ရေသန့်ဗူးအခွံတစ်ခု၏ နောက်တွင်
ရေသန့်ဗူးအခွံတစ်ခု၏ နောက်တွင်
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
16.4.2017
(၁)
အပြင်မှာ နေကကျဲကျဲတောက်ပူနေသည်။ အချိန်ကလည်း မွန်းတည့်ချိန်မို့ လမ်းပေါ်မှာ လူအသွားအလာကလည်း အတော်နည်းပါး၏။ အချို့လမ်းသလားနေသူများကလည်း ထီးဆောင်းသူကဆောင်း၊ ဦးထုပ်ဆောင်းသူက ဆောင်းနှင့် နွေ၏ ပြင်းသော အပူဒဏ်ကို အကာအကွယ် ယူထားသည်။ သည်ထဲတွင် ထူးခြားနေသည့် ကောင်လေးနှစ်ယောက်။ ထိုကောင်လေးနှစ်ယောက်သည် နေပူကျဲကျဲမှာ ထီးလည်းမဆောင်းနိုင်၊ ဦးထုပ်လည်း မဆောင်းနိုင်။ ယုတ်စွအဆုံး ခန္ဓာပေါ် အင်္ကျီတောင်မပါဘဲ ကျစ်ကျစ်တောက် ပူနေသောနေအောက်တွင် ဟိုပြေးဒီပြေးနှင့် ဝမ်းရေးအတွက် ရုန်းကန်နေရသည်။ တိတိကျကျ ပြောရလျှင် သူများ စွန့်ပစ်သည့် ရေသန့်ဗူးအခွံ၊ အချိုရည်အခွံများစသည့် စွန့်ပစ်ပစ္စည်းများကို လိုက်ကောက်နေသူများသာဖြစ်သည်။ တစ်စုံတစ်ဦး၏ လက်ထဲမှ စွန့်ပစ်လာမည့်ပစ္စည်းတစ်ခုခုကို အမျှော်လင့်ကြီးမျှော်လင့်ရင်း ပီနံအိတ်အစုတ်ပလုပ် ကိုယ်စီနှင့် စောင့်ဆိုင်းနေတတ်သည့် အပေအတေ ကောင်လေးနှစ်ယောက်သာ ဖြစ်ပေ၏။
____
(၂)
သူ၏တန်ဖိုးကြီး အမှတ်အသားဖြင့် အဝတ်အစား၊ တပ်ထားသော အနက်ရောင် မျက်မှန်၊ လက်သူကြွယ်အပြင် လက်ခလယ်မှာပါ စွပ်ထားသော အကြီးစား ရွှေလက်စွပ်များ၊ သူစီးလာသည့် အဖြူရောင် PAJERO ကား ... အားလုံးကိုခြုံကြည့်လျှင် ဒီလူ ကျိကျိတက် ချမ်းသာနေသည့် လူတစ်ယောက်ဆိုတာ ပေါ်လွင်နေပါပြီ။ သေသေချာချာ ကြည့်လိုက်မှ (--------) ရွာက WY သူဌေးကြီး ဆိုမှန်း သိသာသည်။
ရေခဲစိမ်ပြီး အချိုရည်များ၊ အခြားစားသောက်စရာများ ရောင်းနေသော ဆိုင်ရှေ့ မနီးမဝေး၌ ကားကို လာရပ်လိုက်၏။ ကားဒရိုင်ဘာက ကားပေါ်ကဆင်းပြီး ထိုဆိုင်ထဲ ဝင်လာခဲ့သည်။ ဆိုင်ကောင်တာဆီသွားပြီး အအေးဖျော်နေသူကို တတွတ်တွတ် ဘာမှာနေသလဲတော့မသိ။ ဆိုင်ထဲမှာလည်း customer များက အပြည့်။ ပါဆယ်လာဝယ်နေသူများကလည်း ပါဆယ်ထုတ် ကောင်တာမှာ ပြည့်ကျပ်လို့နေသည်။ ကားဒရိုင်ဘာက ရေခဲစိမ်အအေးဘူး အငယ်တစ်ခုကို ယူလာပြီး ကားထဲ၌ ထိုင်နေသော သူဌေးကို လာပေးလိုက်သည်။ ပြီးလျှင် ဆိုင်ကောင်တာဆီ ပြန်သွားပြီး ရပ်စောင့်နေလိုက်တော့သည်။
____
(၃)
ပြည့်ကျပ်နေသော Costumer တွေကြောင့် Costumer တစ်ယောက်သည် အော်တာပေးသည်ကို ရဖို့ရန် အနည်းဆုံး ၁၅ မိနစ်ခန့် စောင့်ဆိုင်းနေရသည်။ အခုဆို ဒရိုင်ဘာစောင့်နေရသည်မှာ ၁၀ မိနစ်ကျော်ပြီ။ အော်တာပေးသည့်အရာလည်း ယခုထိမရေသေး။ သူဌေးက ကားထဲ၌ ဇိမ်နှင့်ထိုင်စောင့်နေရင်း အခုနက ဒရိုင်ဘာလာပေးသွားသော ရေခဲစိမ်ပြီးသာ ရေသန့်ဗူးကို ပြီးအောင်သောက်လိုက်သည်။ ပြင်းထန်လှသော အပူဒဏ်ကို ရေခဲစိမ်ရေဖြင့် ဖြေစေနေသလားတော့ မသိ။
ကားနှင့် မနီးမဝေးမှာတော့ စွန့်ပစ်ပစ္စည်းများ လိုက်ကောက်သည့် ဟိုကောင်လေးနှစ်ယောက်။ ကျလာမည့် ရွှေတုံးတစ်တုံးကို သူ့ထက်ငါဦးအောင် ရနိုင်ဖို့ ဇွဲရှိရှိ စောင့်ဆိုင်းနေသည့်ပုံစံသည် အင်မတန် စိတ်ဝင်စားဖွယ် ဖြစ်သည်။
ကားဒရိုင်ဘာက ပါဆယ်ထုပ်အကြီးကြီးကို ဆွဲပြီး ကားဆီလာနေပြီ။ ထိုအချိန်မှာ ကားပေါ်က သူဌေးလည်း ရေသောက်ပြီး၍ ရေသန့်ဗူးအခွံကို လမ်းဘေးသို့ ပစ်ချလိုက်၏။
ရေသန့်ဗူးအခွံ ကျလာသည့်နှင့် တစ်ပြိုင်နက် ဟိုအပေအတေ ကောင်လေးနှစ်ယောက်လည်း ဒုံးစိုင်း ရောက်လာခဲ့ပါရော့။ ရေသန့်ဗူးအခွံလေးတစ်ခုအပေါ် ကောင်လေးနှစ်ယောက်၏ လက်တစ်ဖက်စီက တစ်ပြိုင်နက်တည်း အုပ်မိုးနေလို့။ အခွံလေးကို ကိုယ်ဆွဲ သူဆွဲနှင့် အပြိုင်အဆိုင် ဆွဲနေရင်း ကောင်လေးနှစ်ယောက် မိနစ်ပိုင်းအတွင်း ရန်ပွဲဆောင်လာခဲ့သည်။ ရေသန့်ဗူးအခွံတစ်ခုက မွေးပေးသည့် ရန်ပွဲသည် နျူးကလိယားစစ်ပွဲ တစ်ပွဲလို မပြင်းထန်ပေမယ့် သူ့ဇာတ်သူ့အရပ်နဲ့တော့ ရန်ပွဲ အတော်ပီသခဲ့သည်။ ကောင်လေးနှစ်ယောက်ထဲမှ ကာယဗလာ နည်းနည်းသာ၍ အားကောင်းသည့် ကောင်လေးက သူ့ထက် အားနည်းသော ကောင်လေး၏ မျက်နှာတည့်တည့်ကို လက်သီး တစ်ချက်ထိုးလိုက်သည်။ အထိုးခံရသော ကောင်လေး၏ နှာခေါင်းမှ သွေးများ ဖြန့်ခနဲ့ စီးကျလာခဲ့၏။ သည်အဖြစ်အပျက်အားလုံးကို ပြုံးပြုံးလေး ကြည့်နေသူမှာ ဟိုဇိမ်ခံကားပေါ်က သူဌေး ဖြစ်ပါသည်။
ကားဒရိုင်ဘာ ရောက်လာပြီးနောက် ကားကို ဝုန်းခနဲ မောင်းသွားလိုက်သည့်အဆုံး ဟိုအပေအတေ ကောင်လေးနှစ်ယောက် အနီးမှာ ဖုန်တစ်သိုက်သာ ပျံ့နှံ့မွှေကာ ကျန်ရစ်နေလျက်....။
____
(၄)
သူဌေးလေး၏ PAJERO ကားသည် အချိန်အနည်းငယ်အတွင်း မျက်စိအမြင်မှ ကွယ်သွားခဲ့သော်လည်း သည်ကောင်လေး နှစ်ယောက်မှာတော့ ဝေဇယန်၏ မျက်လုံးနှစ်လုံး ရှေ့မှောက်တွင် ကျန်ရစ်နေမြဲ။ ရန်ပွဲသည်လည်း ယခုထိ မငြိမ်းသေး။ ကြိုကြားကြိုကြား ဖြစ်နေဆဲ။
ထိုင်နေရာမှ ဝေဇယန် ထရပ်လိုက်သည်။ ထို့နောက် ရန်ပွဲမြေပြင်သို့ လျှောက်သွားလိုက်၏။ ကောင်လေး နှစ်ယောက်ရှေ့မှောက် ရောက်လျှင် "ဘာတွေ ဖြစ်နေတာလဲ ညီလေးတို့" ဆိုပြီး ချိုချိုသာသာ မေးလိုက်သည်။ ကောင်လေး နှစ်ယောက်ကလည်း သူ့ကို နိုင်ငံတော်၏ တရားသူကြီးချုပ်တစ်ဦးလို ယုံကြည်သည့်ပုံစံဖြင့် သူတင်ကိုယ်တင် တစ်ပြိုင်နက်တည်း လျှောက်လဲချက်ပေးနေ၏။ ဝေဇယန်က ခေတ္တမျှ ဆိတ်ငြိမ်နေ၍ ကောင်လေးနှစ်ယောက်၏ ရှေ့နောက်မညီသော စကားများကို နားထောင်ပေးခဲ့သည်။ ပြီးနောက်--
" ငါ မင်းတို့ ပြဿနာကို ဖြေရှင်းပေးမယ်... နာခံမှာလား" ဆိုပြီး နည်းနည်းဩဇာသံဖြင့် မေးလိုက်သည်။
ထိုအခါ ရေသန့်ဗူးအခွံကို ကာယဗလအားကိုးဖြင့် အနိုင်ပိုင်ယူလိုက်သူက...
"အစ်ကို .. ဒီအခွံကို ကျနော်က ဦးတာပါ ... ကျနော်ဦးလို့ ကျနော်ပိုင်ရတာပေါ့" ဆိုပြီး သူ့ဖက်က အမှန်တရားကို ထပ်တလဲလဲ ခိုင်ခိုင်မာမာ ချပြနေသည်။
စွန့်ပစ်ပစ္စည်း လိုက်ကောက်နေသူတို့ နယ်ပယ်တွင် "ဦးသူပိုင်ရ" ဆိုသော စည်းမျှဉ်းရှိနေသလားတော့ ဝေဇယန်လည်း မသိ။ သို့သော် သည်ပြဿနာကို သူ တရားမျှစွာ ဖြေရှင်းပေးချင်သည်။
" အေး ... ညီလေး ပြောတာ လုံးဝမှန်တယ်... ဦးသူက ပိုင်ရမှာပေါ့..."
ဝေယဇန်၏ စကား အဆုံးတွင် ရေသန့်ဗူးအခွံပိုင်ရှင်လေးက အနိုင်မျက်နှာအသွင်နှင့်။ အနိုင်အပြုံးနှင့်။ သို့သော် ရေသန့်ဗူးအခွံလည်း ရှုံး လက်သီးလည်းကျွေးခံရသော ကောင်လေး၏ မျက်နှာကတော့ အရှုံးသမားတစ်ယောက်လို ရှုံးမဲ့သွားသည်ကို ဝေဇယန် မမြင်မြင်အောင် မြင်လိုက်သည်။ ပီနံအိတ်ကို မြေက လိုက်ကောက်ယူကာ ထွက်သွားရန် ဟန်ပြင်နေသော အရှုံးသမား ကောင်လေးကို ...
" ညီလေး ... ရေသန့်ဘူးအခွံ တစ်ခုက ၂၅ ကျပ်နော် ... ရော့ ဒီမှာ အခွံ ၂၀ ခုစာ "
ထွက်သွားရန် ဟန်ပြင်နေသည့် ကောင်လေးရှေ့ရပ်၍ ၅၀၀ တန်တစ်ရွက်ကို ကမ်းပေးနေသော ဝေဇယန်၏ မျက်နှာပေါ်တွင် အပြုံးက သိန်းသန်း ပွင့်လန်းလျက်။ ဝေဇယန် ပြုံးပြုံးလေး ကမ်းပေးနေသော ငွေစက္ကူကို ကောင်လေးက မယူဝံ့ ယူဝံ့နှင့် လှမ်းယူလိုက်၍...
"ကျေးဇူးတင်ပါတယ်အစ်ကို ... ဟိုအခွံက ကျနော့်ထက် သူအရင်ဦးတာ မှန်ပါတယ်... ဒါပေမယ့် ကျနော့် အမေက ကျန်းမာရေးမကောင်းတော့ ဆေးကုစရိတ် လိုနေလို့ ကျနော် အတင်းလုမိတာပါ ... အခွံတွေ အများကြီးရမှ ငွေများများ ရမယ်... ငွေများများရမှ အမေ့ကို ဆေးခန်းပြနိုင်မှာလေ ..."
ကောင်လေး၏ ငိုစွက်သံဖြင့် ရင်ဖွင့်သည်ကို ကြားရပြီး ဝေဇယန်၏ မျက်လုံးတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။ ဝဲတက်လာသော မျက်ရည် အပြင်ထွက်မလာအောင် မျက်တောင်ခတ်ရင်းနှင့် ထိန်းလိုက်ရ၏။
ရေသန့်ဗူးအခွံပိုင်ရှင် ကောင်လေးဖက်ကို လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်နှာလည်း အနိုင်သမား ပုံရိပ်မှ အရှုံးသမားပုံရိပ် ဖြစ်သွားသည်ကို တွေ့လိုက်သည်။ ရေသန့်ဗူးအခွံတစ်ခုကို တဇွတ်ထိုးပြီး အနိုင်ပိုင်ခဲ့သည့်အပေါ် သူ့ဟာသူ နောင်တရနေဟန်ရှိသည်။
ဝေဇယန်က အိတ်ထဲကို လက်ပြန်နှိုက်လိုက်ပြီး နှစ်ရာတန် တစ်ရွက်ကို ထုတ်ကာ ထိုရေသန့်ဗူးအခွံပိုင်ရှင်အား ကမ်းပေးလိုက်သည်။ ပြီးနောက် နှစ်ယောက်စလုံးကို ဆုံးမစကား နည်းနည်းပြောလိုက်၏။
"ညီလေးတို့ နောက်ထပ် ရန်မဖြစ်ကြနဲ့နော် ... ရန်ဖြစ်ရင် လူတွေ လှောင်မှာပေါ့ ... ဆဲတာကလည်း လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး ... အခွံတွေ လိုက်ကောက်တာ အလုပ်လုပ်တာပဲလေ... အလုပ်တိုင်းမှာ ဂုဏ်ရှိတယ် ... ဂုဏ်နဲ့အညီ နေတတ်ရင်ပေါ့ ... အခုအချိန်ကစပြီး တစ်ယောက်ကို တစ်ယောက် ကူညီပါ ... ကိုယ်က သူတစ်ပါးကို ကူညီရင် ကိုယ့်ကိုလည်း ဘုရားသခင်က ကူညီတတ်တယ် ... ရန်မဖြစ်ကြနဲ့နော် ညီလေးတို့ ..."
ဝေဇယန်၏ ဆုံးမစကားအဆုံး ကောင်လေးနှစ်ယောက် ခေါင်းလှုပ်ပြ၍ သဘောတူကြောင်း ပြ၏။
ဟို WY သူဌေးကတော့ အခုအချိန်ဆို သူ့ဇိမ်ခံအိမ်းကြီးမှာ မိသားစုနဲ့အတူ အအေးတွေ သောက်ရင်း ပျော်နေလောက်ပြီထင်။ သူမွေးပေးခဲ့တဲ့ ပြဿနာကို နေပူပူထဲမှာ ငါရှင်းပေးနေရတာကို အဲ့ဒီ သူဌေးသာ သိခဲ့ရင်....။
ဝေဇယန်က သူ့ဘာသာ စိတ်ထဲ၌ ပြောမိလိုက်လေ၏။
_____
(၅)
ညအချိန် ... တစ်နေ့တာ ဒိုင်ယာရီ ရေးချိန်၌ ဝေဇယန်၏ နားထဲတွင် ဟိုကောင်လေး၏ စကားလုံးများသာ ပဲ့တင်ဟပ်လို့နေလေသည်။
"ဟိုအခွံက ကျနော့်ထက် သူအရင်ဦးတာပါ.. ဒါပေမယ့် ကျနော့် အမေက ကျန်းမာရေးမကောင်းတော့ ဆေးကုစရိတ် လိုနေလို့ ကျနော် လုမိတာပါ ... အခွံတွေ အများကြီးရမှ ငွေများများ ရမယ်... ငွေများများရမှ အမေ့ကို ဆေးခန်းပြနိုင်မှာလေ ..."
ဝေဇယန်က သူ့ဒိုင်ယာရီတွင် သူ့တစ်နေ့တာဖြစ်ရပ်များနှင့် သူ့စိတ်ကူးများကို ခါတိုင်းလို ရော၍ ချရေးနေ၏။
- ငါ ဒီနေ့ ... စွန့်ပစ်ပစ္စည်း ကောက်ရင်း ရန်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်ကို ကူညီခဲ့တယ်။ အဲ့ထဲမှာ ကောင်လေး တစ်ယောက်ရဲ့စကားကြောင့် ရင်ထဲ အရမ်း ထိခိုက်ခံစားသွားမိတယ်။ အမေ့ဆေးကုစရိတ်အလို့ငှါ ရုန်းကန်နေတဲ့ ကောင်လေးအကြောင်း တွေးရင်း အသက်ရှုရကြပ်နေသလို ခံစားရတယ်။
- ငါတို့ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝက ဘာလို့ ဒီလောက်ထိ ကြမ်းတမ်းနေရတာလဲ။ ဒီလို ကလေးတွေကို ငါကူညီချင်တယ်။ အထူးသဖြင့် ပညာဆိုတဲ့ အလင်းပြ အရာကို ငါ သူတို့ကို လက်ကမ်းပေးချင်တယ်။
- ကိုယ်ပိုင် စာသင်ကျောင်းတစ်ကျောင်း ဖွင့်ပြီး ဒီလို အပေအတေ ဆင်းရဲတဲ့ ကလေးတွေကို ပညာသင်ပေးမယ့် ငါ့အိပ်မက်တွေ မြန်မြန်အကောင်အထည်ဖော်မှ ရမယ်။
- ငါ အများကြီး လုပ်စရာတွေ ကျန်နေသေးတယ်။ ငါအများကြီး ကြိုးစားရဦးမယ်။
ဒိုင်ယာရီရေးပြီး၍ ဝေဇယန်သည် မနက်ဖြန်ကို အားအင်အပြည့်ဖြင့် ရင်ဆိုင်နိုင်ရန် စောစော အိပ်ရာဝင်ခဲ့သော်လည်း WY သူဌေး ပစ်ချလိုက်သော ရေသန့်ဗူးအခွံနှင့် ထိုကောင်လေးနှစ်ယောက်၏ ပုံရိပ်များကာ ဝေဇယန်၏ အာရုံထဲတွင် ပြေးလွှားနေလျက်......။