မိတ္တီလာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ၇ ဦးကို အမြင့်ဆုံး ပြစ်ဒဏ်ချ
ဓါတ်ပုံ - အိမ်ခိုင်မြဲ |
21.5.2013
မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှု အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသော ဘိ တ သေ ဆုံးခဲ့ မှုနဲ့ပတ်သက် ပြီး တရားစွဲဆို ခံထားရသူ ၇ ဦးကို ဒီကနေ့ မိတ္ထီလာ မြို့နယ်နဲ့ ခရိုင် တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
ပြစ်ဒဏ် စီရင်တဲ့ အမှုတွေ ကတော့ လူသတ်မှု။ အရေးပေါ် ထုတ်ပြန်မိန့် ဖောက်ဖျက်မှု။ သာသနာ ညှိုးနွမ်း စေမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု စတာတွေနဲ့ အသီးသီး စစ်ဆေး စီရင်ခဲ့ တာပါ။
မြတ်ကိုကို (ခ) အဏ္ဏ၀ါကို ထောင်ဒဏ် တသက် တကျွန်းနဲ့ ၄ နှစ်၊ ကိုဇော်ထက်နိုင် ၄ နှစ်၊ ကိုမျိုးထွန်း စုပေါင်း ၁၆ နှစ်၊ ကိုဖိုးချို ၂၈ နှစ်၊ ကိုမျိုးညွန့်ဦး ၁၄ နှစ်၊ ကိုမျိုးဝင်း ၂ နှစ်၊ အသက် ၁၇ နှစ်အရွယ် ညီညီနိုင် ကို ၇ နှစ် ချမှတ် လိုက်တာလို့ တရားခွင်ကို တက်ရောက် နားထောင် ခဲ့တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ ကိုထိန်မင်းခိုင်က ပြောပါတယ်။
စီရင်ချက် တွေကို မနက် ၁၀ နာရီခွဲ လောက်က မြို့နယ်ရော ခရိုင် တရားရုံးမှာ ချမှတ်ခဲ့ပြီး ဒီလို အမြင့်ဆုံး ပစ်ဒဏ် ချမှတ်ခံ ရမှုပေါ်မှာ တရားခံ တွေက မကျေနပ်လို့ ရဲတွေကို ကိုယ်ထိ လက်ရောက် ရိုက်ပြီး ရဲကား တွေကိုလည်း ရိုက်ခွဲ ခဲ့တယ်လို့ ကိုယ်တိုင် တရားခွင်ထဲ သွားရောက် ခဲ့တဲ့ ကိုထိန်မင်းခိုင်က ပြောပြ ပါတယ်။
“မြို့နယ် တရားရုံး မှာရော၊ ခရိုင် တရားရုံး မှာရော ဘုန်းကြီး သတ်တဲ့ အမှုမှာ ပါဝင်သူ ၇ ဦးကို စီရင် ချက်ချ လိုက်တယ်။ အဲဒါကို မကျေနပ်တော့ ရဲတွေကို လည်ပင်း ညှစ်တာ တွေလုပ်တယ်။ တရားရုံးနဲ့ တရား သူကြီးကို အော်ဆဲတယ်။ တရားရုံးမှာ ရုတ်ရုတ် သဲသဲတော့ ဖြစ်သွားတယ်။ ထိခိုက် ဒဏ်ရာ ရတာ မရှိပါဘူး။ လုံခြုံရေး တာဝန် ယူနေတဲ့ ရဲတွေ ကလည်း ပျော့ပျောင်း စွာနဲ့ပဲ ချော့မော့ပြီး အချုပ် ကားပေါ် ပြန်တင်တယ်။ ပြီးတော့ သူတို့ကို ထောင်ကြီး ချုပ်ထဲ ပို့လိုက်တယ်။”
တရားခံ ရှေ့နေ ဦးသိန်သန်းဦး ကတော့ ခရိုင် တရားရုံးနဲ့ မြို့နယ် တရားရုံး တွေမှာ ခုခံ ခြေပမှုနဲ့ ပတ်သက်ပြီး ကြုံခဲ့ ရတာတွေကို အခုလို ရှင်းပြ ပါတယ်။
“ခရိုင် တရားရုံးမှာ စစ်ဆေးခဲ့တာ တရား မျှတမှု ရှိပါတယ်။ သက်သေ ၃၉ ယောက်၊ မျက်မြင် သက်သေက ၁၆ ယောက်။ ကျနော် တရားခံ ဘက်က အပြည့်အစုံ တင်ပြခွင့် ရပါတယ်။ ဒီအမှုကို ဒိ ထက် ပြင်း ထန် တဲ့ ပြစ်ဒဏ် သေဒဏ်ထိ ကျမယ်လို့ မျှော်လင့် ထားတာ။ ဒါပေမယ့် ရုံးက စနစ်တကျ အပြစ်ပေး သွား တာ ပါ။ ဒါပေမယ့် သက်သေ တွေရဲ့ ထွက်ဆိုချက် တွေအပေါ် သုံးသပ်ချက် ကတော့ ခရိုင် တရားရုံးနဲ့ ကျနော်တို့ သီးခြားစီ အမြင်ရှိ ကြတယ်။ တရားရုံးက သူ့လုပ်ပိုင်ခွင့် အလျောက် သုံးသပ်တာ၊ ကျနော် တို့က ဆက်လက် တင်ပြ စရာတွေ ရှိတာပေါ့။ နောက် တရားခံ တချို့ကို ဒီဖြစ်စဉ် အပေါ် မှာပဲ နောက်ထပ် တရားစွဲတဲ့ ကိစ္စ ကတော့ အရေးကြီးတဲ့ ဥပဒေ ပြဿနာ တရပ်လို့ မြင်တယ်။ ဒါကတော့ တရား မျှတ မှုမရှိ ဘူးလို့ မြင်တယ်။”
အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ခံတဲ့ အပေါ် တရားခံတွေက ဆက်လက် အယူခံ ဖို့ရှိတယ် လို့လည်း သူက ဆက်ပြော ပါတယ်။
မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က ရွှေအရောင်း အ၀ယ် ပြုရာ ကနေ စကား များပြီး ပဋိပက္ခ စတင် ဖြစ် ပွား ခဲ့တဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ ဆွေမျိုး တော်စပ်သူ ၁ ဦးကို ဧပြီလတွင်းက ထောင် ဒဏ် ၁၄ နှစ် စီ အသီး သီး ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ် မဲ့ခဲ့ရ တယ်လို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။