဂုံးချုပ်အပ်လိုက်ပုံသည် အလွန်ပင် ထိမိလှသော စာအဖွဲ့အနွဲ့ ဖြစ်ပါသည်။ အဆိုပါ အပိတ်စာကြောင်းက စာဆို၏ ဆန္ဒမွန်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပေါ်လွင်စေပြီး ကဗျာတစ်ပုဒ်လုံး၏ အနှစ်သာရကိုလည်း အထူး ပေါ်လွင်စေပါသည်။
ထို့ကြောင့် ဤကဗျာသည် စာဖတ်သူများ၏ ရင်ထဲတွင်လည်း ကျွန်တော့်ရင်ထဲ စွဲငြိနေသလို စွဲထင်ကျန်ရစ်နေမည်ဟု ရိုးသားစွာ ယုံကြည်ပါ၏။
ကျွန်တော် ယျာတင်-(ရိုဟင်းသား) ဖြစ်ပါသည်။