နောက်ဆုံးသတင်း/ဆောင်းပါးများ

Weekly Eleven ဂျာနယ်မှ နေထွန်းနိုင်၏ ဆောင်းပါးကို တုန့်ပြန်ခြင်း



Weekly Eleven ဂျာနယ်၏ ရိုဟင်ဂျာတွေ တိုင်းရင်းသား ဖြစ်မလာနိုင်.. ဒါပေမဲ့ ဆောင်းပါး အပေါ် တုန့််ပြန်ခြင်း

မောင်ရွှေခိုင်
RB News
16.6.2014

လက်ရှိ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုသော ဝေါဟာရကို မီဒီယာ လောကတွင် ရောင်းအား ကောင်းသော ကုန်ပစ္စည်း သဖွယ် အသုံးပြု နေခြင်းကို တွေ့နေ ရပါသည်။ ရိုဟင်ဂျာ ဟူသော ဝေါဟာရ ပေါ်တွင် ဆန့်ကျင် ကန့်ကွက်မှုပေါ် မူတည်ပြီး မိမိတို့ ဂျာနယ်၊ သတင်းစာများ ရောင်းအား ကောင်းလေ ဖြစ်နေသည်။ မီဒီယာ လောကတွင် အာဏာရှင် လက်ဝေခံ မီဒီယာ၊ လူမျိုး/ ဘာသာရေးတွင် အစွန်းရောက်သော မီဒီယာနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်တွင် အခြေခံသော မီဒီယာများ ဟူ၍ အမျိုးမျိုးရှိသည်။ ၎င်းတို့တွင် Weekly Eleven မီဒီယာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အရေခြုံ ထားပြီး၊ စစ်အစိုးရ လက်ထက်မှ စ၍ ထုတ်ဝေခွင့် ရရှိထားသော မီဒီယာ တစ်ခု ဖြစ်သည်။ ရခိုင် အရေးအခင်းတွင် ရိုဟင်ဂျာများ၏ အားနည်းချက် များပေါ် အခွင့်အရေး ယူပြီး ရခိုင် အစွန်းရောက် များနှင့် အာဏာရှင် အစိုးရ အလိုကျ မီးလောင်ရာ လေပင့် တဖက်သတ် ရေးသားသော မီဒီယာ ဖြစ်သည်။ တခါတရံ အာဏာရှင် အစိုးရ အပေါ် ထိုးနှက် ဝေဖန်မှု များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အရေခြုံ ထားခြင်းကြောင့် အများပြည်သူ ထင်ယောင် ထင်မှား ဖြစ်တတ်သည်။ အမှန် တကယ်တွင် Weekly Eleven မီဒီယာသည် စစ်အာဏာရှင် များ၏ အဓိက လက်ကိုင်ဒုတ် မီဒီယာကြီး တစ်ခု ဖြစ်သည်။

ယခု တဖန် Weekely Eleven ဂျာနယ်မှ (၉.၆.၂၀၁၄) နေ့စွဲဖြင့် ”မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ တိုင်းရင်းသား ဖြစ်မလာနိုင်…. ဒါပေမဲ့ ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ်ကို နေထွန်းနိုင် ဆိုသော အမည်ဖြင့် ရေးသား ထားတာကို ဖတ်လိုက်ရပါတယ်။ Foregin Policy မဂ္ဂဇင်း ဘလောဂ် စာမျက်နှာပါ “The Self-Censorship Shuffle : Why one Australian Media Mogul chose to Kotow to Myanmar’s Generals ” ကို ကိုးကား ရေးသား ထားတာကို တွေ့ရပါတယ်။

ဆောင်းပါးတွင် အခြား အကြောင်း အရာ များကို ရောသမ မွှေထား ပေမဲ့ ဆောင်းပါး၏ ခေါင်းစဉ်နှင့် ဆောင်းပါးရှင်၏ ရှေ့နောက် မညီ ရေးသားမှုများ၊ တဖက်သတ် စွပ်စွဲချက် များကို ထောက်ပြ လိုခြင်း ဖြစ်သည်။

သမိုင်းကြောင်းအရ ဘင်္ဂါလီ လူနည်းစုဟာ ဘင်္ဂလားဒေ့ရှ်က ဆင်းသက် လာတာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ထဲမှာ တရား မ၀င်ရွှေ့ပြောင်း နေထိုင်သူတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်း၊ မြန်မာ အစိုးရက ဘင်္ဂါလီတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ် မပြုဘူးလို့ Foregin Policy ဆောင်းပါးရှင်က ရေးသားထားတယ် ဆိုပြီး Weekly eleven ဂျာနယ်မှာ ရေးသားထား ပါတယ်။ မူးရင်း ဆောင်းပါးကို သွားကြည့်တဲ့ အခါ “The Rohingya are viewed by many residents of Rakhine State, where they live, as illegal immegrants ” ဆိုပြီး သွားတွေ့ ရတယ်။ ရခိုင်ပြည်နယ် ထဲမှာ ရိုဟင်ဂျာ တွေကို ဒေသခံများက တရားမ၀င် ရွှေ့ပြောင်း လာတယ်လို့ မြင်ကြတယ်။ ဒါကို Weekly Eleven မီဒီယာက FP ဆောင်းပါးရှင် ပြောသလို နားလည် ပါးရိုက် လုပ်ထားတယ်။ အကယ်၍ FP ဆောင်းပါးရှင်က တရားမ၀င် ၀င်ရောက် လာတယ်လို့ လက်ခံရင် မြန်မာ အစိုးရက ရိုင်ဟင်ဂျာ တွေကို တိုင်းရင်းသား အဖြစ် အသိ အမှတ် မပြူဘူး ဆိုပြီး ရေးသားစရာ အကြောင်း မရှိဘူး။

ဆက်လက်ပြီး Weekly Eleven ဂျာနယ်မှာ ဘင်္ဂါလီ အရေးနှင့် ပတ်သက် လာရင် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု၊ ပြည်သူတွေ၊ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အားလုံးရဲ့ သဘောထားက ရှင်းလင်း ပြတ်သားတယ် ဆိုတဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို UNHCR ကိုအပ်ပြီး ဒုက္ခသည် စခန်းမှာ ထားမယ်၊ သူတို့တွေကို UNHCR က ကျွေးမွေးရမယ်၊ တတိယ နိုင်ငံ တွေက လက်ခံမယ် ဆိုရင် ပို့ပေးမယ်လို့ ပြောခဲ့တယ် ဆိုတဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ (ILO) နှစ်ပတ်လည် ညီလာခံမှာ ဖြစ်ပွား ခဲ့တဲ့ ပြဿနာဟာ နယ်ခြား မလုံမှုကြောင့် ဖြစ်ရတယ်၊ ၂၀၁၃-ခုနှစ် ဗြိတိန်ကို ရောက်ရှိစဉ် BBC နှင့် ပြုလုပ် ခဲ့သော အင်တာဗျူး မှာလည်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ဘူး၊ နိုင်ငံတကာ အနေနဲ့ နားလည် ပေးဖို့လိုတဲ့ အချက်က ကြောက်ရွံ့ ထိတ်လန့််မှု တွေဟာ မူစလင်မ် အသိုင်း အ၀ိုင်း ကြားမှာပဲ ရှိနေတာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တွေမှာလည်း စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်လို့ ပြောဆိုတဲ့ အကြောင်း၊ ဆက်လက်ပြီး ဆောင်းပါးရှင်မှ သမိုင်းကြောင်း အရ ကြည့်မယ် ဆိုရင်လည်း ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံကို ခိုးဝင်သူ လာသူတွေ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ခေါ်သွင်း လာရာက မြန်မာနိုင်ငံ ထဲကို ရောက်လာ ပါတယ်။ နောက်ပိုင်း မပြန်တော့ဘဲ မြန်မာနိုင်ငံ မှာဘဲ အခြေချ နေထိုင်သူတွေ ရှိပါတယ်။ သူတို့ဟာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသား ဖြစ်ခွင့် ရှိတယ် ဆိုဦးတော့ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသား လူမျိုးစုတိုင်းက ဒီအချက်ကို ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ ၀ါဒဖြန့််မှိုင်းတိုက်မှု မပါဘဲ ယုံကြည်စွာ လက်ခံထား ပါတယ်။ လူ့အခွင့်အရေး ရှုထောင့်က ဘယ်လိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံသား ဖြစ်ခွင့််ကို ၁၉၈၂-ခုနှစ် ဥပဒေနဲ့ ဆုံးဖြတ် ရမယ် ဆိုပြီးတော့ အကျယ်တ၀င့် ရေးသား ထားပါတယ်။

သမ္မတ ဦးသိန်းစိန်မှ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးနှင့် တွေ့ဆုံပြီးနောက် VOA တွေ့ဆုံခန်းတွင် နှစ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ နေထိုင်သော သမိုင်းကြောင်း ရှိခြင်း၊ ခိုးဝင်လာသူ မရှိသလောက် နည်းပါခြင်း၊ ပညာရေး ကဏ္ဍတွင် မြှင့်တင်ပေးရန် လိုအပ်ကြောင်း စသည့် အကြောင်း အရာများကို Weekly Eleven မှ အဘယ်ကြောင့် ချန်ထားခဲ့ သနည်း။ ၂၀၁၃-ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန် အင်တာဗျူး တစ်ခုတွင် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် နိုင်ငံတကာ စံချိန်/ စံညွှန်းနှင့်် မကိုက်ညီ သောကြောင့် ပြင်ဆင်ရန် လိုအပ်သည်။ ပြင်ဆင်ပြီး နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်လာသူ များသည် ဖြစ်ပြီး နိုင်ငံသားများ နည်းတူ တန်းတူ အခွင့်အရေး ရှိကြောင်း ပြောဆိုမှုများကို Weekly Eleven ဂျာနယ် အဘယ်ကြောင့် နှာစေး ခဲ့သနည်း။ နရမိတ်လှ (ခ) မင်းစောမွန် ဘုရင်သည် မည်သူ၏ အကူအညီဖြင့် မြောက်ဦးဘုရင့် နိုင်ငံတော်ကို တည်ထောင်ခဲ့ သနည်း။ ရိုဟင်ဂျာများ ရခိုင်ဘုရင် လက်ထက် ကတည်းမှ မိမိတို့၏ အသက်သွေးချွေး ပေးဆပ်ပြီး ဘုရင်၊ ပြည်သူ များနှင့် တသားတည်း ရှိခဲ့သည်။ ဗမာဘုရင်၏ အကြိမ်ကြိမ် ကျူးကျော်မှုကို မိမိတို့၏ အသက်ကို ပဓာန မထားဘဲ ရခိုင် ဘုရင် များနှင့် လက်တွဲ ခဲ့သည်။ ၁၇၉၉-ခုနှစ် အင်းဝတွင် ရုံးစိုက်သော ဗြိတိသျှ သံအဖွဲ့ဝင် တစ်ဦးဖြစ်သူ Francis Buchanan က မြန်မာနိုင်ငံ အတွင်းရှိ ဘာသာစကား များကို လေ့လာ သုတေသန ပြုခဲ့ရာ ရခိုင်ပြည် အတွင်း Rosswan နှင့် Rovinga စကား နှစ်မျိုးမှာ လူအများ နားလည် သုံးနှုံန်း ခဲ့ကြသော စကား ဖြစ်ကြောင်း၊ Rosswan စကားကို ဟိန္ဒူများက ပြောပြီး၊ Rooinga စကားကို မူစလင်မ်တို့ ပြောဆိုကြောင်း ရေးသား ဖော်ပြခဲ့သည်။ *(Asiatic Researches, Calacatta V5 (1881) P.237 - Buchanan ၏ သုတေသနပြု  နောက်စာ တပုဒ်တွင် Araccan (ရခိုင်) တွင် နှစ်ကာလ ကြာရှည်စွာ ကတည်းမှ နေထိုင်သော မဟာမေဒင် (အစ္စလာမ်) ဘာသာဝင် ရိုအင်ဂါ (သို့မဟုတ်) မူလဌာနေ တိုင်းရင်းသားများ ပြောဆိုသော စကားဆိုပြီး ရေးသားထား ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သတ်၍ သမိုင်း အထောက် အထား အများအပြား ရှိသော်လည်း အားလုံး လက်ခံနိုင်သော အချက် အချို့ကို တင်ပြရခြင်း ဖြစ်သည်။ အင်္ဂလိပ် လက်ထက်ကျမှ ရောက်လာသည် ဆိုလျှင် Buchanan တွေ့ရှိခဲ့သော မဟာမေဒင် ဘာသာဝင် ရိုအင်ဂါ လူမျိုးများ အဘယ်သို့ ရောက်ရှိ သွားသနည်း။

Weekly Eleven ဂျာနယ် ဆောင်းပါး နောက်တပိုဒ်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ အများကြီး ရှိတယ်။ တိုင်းရင်းသား တွေထဲမှာ ဗမာ မုန်းတီးရေး ၀ါဒကို လက်ကိုင်ပြပြီး အစွန်းရောက်တဲ့ လူမျိုးစုတွေ ရှိနေတယ်။ ဘင်္ဂါလီကို တိုင်းရင်းသား ခွင့်ပြုဖို့ တောင်းဆို နေသူတွေ ထဲမှာလည်း အစွန်းရောက် သူတွေ ရှိနေတယ်။ သူတို့အားလုံး စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဗန်းပြပြီး ဗမာ မုန်းတီးရေး ၀ါဒနှင့် ပြည်ထောင်စု ပြိုကွဲရေးကို ၀ါဒဖြန့် လုပ်နေ ကြပါတယ်။ အပေါ်က အပိုဒ်မှာ တိုင်းရင်းသား လူမျိုးစုတိုင်းက ရိုဟင်ဂျာနှင့် ပတ်သက်လျှင် တိုင်းရင်းသား မဟုတ်ဘူး ဆိုတဲ့ အချက်ကို ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ ၀ါဒဖြန့်မှိုင်းတိုက်မှု မပါဘဲ ယုံကြည်စွာ လက်ခံထားတယ်လို့ ပြောပြီး အခု ဒီအပိုဒ်မှာ ရိုဟင်ဂျာ (ဆောင်းပါရှင်၏ အခေါ် ဘင်္ဂါလီ) တွေကို တိုင်းရင်းသား ခွင့်ပြုဖို့ တောင်းဆို နေတဲ့ တိုင်းရင်းသားတွေ ရှိတယ်လို့ ရေးသားထား ပြန်တယ်။ သူတို့ကိုတောင် အစွန်းရောက် ဆိုပြီး ဖော်ပြထားတယ်။ ရှေ့/နောက် တက်တက်စင် လွဲနေတယ်။

ဘင်္ဂါလီကို တိုင်းရင်းသား အဖြစ် လက်ခံ လိုက်မယ် ဆိုရင် မြန်မာနိုင်ငံ ပြင်ပမှာ ရောက်ရှိ နေတဲ့ (၄.၂) သန်းခန့် ရှိတဲ့ ဘင်္ဂါလီ တွေကို မြန်မာနိုင်ငံက လက်ခံ ရတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့်နှစ် (၂၀) အတွင်း ခိုးဝင်လာသူတွေ ထပ်များလာရင် မူစလင်မ် ဦးရေသန်း (၂၀) အထိ ရောက်လာ နိုင်ပါတယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေနဲ့သာ ချုပ်ကိုင် မထားဘူး ဆိုရင် အခုအချိန် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ အရေအတွက် လွန်လွန် ကြူးကြူး တိုးပွား နေမှာ ဖြစ်ပါတယ်။ အခုချိန် ရခိုင်ပြည်နယ် လူဦးရေ သုံးပုံတစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်နေပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံက ရခိုင်နဲ့ အခြား တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဘင်္ဂါလီကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုလိုက်မယ် ဆိုရင် လာမည့်နှစ် (၂၀) အတွင်း ရခိုင်ပြည်နယ် လူဦးရေ သုံးပုံနှစ်ပုံဟာ ဘင်္ဂါလီတွေဖြစ် သွားမှာပါ ဆိုပြီး ရေးသားထား ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကို ဗြိတိသျှတို့ သိမ်းခဲ့သည့် ၁၈၂၅-ပတ်ဝန်းကျင်က ရခိုင်ပြည် အုပ်ချုပ်ရေးမှူး Mr. Charles Paton နှင့် သမိုင်းပညာရှင် Dr. Barnerjee မှတ်တမ်းများ အရ ရခိုင်လူမျိုး ၆၀၀၀၀ ၊ မူစလင်မ် ဘာသာဝင် ၃၀၀၀၀ နှင့် ဗမာ အပါအ၀င် အခြား တိုင်းရင်းသား ၁၀၀၀၀ ၊ စုစုပေါင်း ၁၀၀၀၀၀ ဆိုပြီး ဖော်ပြပါ ရှိပါတယ်။ အချိုးအရ ဆိုလျှင် ရခိုင်နှင့် ရိုဟင်ဂျာ ၂း၁ ဖြစ်နေ ပါတယ်။ ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ်တစ်ဦး၏ အဆိုအရ ရခိုင် လူမျိုးဦးရေသည် ပြည်တွင်းနှင့် ပြည်ပပေါင်း သုံးသန်းကျော် ရှိကြောင်း ပြောဆို ထားပါသည်။ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် ဘာသာဝင်များ နည်းတူ ရိုဟင်ဂျာ လူမျိုးများ သားဆက်ခြားခြင်းကို ဘာသာရေး အရ လိုက်နာသူ အင်မတန် နည်းပါး ပါသည်။ မွေးဖွားနှုန်း ကောင်းပြီး၊ သားဆက်ခြား လိုက်နာမှု မရှိပါလျက် ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ရိုဟင်ဂျာ ဦးရေ (၈၀၀၀၀၀) သာ ရှိသနည်း။ ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ပေါင်း (၂၀၀) နီးပါး အရင်က ၂း၁ ရှိခဲ့သော် လည်း၊ ရိုဟင်ဂျာ ဦးရေသည် ရခိုင် လူဦးရေထက် ထက်ဝက်ကျော် အဘယ်ကြောင့် လျှော့နည်း နေသနည်း။ စစ်အစိုးရ၏ နှစ်ပေါင်း (၅၀) ကျော် ဖိနှိပ်၊ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာများ ပြည်ပသို့ နည်းအမျိုးမျိုးဖြင့် ထွက်ပြေး ခိုလှုံရခြင်း ဖြစ်သည်။ Weekly Eleven ဂျာနယ်၏ (၄.၂) သန်းဆိုသည်မှာ ပြည်သူ များကြား စိုးရိမ်စိတ် လွန်ကဲအောင် တမင်ဝါဒ ဖြန့််ခြင်းသာ ဖြစ်သည်။ ဂျာမနီ စစ်အာဏာရှင် ဟစ်တလာမှ ဂျူးလူမျိုးများကို သုတ်သင်နိုင်အောင် ဂျာမန် ပြည်သူ လူထုထံသို့ ဂျူးမုန်းတီးရေးနှင့် စိုးရိမ်စိတ်ကို ပထမဦးစွာ ၀ါဒဖြန့်ခဲ့သည်။ အမေရိကန်သည် ပင်လျှင် အရှေ့အလယ်ပိုင်း နိုင်ငံများကို ထိန်းချုပ်ရန် ဆက်ဒမ်ဟူစိန်ကို နယူးကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံအဖြစ် လည်းကောင်း၊ ဒေသတွင်း နိုင်ငံများ အတွက် အလွန် အန္တရာယ် ရှိနိုင်သလို ဖန်တီးကာ၊ ကမ္ဘာနှင့် အိမ်နီးချင်း နိုင်ငံ များကို ၀ါဒမှိုင်း တိုက်၍ အရှေ့အလယ်ပိုင်း နိုင်ငံ များကို ထိန်းချုပ် ခဲ့သည်။ စစ်အစိုးရ အဆက်ဆက် ဖိနှိပ်၊ ညှဉ်းပန်းမှုများကြောင့် ထွက်ပြေး ခိုလှူံနေသော ရိုဟင်ဂျာများကိုပါ ပေါင်းလျှင် ရခိုင် လူမျိုးလူဦးရေကို မမှီနိုင်ပါ။ ဒါကြောင့် နှစ် (၂၀) အတွင်း ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံ နှစ်ပုံကို ရိုဟင်ဂျာ ဖြစ်လာမည် ဆိုသော စကားသည် ရည်ရွယ်ချက် ရှိရှိ ရိုဟင်ဂျာ များကို နှိပ်ကွပ်ရန် ၀ါဒဖြန့်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ၀ါဒဖြန့်မှုသည် ယခုမှ မဟုတ်၊ ဦးနေ၀င်း အာဏာရှင် လက်ထက်မှ စ၍ န၀တ၊ နအဖ ခေတ်အဆက်ဆက်မှသည် သိန်းစိန်း အစိုရ လက်ထက်အထိ မြန်မာပြည်သူ လူထုထံသို့ ရိုဟင်ဂျာ မုန်းတီးစိတ် ဖြစ်လာအောင် ဖန်တီး နေခြင်း ဖြစ်သည်။ Weekly Eleven ဂျာနယ် ပြောသလို လူဦးရေ သန်း (၂၀) ထိများလာလျှင် ယူဂိုစလား ဗီးယား ပြိုကွဲတဲ့ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်သည်ဟု ဆိုခြင်းမှာ ယခုလိုဖိနှိပ်၊ နှိက်စက်မှု များပေါ်တွင်သာ နိုင်ငံ ပြိုကွဲနိုင်ပြီး၊ တန်းတူညီမျှ အခွင့်အရေး ပေါ်တွင်သာ နိုင်ငံတော်ကို ပို၍ တောင့်တင်း ခိုင်မာ နိုင်စေသည်မှာ လက်ရှိ ကမ္ဘာ့ အဖြစ်အပျက် များက သက်သေခံ နေပါသည်။ “ဘင်္ဂါလီ” အရေးမှာ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် အမေရိကန် အစိုးရနဲ့၊ အမေရိကန် မီဒီယာတွေက ပုံသွင်းလို့ မရဘူးလို့ ဆိုထားပြန်ရာ ရိုဟင်ဂျာ အရေးနှင့်ပတ်သက်၍ မြန်မာ အစိုးရ လိုချင်တဲ့ ပုံစံဖြစ်အောင် အာဏာရှင် အစိုးရနှင့် လက်ဝေခံ မီဒီယာ၊ အထူးသဖြင့် Weekly Eleven မီဒီယာမှ ပုံသွင်းလို့ မရဘူး ဆိုတာ မြဲမြဲမှတ် ထားစေချင်တယ်။

အမေရိကန် နိုင်ငံမှာ အမေရိကန် အကျိုးစီးပွား ရှိပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွား ရှိတယ်။ မြန်မာနိုင်ငံ မှာ လည်း မြန်မာနိုင်ငံရဲ့အကျိုးစီးပွား ရှိနေတယ် ဆိုပြီး လူမျိုးတစ်မျိုး ပျောက်ကွယ် သွားအောင် လုပ်လို့ မရဘူး။ မိမိ အကျိုးစီးပွား အတွက် အခြားသူ တွေရဲ့ အခွင့်အရေး ဖျက်ဆီး နေတာကို ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး။ “ဘင်္ဂါလီ ဆိုတာ တိုင်းရင်းသား မဟုတ်ဘူး။ ဘင်္ဂါလီပဲ ဖြစ်ဖြစ်၊ မူစလင်မ်ပဲ ဖြစ်ဖြစ်၊ ဘယ်လူနည်းစုတွေ ပေါ်မှာမှ ခွဲခြား ဆက်ဆံတာ၊ ဖိနှိပ်တာတော့ လက်မခံဘူးလို့ ပြောထား ပြန်ပါတယ်။” ရှင်းနေတာကို ရှုပ်အာင် လုပ်ထားတော့ ပြန်ရှင်း နေရတာပါ။ မှန်ပါတယ် ဘင်္ဂါလီ ဆိုတာ တိုင်းရင်းသား မဟုတ်ပါ။ ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသားပါ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူနည်းစု မူစလင်မ်တွေကို အာဏာရှင် အဆက်ဆက် ဖိနှိပ်၊ ခွဲခြား ဆက်ဆံနေတာ Weekly Eleven ဂျာနယ်မှ မည်သို့ သက်သေ အထောက်အထား အရ လက်မခံဘူးလို့ ပြောနိုင်ပါသလဲ။

ရုရှား အာဏာရှင် ကွန်မြူနစ် ခေါင်းဆောင် စတာလင်လည်း လူလူချင်း အဆင့် အတန်း ခွဲခြားခြင်း၊ လူမျိုးစွဲများ မရှိဘဲ ကမ္ဘာ့ နိုင်ငံသား စိတ်ရှိ ရမည် ဆိုပြီး ဟောပြော ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ၎င်း၏ မိသားစုနှင့် ပတ်သက်သူ မှန်သမျှကို တစ်ယောက်ပြီး၊ တစ်ယောက် ဖျောက်ပစ် ခဲ့သည်။ စတာလင်လို ခွဲခြား ဆက်ဆံတာကို လက်မခံ သလိုပဲလား။

“ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်ရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေး အတွက် မဟုတ်ဘဲ တခြား ကိစ္စတွေမှာ လိုအပ်တာထက် ပိုပြီး တွန်းအားပေး လုပ်ဆောင် ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျား တစ်ကောင် ဖြစ်လာမှာ မဟုတ်ဘဲ ကျားစာ ဖြစ်သွား ပါလိမ့်မယ် ဆိုပြီး ဆောင်းပါးကို အဆုံးသတ် ထားပါတယ်။

ရိုဟင်ဂျာ အရေးသည် ခေတ်အဆက်ဆက် ဖျက်ဆီး ခံနေရသော ကွက်လပ်ကို ဖြည့်ဆည်း ပေးရန် တောင်းဆို နေခြင်းသာ ဖြစ်သည်။ ပြည်နယ်လည်း မတောင်းဆိုပါ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည်း မပေးပါနဲ့။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှကို သာလျှင် တောင်းဆို နေခြင်း ဖြစ်သည်။ Weekly Eleven ဂျာနယ်မှ “ငါ့စကား နွားရ ” စကားပုံ ကဲ့သို့ မိမိလိုချင်တဲ့ အတိုင်းပုံဖော်ပြီး မြန်မာနိုင်ငံဟာ ကျားတစ်ကောင် ဖြစ်မလာဘဲ ကျားစာ ဖြစ်သွားမှာကို စိုးရိမ်နေလျှင် အာဏာရှင် အစိုးရနှင့် လက်ကိုင်တုတ် မီဒီယာများမှ လူနည်းစု လူမျိုး၊ ဘာသာဝင်များ အပေါ် ဖိနှိပ်၊ချုပ်ချယ်၊ အမုန်းတရား ၀ါဒဖြန့်ဝေမှုကို စွန့်လွှတ် ရပါမည်။ အကယ်၍ မစွန့်လွှတ်ဘဲ လုပ်မြဲ လုပ်နေလျှင် မြန်မာနိုင်ငံသည် အာရှ၏ ကျားတစ်ကောင် ဖြစ်လာ၊ မဖြစ်လာ နိုင်တော့ တပ်အပ် မပြောနိုင်ပေမဲ့ တရုတ် နိုင်ငံ၏ ခွေးစာ ဖြစ်နေမယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။

Comment ရေးရန်

Rohingya Exodus