အီးဒ်နေ့ချိန်ခါ ဒုက္ခသည်များ၏ ခံစားချက်
RB News
7.7.2016
အီးဒ်နေ့ချိန်ခါ ဒုက္ခသည်များ၏ ခံစားချက်
=====================
"သူငယ်ချင်းရေ ... သူငယ်ချင်း ... လှခင်ရေ ..."
အိမ်ထဲက ဘာသံမှ ထွက်ပေါ်၍ မလာလျှင် မောင်မြင့်က လှခင်၏ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။
လှခင်၏ အိမ်ဆိုသည်မှာ လွန်ခဲ့သည့် လေးနှစ်ခန့်က ခေါင်းမိုးအဖြစ် အုပ်ထားသော တာပလင်... ထိုသို့ ဟောင်းနွမ်း ယိုယွင်းနေသော တာပလင်က မိုးဒဏ်ကို ကာနိုင်စွမ်းမရှိသဖြင့် မိုးစက်များ တပေါက်ပေါက် ယိုစီးကျနေ၍ ရွှံ့တွေပေကျံနေသော မြေပေါ် ဂုန်နီအိတ် အစုတ်လေးတွေ ခင်းထားသည့် အခန်းကျဉ်းကျဉ်းလေးသာ ဖြစ်ပြီး ၎င်းကို လူအများက ဒုက္ခသည်စခန်း ဟုခေါ်နေခြင်း ဖြစ်သည်။
အိဒ်နမာဇ် ဖတ်လာပြီးကတည်းက ယိုင်လဲနေသော အိမ်ထဲက ဝါးထရံ နံရံကို မှီပြီး တရှိုက်ရှိုက်ငိုနေသော လှခင်ကို သူ့ငယ်သူငယ်ချင်း မောင်မြင့်က မကျေမနပ်သံနှင့် ပြောလာ၏။
"ဟာကွာ ... မင်းကလည်း တစ်ချိန်လုံး ငိုနေတာချည်းပဲ ... ဒီနေ့ အိဒ်နေ့ကွာ ... အိဒ်နေ့ဆိုတာ ပျော်ဖို့ပဲ ... ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုနေဖို့ မဟုတ်ဘူး ..."
"မင်းကလည်း ပြောရက်လိုက်တာကွာ ... ငါ့အတွေးထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ မင်းမှ မသိတာ သူငယ်ချင်းရာ ... "
လှခင်၏ အသံမှာ ပျော့ပျောင်းနေပြီး သူ့ရင်ထဲက ဝမ်းနည်းမှုဟာ သူ့မျက်နှာပေါ်တွင် အတိုင်းသားပေါ်လွင်နေသည်။ လှခင်က ဆက်လက်ပြောလာ၏။
"မင်း စဉ်းစားကြည့်ကွာ သူငယ်ချင်း ... အရင် အိဒ်နေ့ဆို ငါတို့ ဘယ်လို ပျော်ခဲ့လဲ ဆိုတာ အတိတ်ကို မင်း ခဏလောက် ပြန်သွားပြီး ခံစားကြည့်စမ်းပါ ... တိတိကျကျ ပြောရရင် ၂၀၁၂ မတိုင်ခင် ကာလပေါ့ ... ငါတို့ နာဇီရွာ (စစ်တွေ) က အိဒ်နေ့ကို မင်း ခဏလောက် ပြန်မြင်ယောင်ကြည့်စမ်းပါ ... ရောင်စုံစက္ကူတွေနဲ့ တန်ဆာဆင်ပြီး အိဒ်ဆွလာတ် ဝတ်ပြုခဲ့တဲ့ နေရာလေးကို မင်း ခဏလောက် ပြန်မြင်ယောင်ကြည့်စမ်းပါ ... ဒေသခံ ရခိုင်သူငယ်ချင်းတွေ ငါတို့အိမ်တွေကို လာလည်ပြီး စားသောက်ပျော်ပါးဖူးတာတွေကို ပြန်စဉ်းစားကြည့်ပါ ... ပြောရရင်ကွာ ... ပျော်ရွှင်စရာတွေ ပြည့်နှက်နေခဲ့တဲ့ အဲ့ဒီတုန်းက ငါတို့ အိဒ်နေ့ဟာ ဒီနေ့ အိဒ်နေ့နဲ့ ဘာမှမဆိုင်သလိုဖြစ်သွားပြီ ဆိုတာ မင်းသေချာ စဉ်းစားကြည့်ပါ သူငယ်ချင်း ...."
နံရံကို မှီပြီး အတိတ်က ပျော်ရွှင်စရာ အခိုက်လေးကို မျက်ရည်စက်လက်နှင့် တမ်းတမ်းတတ ပြောနေသော လှခင်ကို သူ့သူငယ်ချင်း မောင်မြင့်က ငေးစိုက်လို့ ကြည့်နေ၏။
"အေးပါ သူငယ်ချင်းရာ ... ငါ နားလည်ပါတယ် ... အဲ့ဒါတွေက တကယ်ဖြစ်ခဲ့တာ ဆိုပေမယ့် အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ ... အဲ့လောက်ထိလည်း စိတ်ပျော့ပြီး ခံစားမနေပါနဲ့ သူငယ်ချင်းရာ ... ငါတို့က လူနည်းစုမို့ လူများစုရဲ့ အနိုင်ကျင့်ခြင်းကို ပိုးဆိုးပက်စက်ခံခဲ့ရတာပေါ့လေ ... ဒါပေမယ့် ငါတို့ စိတ်ဓါတ်ကျပြီး လဲကျမနေသင့်ဘူးကွာ ... အလှဲထိုးခံရပြီး လှဲချခံရတာက ပြန်ထပြီး အနိုင်ယူပြတဲ့ လက်ဝဲသမား စိတ်ဓာတ်ကို မွေးစမ်းပါ သူငယ်ချင်း ... ပျော်ရာမှာ မနေရလည်း တော်ရာမှာ ပျော်သလို နေရတာပေါ့လေ .... ကဲ့ ... ထတော့ ... အပြင်ထွက်ပြီး လည်မယ် ..."
မောင်မြင့်က တက္ကသိုလ် ပထမနှစ် တက်ဖူးသည့် ကျောင်းသားပီပီ ဝမ်းနည်းနေသော သူ့သူငယ်ချင်း လှခင် အတွက် အားဖြစ်မယ့် စကားကို ခွန်အားလောင်းထည့်ပြီး ပြောလိုက်သည်။
၂၀၁၂ ခုနှစ် ဇွန်လ (၁၀) နေ့ကစပြီး အစိုးရ၏ စီမံကိန်းအဖြစ် ဘယ်ကရောက်လာမှန်း မသိသည့် အကြမ်းဖက် ရခိုင်တွေနှင့် ရဲသားတွေ၏ ရက်စက်လွန်းသော အနိုင်ကျင့်မှုတွေ ခံခဲ့ရပြီးသည့် နောက် မောင်မြင့်ရဲ့ ပညာရေးဘဝက ပထမနှစ် တက္ကသိုလ်ဘဝနှင့်တင် နိဂုံးချုပ်သွားခဲ့ရလေပြီ။
လှခင်ကတော့ ဆယ်တန်းမအောင်ခဲ့ပါ။ သို့သော်လည်း အသက်အရွယ် ရလာခဲ့သော သူ့အဖေရဲ့ စီးပွားရေးကို မဖြစ်မနေ လက်လွှဲယူခဲ့ရသူမို့ ဆယ်တန်းကို တစ်နှစ်ဖြေပြီး မအောင်ခဲ့ဘဲ သူ့ပညာရေးဘဝကို ထိုနေရာမှာတင် ရပ်တန့်လိုက်ရသည်။ နာဇီရွာဈေးထဲက သူတို့ အဝတ်ဆိုင်ကြီးသည် တစ်ဈေးလုံး၌ အစီဆုံး ဆိုင်တစ်ဆိုင် ဖြစ်ဖူးပါသည်။
"သူငယ်ချင်းရာ ... မင်းကတော့ စိတ်ဓါတ်မကျဖို့ ပြောနေပေမယ့် ငါကတော့ အတိတ်ဘဝကို အောက်မေ့ သတိရတိုင်း စိတ်ဓါတ်မကျချင်ပေမယ့်လည်း စိတ်ဓါတ်ကျသွားတာ ငါ့အားနည်းချက်ပဲ ဆိုပါတော့လေ ... မငိုချင်ဘဲ မျက်ရည်က အလိုလို ကျကျလာတတ်တာ ငါ့ နူးညံ့ချက်ပါပဲလေ ... ဒါပေမယ့် ငါ့နှလုံးသားထဲကို မင်း တအောင့်လောက်ပဲ ဝင်ကြည့်ပါလား သူငယ်ချင်း ...
ပြေးထွက်နိုင်ဖို့ အားမရှိခဲ့တဲ့ ငါ့အဖေ ... သူကိုယ်တိုင် ခမ်းခမ်းနားနား ဆောက်ခဲ့တဲ့ အိမ်ထဲမှာပဲ ပိတ်မိပြီး မီးထဲပါသွားခဲ့တုန်း ငါလည်း ဘယ်လိုမှ သွားပြီး မကယ်နိုင်ခဲ့တဲ့ အခိုက်လေးကို ငါ ခဏခဏ အိပ်မက်မက် နေတတ်တာပါ ... နေ့ခင်းဖက် လှဲနေရင်း အိပ်ပျော်သလို ဖြစ်နေချိန်မှာတောင် အဲ့အဖြစ်အပျက်လေးကို ငါ အိပ်မက်မက်နေတတ်တာကွာ ... နိုးတစ်ဝက်အိပ်မက်နဲ့ လန့်နိုးခဲ့ရတဲ့ အဖြစ်တွေ ငါ့နေ့ရက် ပြက္ခဒိန်မှာ များလွန်းနေပါပြီ ... ပြီးတော့ ငါတို့ လက်ဝတ်ရတနာတွေ ... အတန်ကြာကြာ ချွေးစက်ရင်းပြီး ရှာဖွေဖူးတဲ့ ငွေကြေးတွေ အကုန် မီးထဲပါသွားတာထက် အဖေ့အဖြစ်ကို ငါ အရမ်းပဲ ခံစားနေရတာပါ ... ဒီနှလုံးသားထဲက ဒီဦးနှောက်ထဲက အဖေ့အဖြစ်ကို ဘယ်လိုမှ မထုတ်ပစ်နိုင်တာ ငါ ပျော့ညံ့နေလို့လား သူငယ်ချင်းရာ ... ငါ တကယ်ပဲ လူညံ့ဖြစ်နေလို့လား သူငယ်ချင်းရာ ... ငါ့ကို မင်း ဖြေသိမ့်မှုလေး ပေးစမ်းပါ ..."
ရင်ဘတ်နဲ့ ခေါင်းကို ထုထုပြပြီး ဖွင့်ပြောနေသော လှခင်ကို မောင်မြင့်က တင်းကျပ်စွာ ဖက်လိုက်၏။ နှစ်ယောက်လုံး၏ မျက်လုံးများမှ စီးကျလာနေသော မျက်ရည်သည် ပူလောင်နေပြီး ပါးပြင်ကို ဖြတ်၍ တစ်ကိုယ်လုံးကို စွတ်စိုနေချေပြီ။
လှခင်က ငိုရှိုက်လျက် ထပ်ပြောပြလာသည်။
"အဲဒီနေ့က ငါ အိမ်ထဲမှာ ရှိရင် သိပ်ကောင်းမှာပဲ ... ငါ့အဖေကို ငါ ကယ်နိုင်လောက်တယ် ... ငါ့ အသက်နဲ့ လဲပြီး ကယ်နိုင်ခဲ့လောက်ပါတယ်ကွာ .... ငါ အသုံးမကျခဲ့တာလား ... ကံတရားလား ဆိုတာ အခုထိ ငါ အဖြေရှာနေတုန်းပါကွာ ... "
အဲ့ချိန်တုန်းက လူစိမ်း အကြမ်းဖက် ရခိုင်လူအုပ်က နာဇီရွာကို ဝိုင်းလိုက်ပြီးတာ သိပြီးသည့်နောက် လှခင်တို့လို လူပျိုတွေက ရွာကို ကာဖို့ ဆိုပြီး ရဲတွေကို သွားသတင်းပို့ ... ကင်းစောင့်သလို နေ ... ရန်ကုန်ကို ဖုန်းဆက်ပြီး အကူအညီတောင်းနေခဲ့ ... ဟိုပြေးသည်ပြေးနှင့် သဝေထိုးလို အလုပ်ရှုပ်နေခဲ့ပြီး မိမိ အိမ်ကိုပင် မေ့နေခဲ့သည်။ အစိုးရအာဏာပိုင်ဖက်မှ မည်သည့်အကူအညီမှ မရခဲ့သည့်အဆုံး နာဇီရွာလည်း အကြမ်းဖက် ရခိုင်လူအုပ်၏ လက်ခုပ်ထဲက ရေဖြစ်သွားခဲ့လေသည်။
တစ်အိမ်ပြီး တစ်အိမ် မီးရှိုးခံရ ... လမ်းပေါ်မှာ ပုလင်းကွဲတွေ ခင်းထားသလို ထိုလမ်းပေါ်မှာ ဓာတ်ဆီလောင်းပြီး မီးရှို့ .. ထိုကဲ့သို့ မီးလောင်နေသော ပုလင်းကွဲပြည့် လမ်းပေါ်က လျှောက်လာစေခဲ့ ... နို့စို့အရွယ် ကလေးတွေကို ရင်ဝယ်ပိုက်ပြီး ထွက်လာနေခဲ့သည့် မိခင်လက်ထဲမှ သားငယ်ကို အတင်းလုယူပြီး တကျွမ်းကျွမ်းလောင်နေတဲ့ မီးထဲ ပစ်လိုက် ... လက်လှမ်းမီရာ လက်ဝတ်ရတနာတွေကို အထုပ်ထုတ်ပြီး ယူလာသူရဲ့ လက်ထဲက အထုပ်တွေကို လုယူလိုက် ... တစ်ချို့ကို ဓားရှည်နဲ့ ခုတ်ပစ် ... ပြောရရင် ကမ္ဘာ့မြေပေါ်သို့ ငရဲဘုံ တစ်ခန်း ကျလာသလို ထင်မှတ်ရသည့် ထိုအချိန်တုန်းက အခိုက်လေးသည် မည်သည့်အခါမျှ မည်သို့မျှ မေ့နိုင်မည် မဟုတ်ဘူး ဆိုတာ ကိုယ်တိုင်ခံခဲ့ရသူများသာလျှင် အသိဆုံး ဖြစ်လိမ့်မည်ထင်၏။
"ဒီလို အိဒ်နေ့ မတိုင်ခင်လေးမှာဆို မိသားစုဝင်တွေအတွက် အဝတ်သစ်တွေ ဝယ်ပေးနေတတ်တာ ... အိဒ်နေ့ကျတော့ စမိုင်မုန့်တွေနဲ့ တစ်ခြားရိုးရာမုန့်တွေ ချက်ပြီး လာလည်တဲ့ ဧည့်သည်တွေကို ကျွေးဖူးတာ ... အဝတ်သစ်တွေဝတ် ... မွှေးရနံတွေ ဖျန်း ... အဝတ်သစ် နေ့သစ်နဲ့ သန့်ပြန့်ပြီး အဖေ့ လက်ကိုတွဲလို့ အိမ်က ထွက်လာပြီး အိဒ်နာမာဇ် သွားဝတ်သွားခဲ့ဖူးတာ ... အခုက အဝတ်သစ်ဆိုလို့ မနှစ်က တူရကီက လာလှူသွားတဲ့ အင်္ကျီပဲ ရှိတယ် ... အိဒ်နမာဇ် ဖတ်ဖို့ သွားတုန်းကလည်း ငါ အဖေ့ကို ပြင်းပြင်းပြပြ သတိရခဲ့တာပါ သူငယ်ချင်းရာ ... အဖေ့လက်ကို တွဲချင်နေတုန်းပဲကိုး ....
ပြီးတော့ကွာ ... အဖေ့ဆီက အီဒီတောင်းလို့ အဖေက သားဘယ်လောက်လိုမလဲ မေးမေးပြီး ပေးဖူးတဲ့ အီဒီ ... အခု ငါ ဘယ်သူ့ဆီက သွားတောင်းရမလဲကွာ ... အဖေပေးပြီးတဲ့နောက် အမေဆီ ချဉ်းကပ်လို့ အမေနဲ့ ချွဲနွဲ့ပြီး အမေဆီကလည်း တောင်းဖူးတဲ့ ငါတို့ရဲ့ အိဒ်နေ့ အခိုက်လေးတွေ အခု ဘယ်ဆီများ ရောက်သွားတာလဲဟ ... ပြီးတော့ မောင်နှမ တွေကို ငါကိုယ်တိုင် အီဒီ ပေးတိုင်း သူတို့တွေက ပျော်လွန်းလို့ ငါ့ရှေ့က ကခုန်ပြီး ပြေးသွားတတ်တဲ့ အခိုက်လေးတွေကိုရော့ ငါတို့တွေ ပြန်ရနိုင်သေးလား ... ငါ့ကို ပြောစမ်းပါ သူငယ်ချင်းရာ ...
အခုက ငါ့ ခမ်းနားတဲ့ အိမ်က နာဇီရွာထဲမှာ မီးနဲ့အတူ ပြာကျလို့ ပြာတောင်မကျန်ခဲ့တဲ့အခါ ငါတို့တွေက ဒီဒုက္ခသည် စခန်းထဲမှာ ဘယ်လောက်များ ထပ်ပြီး လူးလှိမ့်နေရမလဲ သူငယ်ချင်းရာ ... ဒီအချိန် ဒီအခြေအနေမျိုးမှာ ပျော်ရွှင်စရာလို့ အဓိပ္ပါယ်ရတဲ့ "အိဒ်" ဆိုတဲ့ဟာကို ငါ သိပ်ပြီး မခံစားတတ်တာ အဲ့တာ ငါ ညံ့လို့လား ... ငါ တကယ်ပဲ ပျော့ညံ့ နေလို့လား ...
ငါ ငိုပါရစေ ... အားရပါးရ ငိုပါရစေ သူငယ်ချင်းရာ ... ငါ့ကို ငိုခွင့်လေးတော့ ပေးပါဟ ... အသျှင်မြတ်ထံကို ခစားပြီး ငါ ငိုပါရစေ ...."
လှခင်က ပြောချင်တာကို ငိုယိုလျက် အန်ချဖွင့်ချ လိုက်လေသည်။
"သူငယ်ချင်းရေ ... ထပ်မပြောပါနဲ့တော့ဟ ... ငါထပ်မခံစား နိုင်တော့ဘူး ... မင်းရင်ထဲ ဘယ်လို ခံစားနေလည်း ဆိုတာ ငါအပြည့်အဝ ခံစားလို့ရပါတယ် ... တစ်ခုပဲ ပြောနိုင်ပါတယ် ... သူတို့လည်း တစ်နေ့ ဒီထက် ဆိုးတဲ့ ဝဋ်လည်မှုကို မလွဲခံစားရမှာပါ ... ဒါပေမယ့် ငါတို့ခံစားခဲ့ရသလို သူတို့ အဲ့လိုဘေးမျိုး အဲ့လိုကပ်ဆိုးမျိုး ဘယ်တော့မှ မခံစားပါရစေနဲ့ ဆိုပြီး ငါ လူသားဆန်စွာပဲ ဆုတောင်းလိုက်ပါတယ် ..."
မောင်မြင့်မှာ ပြောချင်စရာ စကားလုံးများ ရှားပါးလို့နေပြီ။ သူငယ်ချင်းလေးကို ဖြေသိမ့်မှုပေးနိုင်ဖို့ အားအင် မောင်မြင့်မှာ ရှိမနေတော့။ သူကိုယ်တိုင်လည်း လှခင်တို့ မိသားစုလောက်မဟုတ်ပေမယ့် အကြမ်းဖက်ရခိုင်တွေရဲ့ ရက်စက်မှုကို ထိုအချိန်တုန်းက အလူးအလှိမ့် ခံခဲ့ရသူထဲက တစ်ယောက်ပဲလေ။
သို့သော် မောင်မြင့်က လှဲချခံရတာမှ ပြန်ထနိုင်ဖို့ အမြဲ ရုန်းကန်တတ်သူ၊ မတရားမှုအစား တရားမျှတမှု ရဖို့ သူနိုင်သည့်အပိုင်းက အားထုတ်နေသူ၊ အတိတ်က ဘဝကို သမိုင်းဆိုးမှတ်ပြီး အနာဂါတ် သမိုင်းကို လှပစေချင်သူ ဖြစ်နေတာကြောင့် သူ့ကို စိတ်ဓာတ်မာကျောသူဟု တင်စား၍ ပြောရမည်ပင်။
"မင်း ဆုတောင်းတွေ ပြည့်ပါစေ သူငယ်ချင်းရာ ... တစ်နေ့နေ့ ငါတို့ခံစားခဲ့ရတာထက် အဆပေါင်းများစွာ သူတို့လည်း မလွဲ ပြန်ခံစား ရမှာပါ ... ငါတို့ ကလဲ့စားချေမယ်လို့ ပြောတာမဟုတ်ပါဘူး ... သဘာဝတရား (အသျှင်မြတ်) က သူတို့ ကျူးလွန်ခဲ့မှုကို မျှမျှတတ စီရင်ပေးလိမ့်မယ်လို့ပဲ ငါ ယုံကြည်တယ် ..."
လှခင်က သဘာဝတရား (အသျှင်မြတ်) ကို တိုင်တန်းပြီး ပြောလိုက်သည်ကို မောင်မြင့်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဒါတွေ ထပ်မပြောပြပါနဲ့တော့ သူငယ်ချင်း ... ငိုရင် မျက်ရည်ကျမယ် ... မျက်ရည်နဲ့အတူ ငါတို့ အားအင်တွေကို မကုန်ဆုံးပါရစေနဲ့ ... ငါတို့ မာကျောပါရစေ ... ငါတို့ အန်တုနိုင်တဲ့ လူသန်မာလေး ဖြစ်ရပါစေ ...
ဝမ်းနည်းမှုတွေကို ခဏလောက် မေ့ထားလိုက်စမ်းပါ .... သိပ်ဝမ်းနည်းပက်လက်နေရင် ကျန်းမာရေး ထိခိုက်နေအုံးမယ် ...
လောလောဆယ် ကိုစိုင်းက ကလေးတွေကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးနေပြီ .... ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သော်ငြားလည်း လူသားဆန်တဲ့ ကိုစိုင်းလို ပုဂ္ဂိုလ်တွေ ငါတို့ နိုင်ငံမှာ များများ ပေါ်ရင် သိပ်ကောင်းမှာပဲနော် ... လာ...လာ ... အဲ့ဖက်ကို သွားလည်ရအောင် သူငယ်ချင်း ... "
နံရံကိုမှီပြီး လှဲနေသော လှခင်၏ လက်တစ်ဖက်ကို မောင်မြင့်က ဖေးမဆွဲထူရင်း နှစ်ယောက်စလုံး လှခင်တို့ အိမ်က ထွက်လာလိုက်သည်။
ကိုစိုင်းတို့ ခြံထဲကို ရောက်ရှိချိန်တွင် ကိုစိုင်းက ဖုန်းတစ်လုံးကို ကလိရင်း အလုပ်ရှုပ်နေတာ မြင်လိုက်ရသည်။
ကိုစိုင်း အနားကိုချဉ်းကပ်လို့ ကိုစိုင်း ဖုန်းကို ငုံ့ကြည့်သောအခါ ကိုစိုင်းက FB သုံးနေတာ တွေ့လိုက်၏။
Facebook မျက်နှာပြင်ပေါ်မှာတော့ "Happy Eid Mubarek" ဆိုသော အိဒ်နေ့ ဆုတောင်း နှုတ်ခွန်းဆက်သသည့် ပုံလေးများ၊ စာတိုများ စသည့် အမျိုးမျိုးတို့ကို တွေ့လိုက်ရလေသောအခါ .....
လှခင်၏ ရင်ထဲတွင် ဘာသာမဲ့ စကားလုံးတွေ အများကြီး ပြောဖြစ်သွားခဲ့လေသည်။
"အသင်တို့ရဲ့ Happy ဆိုတဲ့ စကားလုံးက ငါတို့ ဒုက္ခသည်အတွက် ဖြစ်ခဲတဲ့ အရာတစ်ခုလိုပါပဲ .... ဘာဘဲ ဖြစ်ဖြစ် ဆုတောင်းပေးသူများ... နှုတ်ခွန်းဆက်သူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ....”
တပါတည်း ... သင်တို့ Facebook သုံးနေတဲ့ အခါ ကုန်ကျတဲ့ ငွေထဲမှ ၅ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအရေးအတွက် သုံးကြရင် သိပ်ကောင်းမှာပဲနော် ...
ဒီမှာ မိုးယိုနေပြီး နေစရာ အိပ်စရာ ရှားပါးနေတဲ့ ဒုက္ခသည်စခန်းတွေ အများကြီး ရှိနေတာပါ ...
ဒီမှာ ကျောင်းမနေနိုင်တဲ့ ဆင်းရဲလွန်းတဲ့ ကလေးတွေ အများကြီး ရှိနေတာပါ ...
ဒီမှာ ကျန်းမာရေး စောင့်ရှောက်မှု မရကြတဲ့ လူမမာတွေ အများကြီး ဒုက္ခရောက်နေကြတာပါ ...
ဒီမှာ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်တွေ အများကြီး ငုတ်တုတ်မေ့လျက် ရှိနေတာပါ ....
ဒီမှာ အနာဂတ် မှောင်မိုက်နေတဲ့ လူငယ်လေးတွေက သင်တိုရဲ့ ဖေးမတဲ့ တွဲလက်တွေ အများကြီး လိုအပ်နေတာပါ ...
ဒီမှာ အိဒ်နေ့ကို အိဒ်နေ့ပီသစွာ ကျင်းပခွင့်ရဖို့ ဆန္ဒရှိနေတဲ့ လူတွေလည်း အများကြီး ရှိနေတာပါ ...."
လှခင်က သူ့ဘာသာ ရင်ထဲ ပြောချင်ရာ ပြောပြီး သူ့ရင်ထဲက ခံစားချက်တွေကို စကားလုံးအသွင်ဖြင်င့် Facebook ပေါ် တင်ပြီး အများကို သိစေချင်တဲ့ စိတ်လေး သူ့ရင်ထဲ ဖြစ်ပေါ်လို့ လာလေပြီ။
"ငါ အရင် ဘဝနဲ့ဆို .... ဒုက္ခသည်စခန်းထဲ တွန်းချမခံရခင်က ဘဝနဲ့ဆို ... ဟို ၂၀၁၂ ဇွန်လ အရင်က ဘဝနဲ့ ဆို ဒီလို ဖုန်းမျိုး ကိုင်နိုင်ပြီး ဒီလို Facebook လေး သုံးနိုင်လောက်ပြီပဲနော် ...
ဟော ... အဲ့ချိန်မှာဆို ဒီလို အတွေးတွေလည်း ငါရင်ထဲ ငါ့ခေါင်းထဲ ရောက်စရာကိုမှ မရှိတာပဲ ... ဒီလိုမျိုး တွေးစရာ အိပ်မက်မက်စရာတောင် မလိုလောက်ဘူးလေနော် ... "
"ဟေ့ ကိုမောင်မြင့် .. ကိုလှခင်တို့ ပါလား ... လာ ..လာ... ထိုင်ကြပါဦး ..."
ကိုစိုင်းရဲ့ အသံကြားမှ လှခင်၏ အတွေးများ လွှင့်ပြယ် ပျက်သွားရချေပြီ။
----------------×××××---------------------
၂၀၁၂ ခုနှစ် ဇွန်လ ဒုတိယ အပတ်မှ စ၍ အချို့သော ရခိုင်အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုကို ဆိုးရွားစွာ ခံခဲ့ရပြီးနောက် ဒုက္ခသည် စခန်းထဲ ရောက်နေရရှာသော စစ်တွေမှ ရိုဟင်ဂျာ ဒုက္ခသည်များ၏ အိဒ်နေ့ ခံစားချက်ကို ကူးစက်ခံစား၍ ရေးဖွဲ့ခြင်းဖြစ်ပါသည်။

ရေးသားသူ - #ယျာတင်_ရိုဟင်းသား#
၇.၇.၂၀၁၆