ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက်
ရေးသားသူ - ရိုခရီးသည်
RB ကဗျာ
25.8.2018
ဤမိုးဝသန်၊ သည်ကမ္ဘာဝယ်
သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု
ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။
တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ
ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။
ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည်
ခါမမီသော၊ သေနတ်ပစ်သံ
ဆူဆူညံလျက်၊ ကျည်ဆံယမ်းမိုင်း
တဒိုင်းဒိုင်းနှင့်၊ အုံ့မှိုင်းဝန်းကျင်
ရွာမီးတင်ရှို့၊ မီးခိုးလွှမ်းလျက်
ဒူးထောက်တက်ကာ၊ ကြည့်ရကြိုးသည်
အကြောက်ကမ္ဘာ လွှမ်းလျက်နှင့်။
ဤသို့တဖန်၊ မြင်ရပြန်သည်
သူ့ရန်စမှ၊ ငါကြဉ်နိုင်ခဲ
ထိုအိမ်သည်အိမ်၊ မှိန်မှေးဆိတ်ညံ
ဟိုကြည့်ပြန်သော်၊ ဓားလှန်ထိရှ
လူသေအလောင်း၊ အထုပ်ထုပ်သို့
တစ်ချို့ဆိုလျှင်၊ မီးခိုးငွေ့ပြန်
မိစ္ဆာဆန်သူ၊ စစ်ဝတ်စုံရှင်
မီးရှို့ရက်သည်၊ လူအရှင်မို့
ပြေးထွက်ဖို့သာ၊ တို့ကြံရှာသည်
သွေးတိနီလွင်၊ မြေဆီတစ်ခွင်
ငါမြင်ရလည်း၊ ရှင်ပြန်နေရစ်သည်
ကိုယ်စိတ်နှစ်ဖြာ နွမ်းလျက်နှင့်။
သည်သို့အလျှံ၊ မီးတောက်ပျံကြား
ကျည်ဆံအကျ၊ မိုးသီးကျသို့
သွေးကျလွင်ပြင်၊ နီပင်လယ်ကြား
ဆင်မြန်းလျက်သာ၊ ပူပန်ရှာခြင်းကို
ညိုအာကာအောက်၊ စလှမ်းလျှောက်သည်
အကြောက်တွေဝေ၊ မျက်ရည်ဝဲယို
မြေသို့ကျကာ၊ ကန္တခဲသို့
ဒီခရီးကို၊ ငါဖြတ်ကျော်သည်
တိုင်းရင်းမြေကို၊ ရင်ဝယ်ထား၍
ခြကကျွတ်ရှာ၊ ဝေးသို့ပြေးခဲ့ရ
မှတ်မိရာရာ လွမ်းတနှင့်။
ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)

ယျာတင် (ရိုဟင်းသား)
RB News
30.3.2018
ရိုဟင်ဂျာ အဆိုတော်တစ်ဦးအကြောင်း
(သို့မဟုတ်)
ကျပ်တည်းနေမှု၊ နှလုံးသားအနာတရ၊ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို တစ်ဖက်တစ်လမ်းက ဖြေလျှော့ပေးနေသူ
(၁)
သီချင်းဆိုတာ စည်းမခြားထားတဲ့ အနုပညာထဲက အနုပညာ တစ်မျိုးပါပဲ။ လူမျိုးတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ သီချင်းဆိုတဲ့ အဆိုတော်တွေ ရှိစမြဲပါ။ တစ်ချို့က သင်တန်းတွေ သေချာတက်ပြီး စည်းစနစ်ကျကျ သီချင်းဆိုတဲ့ အဆင့်မြင့် အဆိုတော် ဖြစ်လာသလို တစ်ချို့ကျတော့လည်း သင်တန်းတက်ခွင့်မရ၊ အခြားနည်းနဲ့လည်း လေ့လာခွင့်မရဘဲ ဝါသနာအရ သီချင်းတွေသီဆိုရင်း အဆိုတော် ဖြစ်လာတတ်ပါတယ်။ အဆင့်မြင့်တဲ့ အဆိုတော်၊ ဒါမှမဟုတ် သာမန်အဆိုတော်၊ ဘယ်အမျိုးအစားထဲကပဲ ဖြစ်ပါစေ အဆိုတော်ဆိုတာ အနုပညာသည်ဝင်ပဲ မဟုတ်ပါလား။
(၂)
အခုခေတ်မှာ အဆိုတော်တွေ သီချင်းသွင်းတဲ့ တီးဝိုင်းကို ကြည့်လိုက်ရင် ကိရိယာတန်ဆာပလာတွေ အများအပြားကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက ကိုယ့်နေရာနဲ့ကိုယ် တာဝန်ယူပြီး ကျွမ်းကျင်စွာ တီးခတ်ပေးရတယ်။ ဆိုလိုချင်တာက သီချင်းတစ်ပုဒ် ဖြစ်လာဖို့ဆိုတာ တီးမှုတ်စရာ၊ အသံသွင်းစရာ စတဲ့ ကိရိယာတန်ဆာပလာတွေ အများအပြား လိုအပ်နေတယ်လို့ ဆိုလိုတာပါ။ သီချင်းကောင်းတစ်ပုဒ် ဖန်တီးဖို့ဆိုတာကလည်း လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်တာ သေချာပါတယ်။ တီးခတ်မှုလည်းကောင်းရပြီး အသံသွင်းရတာလည်း မှန်ဖို့လိုသလို ဆိုနေတဲ့ အဆိုတော်ရဲ့ အသံလည်း သံစဉ်နဲ့ ကိုက်ညီပြီး သာယာဖို့လိုပါတယ်။ ပြီးတော့ သီချင်းရဲ့ စာသားတွေကလည်း ထိမိဖို့လိုပါလိမ့်မယ်။
(၃)
အခု ဒီဗီဒီယိုမှာ ... ရိုဟင်ဂျာ အဆိုတော်က သီချင်းဆိုနေတဲ့အခါ တီးခတ်စရာဆိုလို့ ကိရိယာနှစ်ခုပဲ ရှိနေတာ တွေ့ရပါတယ်။ တစ်ခုက မီဒီလင်ဖြစ်ပြီး အဲ့ဒီမယ်ဒလင်ကို တစ်ယောက်က တီးပေးနေတယ်။ နောက်တစ်ခုက စတီးခွက်ပါပဲ။ အဲ့ဒီ စတီးခွက်ကို အဆိုတော်ကိုယ်တိုင်က တီးခတ်နေပါတယ်။ ဒီကိရိယာနှစ်ခုပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးနေပါတယ်။ အသံသွင်းစရာအဖြစ်က မိုဘိုင်းဖုန်းကို အသုံးပြုထားဟန်ရှိပါတယ်။
အဆင့်မြင့် တီးဝိုင်းနဲ့အတူ သီဆိုနေတဲ့ သီချင်းမဟုတ်ပေမယ့် ဒီအဆိုတော်ရဲ့ သီချင်းဟာ ရင်ကိုထိစေတဲ့ သီချင်းတစ်ပုဒ် ဖြစ်လို့နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဆိုတော်ရဲ့ အသံကောင်းမွန်မှု နဲ့ ဒုက္ခသည်ဘဝရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပကတိအခြေအနေအပေါ် အခြေခံကာ စပ်ဆိုထားတဲ့ သီချင်းရဲ့ စာသားတွေကြောင့်ပဲ ဖြစ်ပါတယ်။
သီချင်း စာသားအချို့ကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ကြည့်ရအောင် ...
(🎵🎵🎵 မုတ်သုန်ရာသီ ရောက်ပြီး မုတ်သုန်လေ တိုက်ခတ်တဲ့အခါ .... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်နေပါ့မလဲ ...) ၂
🎵🎵🎵 ငါတို့မသိဘူး ... ကမ္ဘာကြီးက၊ UN အဖွဲ့က ငါတို့ကို ကူညီဖို့ ဘာတွေ တွေးတောနေမလဲ ... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်ပါ့မလဲ ...
🎵🎵🎵 မုတ်သုန်ရာသီ ရောက်ပြီး မိုးရွာချနေတဲ့အခါ ... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်ပါ့မလဲ ...
🎵🎵🎵 တာပလင်နဲ့ ကာရံထားတဲ့ ငါတို့ရဲ့ သေးငယ်တဲ့ တဲအိမ်များ ...
🎵🎵🎵 ရှေ့ရောက်လာတော့မယ် မုန်တိုင်းနဲ့မိုးကို .... ငါတို့ အလွန်တရားကြောက်ရွံ့မိပါတယ် ....။
(၄)
သီချင်းကို စာနဲ့ရေးမထားဘဲ လက်တန်းဆိုနေပုံ။ အံ့ဩမှင်သက်စရာအစွမ်း နဲ့ အဆိုတော်။ အေးလေ ... စာနဲ့ရေးပြီး အလွတ်ကျက်ထားစရာမှမလိုတာ။ သူတို့ရဲ့ ဘဝပေးအခြေအနေက သူတို့ရဲ့ နှလုံးသားတိုင်းမှာ စကားလုံးတွေ အမြောက်အမြား မွေးဖွားပေးနေမှာပဲ မဟုတ်လား။ အထူးသဖြင့် သူ့လို အဆိုပိုင်း ဝါသနာပါတဲ့ အနုပညာသည်တစ်ဦးမှာ စကားလုံးတွေ သူများထက်ပိုပြီး ရင်ထဲဖြစ်ပေါ်နေမိမှာ အမှန်ပင်။
လူ့လောကကို ရောက်လာကတည်းကစပြီး အမိုးပွင့်အကျဉ်းထောင်ထဲမှာပဲ နေခဲ့ရသူတွေ ဖြစ်တာနဲ့အညီ သူတို့တစ်တွေဟာ ဘယ်အနုပညာကိုမှ professional ဆန်ဆန် လေ့လာသင်ယူခွင့် မရရှိခဲ့ကြပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ဝါသနာက မိမိ ဖြစ်ချင်တာကို ဖြစ်လာစေပါတယ်။ တစ်ခုတော့ ရှိတယ်။ အခွင့်အရေးတစ်ခုသာ ရခဲ့ရင် အဲ့ဒီဝါသနာကို အဆင့်မြင့်မြင့်နဲ့ မွေးထားခွင့်ရမိမှာပါပဲ။ ဘယ်လိုပင် ဖြစ်ပါစေ။ ဒီအဆိုတော်က ကျနော်တို့ရဲ့ အဆင့်မြင့်တဲ့ ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ ဒုက္ခသည်ဘဝရောက် ရိုဟင်ဂျာ အဆိုတော်ကို ကျနော် စာရေးသူက အဝေးတစ်နေရာမှ လေးလေးစားစား အလေးပြုအပ်ကြောင်း ဒီစာပုဒ်က သက်သေဖြစ်ပါစေ။
(၅)
အောက်က စာပိုဒ်တွေဟာ UNHCR Bangladesh ရဲ့ Facebook page မှာ ရေးတင်ထားတာကို အနီးစပ်ဆုံး ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ (အင်္ဂလိပ်လို ဒီမှာ ဝင်ဖတ်လို့ရပါတယ် -- https://bit.ly/2uvbJPA)

သူ့နာမည်က Mohammed Sayedul Islam။ မြန်မာနိုင်ငံသား ရိုဟင်ဂျာ ပရို-အဆိုတော် တစ်ဦးဖြစ်နေသူ Islam ဟာ ယခုတော့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကူတုပါလောင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တစ်ဦးပါ။ ၁၀ နှစ်သားအရွယ် မသန်မစွမ်း သားဖြစ်သူ Umar ရဲ့ ကျန်းမာရေးအသုံးစရိတ် ကာမိရန် အပါအဝင် သူ့မိသားစု အသက်ရှင်ရေးမှာ အထောက်အကူဖြစ်စေရန်အတွက် အဆိုပိုင်းကို သူဆက်လက် လုပ်ဆောင်လာနေခဲ့ပါတယ်။
"ကျနော်က သီချင်းတွေကို (ရေးမထားဘဲ) လက်တန်းဆိုနိုင်တယ်" လို့ သူက ဆိုပါတယ်။ တစ်ခါတစ်ရံ လူတွေက သူတို့ရဲ့ ပုဂ္ဂလိက အကြောင်းအရာတွေကို သီချင်းအဖြစ် စပ်ဆိုခိုင်းတယ်လို့လည်း သူက ပြောပါတယ်။
"ကျနော့် သီချင်းက လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်ပါတယ်။ ကျနော့်သီချင်းကြောင့် လူတွေ သူတို့ရဲ့ နာကျင်မှုဒဏ်ကနေ သက်သာရတယ်လို့ ထင်တယ်။ ကျနော်က သူတို့အတွက် နှစ်သိမ့်မှုတွေ ယူဆောင်လာတယ်။ ကျနော်က လူတွေအတွက် ပျော်ရွှင်မှုအနည်းငယ် ယူဆောင်လာတယ်" ဆိုပြီး အိစ္စလာမ်က ရှင်းပြပါတယ်။
"ကျနော်က စိတ်ရောဂါအထူးကုဆရာဝန် တစ်ယောက်လိုပါပဲ။ နှလုံးကု ဆရာဝန်တစ်ယောက်လိုပေါ့။ ကျနော်က လူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန် တစ်ယောက်ပေါ့ဗျာ" လို့ သူက ဆက်ပြောပြပါတယ်။
အခု ဒီဗီဒီယိုမှာ ဆိုနေတဲ့ သီချင်းဟာ ....ရောက်လာတော့မယ် မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရဲ့ စိတ်ပူပန်မှုကို ပုံဖော်စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
အဖျက်မခံဘူး သင့်သမိုင်း
ကျော်သူရ (ရှင်ပက္ခိ)
ကျော်သူရ (ရှင်ပက္ခိ)
RB ကဗျာ
3.3.2018
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
မွေးဌာနေစုပ် သင့်သွေးပူပူ
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
ယျာတင် (ရိုဟင်းသား)
RB News
14.1.2018
အခုတလော ကျွန်တော့်စိတ်ကို စာအုပ်တွေထဲ ကျက်စားစေ၏။ စာအုပ်ကောင်းတစ်အုပ်သည် သင်ခန်းစာများစွာ၊ ဗဟုသုတများစွာတို့ကို ပေးနိုင်စွမ်းရှိသည့်အပြင် တွေးစရာများစွာကိုလည်း မွေးပေးနိုင်စွမ်းရှိသည်။ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် ထိုစာအုပ်၏ ဇတ်လမ်းထဲတွင် အချိန်ကြာကြာ စီးမျောသွားတတ်၏။ ပကတိခံစားချက်များ၏ ဖိစီးနှိပ်စက်မှုသည်လည်း ခဏတဖြုတ်တော့ ပျောက်ကင်းသွား၏။ ကျွန်တော်က အမိုးပွင့်အကျဉ်းထောင်ထဲ၌ ပိတ်မိနေသော လူသားမြူမှုန်တစ်ပွင့် မဟုတ်ပါလော။
မနေ့ မနက်ကစ၍ ဖတ်လာခဲ့သော စာရေးဆရာ မြသန်းတင့်၏ "ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ" စာအုပ်ကို ဒီနေ့ည ၁၁ နာရီတွင် ဖတ်ပြီး၏။ တွေးစရာများစွာလည်း ကျွန်တော်ထဲခေါင်းထဲ နေရာယူခဲ့ပြီ။
အခန်းထဲတွင် ရေနွေးကြမ်း ငှဲ့သောက်ရင်း ကျွန်တော်တစ်ယောက်တည်း တွေးနေ၏။ ခေါင်းစဉ်ဟူ၍ သီးသန့် မရှိသော တွေးမိတွေးရာများ။ တွေးချင်ရာတွေးနေခြင်းပင်ဖြစ်သည်။
တလောက ဖတ်ဖူးသော "စာရေးခြင်း အတတ်ပညာ" စာအုပ်ထဲက စကားလုံးအများကြီးလည်း ခေါင်းထဲမှာ နေရာယူထားသည်မှာ ပူပူနွေးနွေး။ စာရေးခြင်း ဆိုတာ ကျွန်တော့အတွက် အကျဉ်းကျခံနေရသည့် ခေါင်းကို လွတ်လပ်မှုပေးခြင်းဖြစ်၏။ ကျွန်တော် တစ်ခုခုရေးချင်သည်။ အကျဉ်းကျခံနေရသော အမှန်တရားများကို ထုတ်ရေးချင်သည်။ ထို့ကြောင့် တွေးနေ၏။ အတွေးကို ဘောင်ခတ်မထားဘဲ လွတ်လပ်စွာထား၏။ တွေးချင်ရာတွေးပါစေတော့။
အခန်းထဲက မီးကြီးကိုပိတ်လိုက်သည်။ ညအိပ်မီးသည်သာ မှိတ်တုတ်မှိတ်တုတ် လင်းလျက်။ တိတ်ဆိတ်နေသော အမှောင်ထဲတွင် အတွေးခန်းဝင်ရသည်ကို ကျွန်တော် အလွန်နှစ်သက်သည်။
"ဟေ့ ... လူ ... ဟေ့ ... လူ ..."
ခေါ်သံတစ်ခု။ အသံက ပက်လက်ကုလားထိုင်ပေါ် လဲလျောင်းနေသည့် ကျွန်တော့၏ ခေါင်းရင်းက ထွက်လာသည်အလား အလွန်နီးကပ်သော အသံ။ လှည့်ကြည့်လိုက်တော့ ထူးဆန်းသော လူတစ်ယောက်။ ထိုလူကို ကျွန်တော်မသိ။ အသက်က ကျွန်တော်နှင့် မတိမ်မယိမ်းပင် ရှိမည်ထင်ရ၏။ ကျွန်တော့ကဲ့သို့ပင် ခပ်ပိန်ပိန်၊ အသားဖြူဖြူ၊ များလုံးကြည်ကြည်၊ ဆံပင်က မတိုလွန်းမရှည်လွန်း။ အပြာရင့်ရင့် အင်္ကျီကို အပြာရင့်ရင့် ဘောင်းဘီနှင့်တွဲဝတ်ဆင်ထားပြီး အဖြူရောင် လည်စီးကို အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထားသည်။ မြင်ဖူးသလိုလို ဖြစ်နေသော်လည်း မည်သူမည်ဝါဆိုသည်ကို သေချာ မှတ်မရ။
ကျွန်တော်က အခန်းတံခါးကို သေချာပိတ်ထားခဲ့သည်ပင်။ ဒီလူ အခန်းထဲသို့ မည်သို့ဝင်လာခဲ့သနည်း။ ကျွန်တော့ လိပ်ပြာတောင် အေးခနဲဖြစ်သွား၏။ ကျွန်တော့် ခန္ဓာကိုယ်လည်း မသိမသာ တုန်ယင်နေသည်။ ကြောက်စရာပင်မဟုတ်လား။ စဉ်းစားနေတုန်းမှာပင် ဒီလူက ထပ်ပြီးခေါ်သံပြုလိုက်သည်။
"ဟေ့ လူ ... ခေါ်နေတာ မကြားဘူးလားဗျ ... ဘယ်အတွေးထဲ နစ်မြုပ်နေတာလဲ ..."
ပြောရင်းနှင့် ကျွန်တော့ရှေ့ကိုတောင် ရောက်လို့လာခဲ့ပြီ။ သူ့အသံက ပြတ်သားသော်လည်း ညှင်သာလှ၏။
"ခင်ဗျာ ... ဘာမှတော့ ထွေထွေထူးထူး မတွေးပါဘူး ... ဒီအတိုင်းပဲ မှိန်းနေတာပါ ... ဒါနဲ့ ခင်ဗျား ဘယ်သူလဲဗျာ ..."
ကျွန်တော်က မဝံ့မရဲ မေးလိုက်သည်။ သူက တစ်ချက်ပြုံးလိုက်၏။ မဲ့ပြုံး လှောင်ပြုံးလား။ သူ့ဟာသူ သည်အတိုင်း ပြုံးကျင့်ရှိလို့ ရိုးရိုးသားသားပဲ ပြုံးမိတာလား ကျွန်တော်မခွဲဝေတတ်။ အခန့်မသင့်လျှင် အော်ပြီး အကူအညီတောင်းရန်သာ ကျွန်တော် အသင့်ပြင်ထား၏။
"ကျုပ်က Facebook လေဗျာ ... ခင်ဗျား ကျုပ်ကို တကယ်မသိတာလား ... မသိဟန်ဆောင်နေတာလား ..."
သူက တအံ့တဩ မေးသည်။ အသံက ရင်းရင်းနှီးနှီး။ ကျွန်တော့် အကြောက်စိတ်သည်လည်း အတန်အသင့် ပြေစပြုပြီ။ သို့ရာတွင် ကျွန်တော် ရှက်မိသွား၏။ တုံးလွန်းတဲ့ ငါပါလားနော်။
"သိပါပြီဗျာ ... အခုတလော ခင်ဗျားဆီ သိပ်မရောက်ဖြစ်တာနဲ့ .... ပြီးတော့ ခင်ဗျားကလည်း အသွင်အပြင် နည်းနည်း ပြောင်းလိုက်တော့ ... "
ကျွန်တော်က ကိုယ့်အပြစ်ချည်းသက်သက်လည်း မဟုတ်အောင် သူ့ဖက်ကိုလည်း အနည်းငယ်ထိုးချပြီးပြောလိုက်လျှင် သူက ရယ်လျက် --
"ဟားဟား ... ဟုတ်တယ်ဗျာ ... ကျုပ်ဘဝကလည်း မလွယ်ဘူး ... ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးပန်းနေရတာနဲ့ သေချာ ပြင်ဆင်ချိန်တောင် ရတာမဟုတ်ဘူး ... "
သူက ညည်းတွားသည်။
"ပြောပြပါအုံး ... ဘယ်လို ပြဿနာတွေနဲ့များ လုံးပန်းနေရတာလဲဆိုတာလေး"
" ကဲဗျာ ... ဒါဆိုလည်း ကြုံတုန်း နည်းနည်း ရင်ဖွင့်လိုက်မယ်... ဒီမှာ ထိုင်မယ်နော် ... "
" ထိုင်ပါ ထိုင်ပါ ..."
ကျွန်တော့ ရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
"ကျုပ်စင်မြင့်ပေါ်တက်ပြီး ကျုပ်ကိုရော သူတစ်ပါးကိုရော ဆဲနည်းမျိုးစုံနဲ့ ဆဲနေတဲ့လူတွေရဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး သူများသားသမီးကို လွယ်လွယ်လေး ရည်စားစကားသွားပြောတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး အပြိုင်အဆိုင် နိုင်ငံရေးမဲဆွယ်နေတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဟောပြောနေတဲ့ ပြဿနာ ... ပြောရရင် ပြောမဆုံးဘူးဗျာ ... ဒီပြဿနာတွေ လိုက်ဖြေရှင်းနေရတာနဲ့ ကျုပ်ရဲ့ အသွင်အပြင်ကို ကျုပ်တောင် မှန်ထဲ မကြည့်အားတာ ကြာလှပြီ ..."
ဒီလူပြောပြနေသည့် အကြောင်းအရာများကို ကျွန်တော် ချက်ချင်းနားလည်၏။ သူ့စင်မြင့်ပေါ်တက်လျှင် နိစ္စဓူဝ ကိုယ်တွေ့ကြုံတွေ့နေရသည့် အကြောင်းအရာချည်းပဲ မဟုတ်ပါလား။
"ခင်ဗျား ပြောပြတဲ့ ပြဿနာ အများစုဟာ ဘယ်နိုင်ငံက user တွေကြားမှာ ပိုများသလဲ ..."
ကျွန်တော်က ဗဟုသုတအလို့ငှါ မေးလိုက်သည်။
"ခင်ဗျားတို့ နိုင်ငံက user တွေပေါ့ဗျာ ... ခင်ဗျားလည်း တွေ့နေကျပဲဟာကို အထူးအဆန်း လာမေးနေသေးတယ် ... ဟွန့် "
လာပြီ။ အရေးထဲ ကိုယ့်နိုင်ငံကို နှိမ်ပြီးပြောတယ် .. ဟု သူမသိအောင် ရေရွတ်လိုက်မိသည်။
"ခင်ဗျား ပြောတဲ့ ပြဿနာနဲ့ မတူဘဲ အမှန်တရားအကြောင်း၊ မေတ္တာတရားအကြောင်း၊ ပညာဗဟုတ ရစေတဲ့အကြောင်းတွေ ရေးပြောနေတဲ့ user တွေလည်း ကျုပ်တို့ နိုင်ငံမှာ ရှိတယ်လေဗျာ ..."
ကျွန်တော်ကလည်း ခေသူမဟုတ်တော့ ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာကို သူကချလည်း ကိုယ်က ပြန် မ,ယူဖို့ အားထုတ်သည်။
"ရှိတော့ရှိတယ် ... ဒါပေမယ့် သိပ်နည်းတယ်ဗျာ ... အဲ့လို user တွေများလေ ပြဿနာ နည်းလေပဲ ... ဒါပေမယ့် ခင်ဗျားတို့ နိုင်ငံက ဝီရသူတစ်ယောက်ရဲ့ တစ်ရက်တည်း ပြဿနာကိုတောင် တစ်နှစ်လောက် လိုက်ပြီး ဖြေရှင်းနေရတာတောင် ရှင်းမကုန်ဘူးဗျာ... ကျန်တာ ခင်ဗျားပဲ တွေးကြည့်ပေတော့ ..."
သူ၏ သက်သေသာဓကနှင့်တကွ ပြောပြလာသည်ကို ပြန်ချေပဖို့ အားအင် ကျွန်တော့်မှာ မရှိတော့။ ထပ်ပြီး မည့်သည့်သက်သေများ လာချပြမည်နည်း။ ကျွန်တော် စိတ်ဝင်တစား နားစွင့်နေမိသည်။
"ပြီးတော့ ... ရခိုင်အရေး ပြဿနာ ... အဲ့ ပြဿနာနဲ့လည်း တော်တော် ပင်ပန်းတယ်ဗျာ ... ခင်ဗျားတို့အစိုးရက အဲ့ဒေသကို သတင်းသမားတွေ နိုင်ငံတကာသံတမန်တွေ သွားခွင့်မပြုတော့ အဲ့ဒေသမှာ ရှိနေတဲ့ လူနည်းစုတစ်စု ... နာမည်ဘာလဲ ... ဪ ... မှတ်မိပြီ ... ရိုဟင်ဂျာပဲ ... ခပ်နွမ်းနွမ်း မျက်နှာနဲ့ ပိန်ပိန်ချုံးချုံး ခန္ဓာနဲ့ အဲ့လူတစ်စုအပေါ် အစိုးရကိုယ်တိုင်က စီမံကိန်းချပြီး အနိုင်ကျင့် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေကို verify လုပ်ပေးရတာကလည်း ကျုပ်အတွက် အတော်ခေါင်းစားနေတဲ့ ပြဿနာဗျာ ... တစ်ချို့လူတွေက တစ်ခါတလေ ကျုပ်ကပါ ဂျီနိုဆိုက်တရားခံတွေကို အားပေးနေတယ် ဘာညာဆိုပြီး စွပ်စွဲတယ်လေဗျာ ... တကယ်တော့ အဲ့တာမမှန်ဘူးလေ ... ကျုပ်က ဂျီနိုဆိုက်တရားခံတွေကို ရအောင်ဖော်မယ့် အမျိုးအစားထဲကပဲဆိုတာ အဲ့လူတွေ နားလည်အောင် ရှင်းပြဖို့ကလည်း ကျုပ်မတတ်သာဘူး ... "
ရခိုင်အရေး ပြောလာတော့ ကျွန်တော်ပို၍ စိတ်ဝင်စားသွားမိ၏။ သည်တစ်ခါ သူ၏ ပြောပြပုံမှာ သူ့ကိုသူ အားမလိုအားမရသည့်ပုံစံမျိုး။
"တကယ်လည်း ခင်ဗျားက မတရားခံနေရတဲ့ လူတွေရဲ့ ပိုစ့်တွေကို တစ်ခါတလေ ဖြုတ်တတ်တယ်လေ ... ကျုပ်ရဲ့ အကောင့် သုံးလေးခုတောင် ပိတ်ပစ်တာပဲ မဟုတ်လား"
ဂွင်ကြုံတုန်း ကျွန်တော်ကလည်း ဖိပြောလိုက်သည်။
"အေးဗျာ ... ကျုပ်တို့အဖွဲ့ကလည်း တစ်ခါတလေ အမှားကျူးလွန်တတ်တာ ရိုးရိုးသားသားပဲ ဝန်ခံပါရစေ ... ဒါပေမယ့် အဲ့ဒီ လူနည်းစု ရိုဟင်ဂျာအကြောင်း အများဆုံးနဲ့ အမှန်ဆုံးတွေ အရေးများတဲ့ လူတစ်ယောက်ကို ကျုပ်တို့က Blue Mark တောင်ပေးပြီး authentic ဖြစ်အောင် လုပ်ပေးတယ်လေ... "
သူ ဘယ်သူ့အကြောင်း ပြောနေသည်ဆိုတာကို ကျွန်တော်တပ်အပ်သိနေ၍ ပြန်ပြီး မေးခွန်းမထုတ်ဖြစ်။
"ဒါနဲ့ ... ပြောလက်စ ပြဿနာအကြောင်း ဆက်ပြောပြမယ်ဗျာ ... အဲ့ဒီ ရခိုင်ဒေသက ရိုဟင်ဂျာတွေ နေ့တိုင်း မတရား အသတ်ခံရတာတို့ ... မတရား ဖမ်းဆီးခံရတာတို့ ... ဒီသတင်းတွေကို တစ်ချို့လူတွေက ခက်ခက်ခဲခဲလိုက်ပြီး ကျုပ်စင်မြင့်ပေါ်ကနေ ကမ္ဘာကို သိစေချင်တာလေ ... ကျုပ်လည်း ကမ္ဘာကြီးလက်ခံစေနိုင်တဲ့ သတင်းအမှန်လား သတင်းအမှားလား ဆိုတာတွေ verify လုပ်ပေးရတယ်ဆိုပါတော့ ... ခက်တော့ ခက်သားဗျ ... တစ်ဖက်က ဒီလူတွေကို မျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ လူသတ်သမားတွေ ကိုယ်တိုင်က လုပ်ကြံဇတ်လမ်းအမျိုးမျိုးနဲ့ ကမ္ဘာကြီးကို ဗြောင်လိမ်ဖို့ကြိုးစားနေတယ်လေ ... ခင်ဗျားတို့ စကားနဲ့ပြောရရင် ဂျင်းထည့်နေတယ်ပေါ့ဗျာ ... အဲ့ဒါတွေကို ကျော်ပြီး ခံနေရသူတွေရဲ့ သတင်းကို လူအများကယုံအောင် လုပ်ရတာကလည်း တကယ်မလွယ်ဘူးဗျာ ..."
သူက စီကာပတ်ကုံး ပြောပြနေသည်။
"ဒါနဲ့ ... ကွမ်းတစ်ယာလောက်ရှိရင် ကျွေးပါအုံး ..."
"ကွမ်းဖြတ်ထားတာ ကြာပြီဗျာ ... ရေနွေးကြမ်းလေး သောက်ပါလား .... "
"ဒါဆို စီးကရက် တစ်လိပ်လောက် ... ရေနွေးကြမ်းနဲ့ စီးကရက်တွဲလိုက်ရင် တကယ်အရသာဗျာ ... အချမ်းလည်းပြေစေတယ်လေ ... ဟားဟား ..."
သူက ပြောပြီး သူ့ဘာသာသူ ရယ်လိုက်သည်။
"အားနာပါတယ်ဗျာ ... ကျုပ်က စီးကရက်သမားမဟုတ်တော့ ..."
" အို့ ... ဆောရီးနော် ..."
သူအားနာသွားသည်။ ကျွန်တော်လည်း အားနာသွားပြန်သည်။ ရှက်လည်းရှက်မိသွား၏။ သူက ကျွန်တော့်ဆီ လာလည်သော ဧည့်သည်။ တစ်ခုခုနှင့် တည်ခင်းဧည့်ခံသင့်သည် မဟုတ်လား။
"ခဏဗျာ ... ကျုပ် စီးကရက် သွားယူမယ်" ဆိုပြီး အခန်းထဲက ကျွန်တော် ထွက်လာခဲ့သည်။ အိမ်းနားက ဆိုင်ရှင်က အိပ်နေပြီ။ အတော်ခေါ်ယူခဲ့ရ၏။ ပရီမီယားဂုလ်စီးကရက်တစ်ဗူး ဝယ်လာသည်။
"ရော့ ... သောက်ပါအုံး ... ကျုပ်လည်း သောက်မယ်ဗျာ ... ခင်ဗျားနဲ့ စကားပြောရတာ အားရတယ် ..."
"ဟား ဟား ... ဟား ဟား ..."
သူက ခွက်ထိုးခွက်လှန် ရယ်သည်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး ဖွာလိုက်ရင်း ...
"တလောက မောင်တော အင်းဒင်ဆိုတဲ့ရွာက လူဆယ်ယောက် အသတ်ခံရပြီး အစုလိုက်အပြုံလိုက်မြုပ်ထားတယ်ဆိုတဲ့ သတင်းတက်လာတာ ခင်ဗျား ဖတ်ပြီးပြီ ထင်တယ် ..."
"အင်း ... ဖတ်လိုက်တယ်လေ ... အဲ့အလောင်းတွေကို အစိုးရက သွားဖော်တယ်လို့ ဖတ်လိုက်ရတယ် ... ဘယ်သူသတ်လဲ ဆိုတာတော့ သေသေချာချာ ရေးမထားဘူး ... ကျွန်တော် ဖတ်ဖူးတာ တစ်လလောက်က ရှိမယ်ထင်တယ် ... အခုတလော သိပ် online မတက်ဖြစ်တာနဲ့ ... "
"ဪ ... ခင်ဗျားက update နဲ့ ပြတ်နေတယ်ပေါ့လေ ... ကျုပ်ပြောပြမယ်ဗျာ ... အဲ့လူဆယ်ယောက်ကို ဘယ်သူသတ်လဲ ဆိုတာထက် အဲ့အလောင်းတွေကို အစိုးရက ဘာလို့ သွားတူးဖော်သလဲဆိုတာ အတော်စိတ်ဝင်းစားဖို့ ကောင်းတယ် ... မနှစ်က ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အစိုးရကိုယ်တိုင်က သတ်တယ်လို့ နိုင်ငံတကာအစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော ခိုင်ခိုင်မာမာ သက်သေတွေနဲ့ ပြောနေတယ်လေ ... ဒီလို အပြောခံနေရတဲ့ အစိုးရကိုယ်တိုင်က သူတို့သတ်တယ်လို့ စွပ်စွဲခံရတဲ့ အလောင်းတွေကို သူတို့ကိုယ်တိုင် သွားတူးဖော်တာ အကြောင်းရှိတယ်ဗျာ ... "
သူက ကုန်လက်စ စီးကရက်ကနေ မီးကို နောက်တစ်လိပ်မှာ ကူးပြီး ဆက်ဖွာလိုက်သည်။ ကျွန်တော်က မသောက်တတ်သောက်တတ်နှင့် စီးကရက်ကို ဖွာနေလေတော့ သိပ်အရသာမတွေ့။ အချမ်းတော့ နည်းနည်းပြေစေတာ သတိပြုမိသည်။ သူက ဆက်ပြောပြလာ၏။
"ဒီအလောင်းကိစ္စနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်ဗျာ ... ပြီးတော့ အင်းဒင်က ရခိုင် ကျောင်းဆရာတစ်ချို့နဲ့ ရခိုင်ရွာသားတစ်ချို့ အဖမ်းခံရတာနဲ့ပါပေါ့ ... ဒီတော့ အစိုးရက သူတို့သတ်တာ မဖုံးနိုင်တဲ့အဆုံး လိုက်ဖော်လိုက်တာလေ ... "
သူက ရေနွေးကြမ်း တစ်ငုံသောက်ပြီး စီးကရက်ကို ဆက်ဖွာနေ၏။ စိတ်ဝင်းစာစရာကောင်းသော သူ၏ ပြောပြချက်များကို ကျွန်တော် အသေအချာ နားထောင်နေသည်။
"အဲ့တုန်းက ရိုဟင်ဂျာ အက်တီဗစ် ကို Ro Nay San Lwin က ဒီလူတွေကို ဘယ်နေ့ ဘယ်နေရာကနေ ဖမ်းပြီး ဘယ်မှာ သတ်လိုက်တယ်ဆိုတာ ဓာတ်ပုံသက်သေနဲ့တကွ အတိအလင်း ပြောပြသွားတာ ... ကိုနေဆန်းလွင်ကလည်း တကယ် FBI ဗျာ ... လျှို့ဝှက်ချက်တွေ သိပ်ဖော်တတ်တယ် ... ဟားဟား ..."
သူက သူ့ဘာသာသူ သဘောကျပြီး သူဘာသာသူ ရယ်မိပြန်သည်။
"ကျွန်တော်လည်း သတိပြုမိတယ် ... ကိုနေဆန်းလွင်က ဒီလောက်အဝေးကြီးမှာနေပြီး ရခိုင်က သတင်းအတော်များများကို လိုက်ပြီး အမှန်အတိုင်း ဖော်ရေးတတ်တယ်နော် ... "
"ဟုတ်တယ်ဗျာ ... ဒီအစိုးရကလည်း သူ့ကြောင့် ဗျာများရတာတွေ မနည်းဘူး ... အခုကိစ္စမှာလည်း ဒီအစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဘယ်လို ထုတ်ပြန်တယ်လို့ ထင်လဲ ... "
သူက ကျွန်တော့်ကို မေးလိုက်သည်။ ကျွန်တော် သေသေချာချာ မသိ။ အစိုးရ လုပ်နေကျ "အမည်မသိ လူအုပ်စုက သတ်တယ်လို့ပဲ ထုတ်ပြန်တာလား ..." ဆိုပြီး ပြန်မေးခွန်းထုတ်လိုက်၏။
"ဒီတစ်ခါ အဲ့လို ဘယ်ရမလဲဗျာ ... ရိုက်တာသတင်းထောက်နှစ်ယောက်ကြောင့်ရယ် ... အင်းဒင် ရွာသားအချို့ကြောင့်ရယ် ... ပြီးတော့ ကိုနေဆန်းလွင်ကြောင့်ရယ်ပေါ့ ... "
သူက စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေ၏။
"ဒီတော့ ..."
"ဒီတော့ ... ဒီတစ်ခါ သူတို့ တပ်မတော်ကိုယ်တိုင်က သတ်တယ်လို့ ဝန်ခံရတာပေါ့ဗျာ ..."
"ဟာ ... တကယ်လားဗျာ ... ထူးဆန်းလိုက်တာ ... ဒါဟာ လူသတ်တယ်ဆိုပြီး တပ်မတော်က ပထမဆုံးအကြိမ် ဝန်ခံတာရှိမယ် ..."
ကျွန်တော်က တအံတဩ ပြောလိုက်သည်။
"ဒါပေမယ့် ... ဇတ်လမ်းကို မိတ်ကပ်လိမ်းပြီး စိတ်ကူးနဲ့ ထွင်တယ်လေဗျာ ... ဒီလူဆယ်ယောက်က ရခိုင်ရွာတွေကို တိုက်ဖို့ သွားတယ် ... ထိန်းမနိုင်တဲ့အဆုံး လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလိုက်ရတယ် သဘောနဲ့ ရေးထားတယ်လေ ... အကြမ်းဖက်သမားတွေကို ရှင်းလိုက်တဲ့သဘောနဲ့ သတင်းထုတ်ပြန်လိုက်တာပေါ့ဗျာ ..."
"ဒါက ဒေသခံရခိုင်နဲ့ ရိုဟင်ဂျာတွေကြား သက်သက်ကို မသင့်မတင့်ဖြစ်အောင် ပြဿနာမီးမွှေးပေးတာ ... အကြမ်းဖက်သမားဖြစ်ဖြစ် ဘာသမားပဲဖြစ်ဖြစ် လူတွေကို အဲ့လို လက်လွတ်စပယ် သတ်လို့မှ မရတာ ... သတ်တုန်းက သတင်းထုတ်ပြန်တာလည်း မရှိဘူး ... ဒီအစိုးရက တော်တော် တစ်ဇောက်ထိုး လိမ်ရဲတယ်ဗျာ ..."
ကျွန်တော့်အသံမှာ ဒေါသထွက်လာသံက မသိမသာ ရောထွေးလာ၏။
"ခင်ဗျားပြောသလိုပဲ ... ကိုနေဆန်းလွင်ကလည်း ပြောတယ် ... ပြီးတော့ နိုင်ငံတကာ အစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော အဲ့ဒီလို မေးခွန်းထုတ်နေပြီ ... ဒီတစ်ခါတော့ ဒီအစိုးရမိပြီဗျာ ... ICC အတွက် ကုန်ကြမ်းတွေ သူတို့ကိုယ်တိုင် ထုတ်ပေးသလို ဖြစ်နေတယ်လေ ... ဟားဟား ...."
သူက ပြောပြီး ရယ်ပြန်သည်။ စကားပြောကောင်းနေသည်နှင့် စီးကရက်ဗူးကလည်း တစ်ဝက်လောက် ကုန်ခဲ့ပြီ။ အချိန်ကလည်း ညသန်းခေါင်ကျော်လာပြီ။ ကျွန်တော့ မျက်လုံးတွင် အိပ်ရေးက တွဲခိုလာစပြုနေ၏။
"ဟိုကြောင်း ဒီကြောင်းတွေပြောရင်းနဲ့ ခင်ဗျားဆီရောက်လာတဲ့ အဓိက အကြောင်ရင်းတောင် လွဲကုန်ပြီဗျာ ... "
"ပြောပါ ခင်ဗျား"
"ခင်ဗျား ကျုပ်ဆီမလာတာကြာလေတော့ ဖျားများဖျားနေသလား ဆိုပြီး စုံစမ်းချင်တာနဲ့ ဝင်လာမိတာ ... ပြီးတော့ ခင်ဗျားရဲ့ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ဖတ်ချင်တယ်လေ... အဲ့ဒါလေ ရေးဖို့ တောင်းဆိုမလို့ ... "
သူက ရွှင်ရွှင်ပြပြ ပြုံးလျက် တောင်းဆိုလိုက်သည်။ ကျွန်တော်က ပြန်ပြောစရာမရှိသလို ငြိမ်နေမိ၏။ အမျိုးအမည်မသိသော ခံစားချက်များ၊ ခေါင်းစဉ်မရှိသော အလွမ်းများ ကျွန်တော့် ကိုယ်ထဲသို့ မသိမသာ ဝင်ပူးလာနေသည်။
"ခင်ဗျားကို တစ်ခုဝန်ခံရမယ်ဗျာ ... သူလေးအတွက် ရေးရေးပြီး only me နဲ့ တင်နေတဲ့ ခင်ဗျားရဲ့ အလွမ်းစာတွေ သတိရစာတွေ သူလေးကိုဘယ်လောက်ချစ်ကြောင်း ခံစားချက်တွေ ချရေးတဲ့စာတွေကို ကျုပ် ဝင်ဝင်ပြီး ခိုးဖတ်တယ်ဗျာ ...ဟားဟား ..."
သူက လျှို့ဝှက်ချက်တစ်ခုကို ရင်ဖွင့်လိုက်ပြီးနောက် စိတ်ပေါ့ပါးသွားသည့်ဟန်ပန်ဖြင့် တဟားဟား ရယ်လိုက်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွား၏။ သူလေးနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ကျွန်တော် မသိစေလို။ သူလေး ဂုဏ်သိက္ခာကျစရာတွေ ကျွန်တော့်ဖက်က မည်သည့်အခါမှ မည်သည့်အခြေအနေကြောင့်မှ မကျူးလွန်စေရ။ ဤသည်မှာ သူလေးနှင့် ပတ်သက်ပြီး ကျွန်တော့၏ ရိုးသားသော ခံယူချက်ပင်ဖြစ်သည်။
သို့သော် ကျွန်တော့အတွက် only me ဆိုသော်လည်း သူ့အတွက် မဟုတ်။ သည်စင်မြင့်ပေါ်မှာ ဘယ်သူ့မှမမြင်အောင် တက်လည်း စင်မြင့်ကိုယ်တိုင်က သူပဲ မဟုတ်လား။ ကျွန်တော့ only me တွေ သူက ခိုးဖတ်တယ်ဆိုတာ ကျွန်တော့ဖက်က စိတ်ဆိုးခွင့် နည်းနည်း ရှိသော်လည်း စောဒကတက်စရာ မရှိ။ သို့သော် ...
"social media ကျင့်ဝတ်နဲ့တော့ နည်းနည်း လွဲနေမှာပေါ့နော် ... "
အတန်ကြာမှ ပြောသော ကျွန်တော့် စကားကြောင့် သူက ကုန်လက်စ စီးကရက်ကို မီးသတ်လိုက်ပြီး _
"ခင်ဗျားသာ မကြိုက်ဘူးဆိုရင် ကျုပ် အနူးအညွှတ် တောင်းပန်ပါတယ်ဗျာ ... ဒါပေမယ့် ကျုပ်က ခင်ဗျားရဲ့ စာဖတ်ပရိသတ်ဆိုတော့ တစ်ခါတလေ စိတ်ဝင်စားလို့ ဝင်ဖတ်ရုံပါပဲ ... privacy ပိုင်းမှာတော့ လုံးဝစိတ်ချလို့ရပါတယ် ... "
ပြုံးစိစိနှင့် ပြောပြနေသော သူ့ကိုကြည့်ပြီး စိတ်ဆိုးရမလား ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမလား ကျွန်တော် မခွဲဝေတတ်။
"ဖြစ်နိုင်ရင် ခုနက တောင်းဆိုသလိုပဲ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ရေးပါဗျာ ... ပရိသတ်ကလည်း မျှော်လောက်ရောပေါ့ ... ပြီးတော့ ခင်ဗျားရဲ့ သူလေးကလည်း သူ့ကို သတိမရဘူးဆိုပြီး တွေးကောင်းတွေးနိုင်တယ် ... ကျုပ်လည်း ဖတ်ချင်လှပြီ ..."
ပြောချင်ရာပြောပြီး သူက ထိုင်ရာက ထလိုက်သည်။ ပြန်သွားရန် ဟန်ပြင်နေခြင်းဖြစ်နိုင်သည်။
"ခဏလေး ... သူလေးကို တွေ့ရင် ဒီကဗျာလေး ပေးလိုက်ပါဗျာ ... နေ့လည်က သတိရတုန်း သူ့ပုံလေးကို ထုတ်ကြည့်ပြီး ရေးလိုက်တာ ... "
ကျွန်တော်က ဒိုင်ယာရီထဲရေးထားသည့် သူလေး (၈) ကဗျာ၏ စာမျက်နှာကို ဆုတ်ပြီး သူ့ကိုကမ်းပေးလိုက်လျှင် သူက လှမ်းယူပြီး အသံထွက်၍ ရွတ်ဆိုနေသည်။
"သူလေး (၈)"
နှစ်တွေကား အလီလီပြောင်းလဲလို့
ရက်ကြွေးတွေလည်း ဟောင်းနွမ်းသွားခဲ့။
ကျွန်တော့မျက်လုံးမှာတော့ သူလေးက
အလှမပျက် အနုမပျက်နဲ့။
ကျွန်တော့ အတွေးထဲမှာလည်း
သူလေး အနုကြမ်းစီးဝင်မြဲ။
တကယ်ပါ ...
သူလေးကို ကျွန်တော် မေ့ရခက်နေဆဲ။
ယျာတင် (ရိုဟင်းသား)
"တကယ် မိုက်တယ်ဗျာ ... ခင်ဗျာ စာရေးဆရာ လုပ်စားလို့ရပြီ ... စာရေးဆရာ လုပ်ဗျာ ..."
သူက ကျွန်တော့ကို အကွက်ကောင်းကောင်းနှင့် မြှောက်ထိုးပင့်ကော် လုပ်နေသည်။
"ဟားဟား ... ခင်ဗျားက ကျုပ်ကို ငမွဲဖြစ်စေချင်နေပြီနဲ့ တူတယ် ... "
"ဘာဆိုင်လို့တုန်း ... စာရေးတာနဲ့ ငမွဲ ဖြစ်ရတာ ဘာဆက်စပ်မှု ရှိတာတုန်း ...."
သူက မကျေမနပ်သံဖြင့် မေးခွန်းထုတ်သည်။
"တစ်နေ့က ဆရာကြီး မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်ဗျာ ... ပီမိုးနင်းတို့ အင်္ဂလိပ် စာရေးဆရာကြီး အော်လစ်ဗာဂိုးစမစ်တို့ကို ဥပမာပေးပြီး ပြောသွားတာလေ ... တကယ့် စာရေးဆရာကြီးတွေက ဘဝအဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်တဲ့ ... အဲ့လို အဆင်မပြေမှုတွေကပဲ သူတို့ကို ခံစားချက်တွေ ဖြစ်စေပြီး စာကောင်းပေကောင်းတွေ ထွက်လာစေတတ်တာတဲ့ ... ဟားဟား ... ကျုပ်လည်း သေချာမသိဘူးဗျာ ... ဖတ်မိတာလေး ပြောပြတာပါ ..."
သူက သက်ပြင်းရှည်တစ်ခုကို ချပြီး တစ်ခုခုပြောရန် အားယူလိုက်သည်။ ပြီးလျှင် ......။
သူ ဆက်ပြီး ဘာတွေပြောခဲ့သနည်း။ သူဘယ်အချိန် ပြန်သွားခဲ့သနည်း။ ကျွန်တော် မမှတ်မိတော့။ နေအတော်မြင့်မှ ကျွန်တော် မနက်အိပ်ရာက နိုးလာတော့သည်။
ဪ ... ဟိုလူနှင့် စကားပြောရင်း ညက ကျွန်တော် အိပ်ပျော်သွားသည်ကိုး။
(Photo Credit: Moises Saman/Magnum/MSF) |
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
31.12.2017
"ယောက်ျား ... လုပ်ပါဦး... ဗိုက်က အရမ်းနာနေပြီ.... ကျမ မခံနိုင်တော့ဘူး မောင်ရေ...."
ဇနီးသည် ခံစားနေသော နာကျင်မှုဒဏ်သည် သူ့ထံသို့ပင် ကူးစက်လာနေသလို သူခံစားနေရ၏။
"မိန်းမရေ ... ခဏလောက် အောင့်ခံထားပါ ... ညီလေး... ဆိုက္ကား မရောက်သေးဘူးလားကွ ... မြန်မြန်လုပ်ပါဆိုမှ ... "
အာဇီးမ်၏ ပျာလောင်ခတ်နေမှုကို ကြည့်လျှင် မိန်းမအပေါ် ထားရှိသည့် သူ၏ ချစ်ခြင်းမေတ္တာကို သိသာစွာ မြင်နိုင်ပါသည်။
လက်ထပ်ထိမ်းမြားခဲ့သည်မှာ လေးနှစ် ရှိသွားပြီ ဖြစ်သော်လည်း သူ့ချစ်ဇနီးသည်မှာ သန္ဓေသားက မတည်မြဲ။ အမြဲပဲ ပျက်သွားတတ်သည်။ ထို့ကြောင့် သားသမီး မရခဲ့သော သူသည် သားသမီး ရတနာလေးကို တကယ်ပဲ မျှော်လင့်တောင့်တ နေလေ၏။ သည်တစ်ခါတော့ သူ့ချစ်ဇနီးမှာ ကိုယ်ဝန်ကမြဲခဲ့ပြီး မွေးရမယ့်နေ့ရက်တောင် စေ့လို့လာခဲ့ပြီ။
"ကိုလတ်.... ဆိုက္ကားရောက်ပြီ...."
ညီဖြစ်သူ၏ ခေါ်သံကြောင့် အာဇီးမ်၏ တွေးလက်စအတွေးများ ပြတ်တောက်သွားလေ၏။
အင်္ကျီကို ကောက်ဝတ်လိုက်သည်။ ဆေးရုံတွင်လိုအပ်မည့် အသုံးအဆောင်အနည်းငယ် စုလိုက်သည်။ ပြီးလျှင် ဇနီးသည်ကို ပွေ့ချီပြီး ဆိုက္ကားပေါ် တင်လိုက်၏။ ဇနီးသည်က ဗိုက်ကို လက်တစ်ဖက်နှင့် ဖိထားကာ ခံစားနေရသော နာကျင်မှုကို အောင့်ခံနေလေသည်။
လမ်းက မကောင်းသဖြင့် ဆိုက္ကားကို နင်းမရ။ ဆိုက္ကားသမားနှင့်အတူ အာဇီးမ်လည်း ဆိုက္ကားကို တစ်ဖက်ကနေ တွန်းရင်း သွားနေသည်။ သူတို့ရွာသည် မြို့နှင့် ငါးမိုင်လောက်ဝေးသောကြောင့် ဆေးခန်းရောက်ဖို့တော့ အတော်ကြာနေဦးမှာပင်။ လက်က နာရီကို ကြည့်လိုက်တော့ လေးနာရီ ထိုးရန် ဆယ့်ငါးမိနစ်သာ လိုတော့၏။ လမ်းခရီးကလည်း သုံးပုံ တစ်ပုံလောက် ဆန့်ပြီးဖြစ်လေသည်။
မွန်းတည့်ချိန်ကစပြီး သူ့မိန်းမက ဗိုက်နာလာသည်ဆို၍ ရွာက အကောင်းဆုံး လက်သည်ကို ခေါ်လာခဲ့၏။ သို့သော် လက်သည်က အတော်ကြာကြာစမ်းခဲ့ပြီး အခြေအနေ မဟန်ဘူးဆို၍ ဆေးရုံတက်ရန်သာ အကြံပေးခဲ့ခြင်းဖြစ်သည်။ တကယ်တော့ အသွားအလာ ခက်ခဲသည်က တစ်ကြောင်း၊ လမ်းမှာ ရှိနေသော န.စ.က စခန်းကို ဖြတ်သန်းသွားရတာကတစ်ကြောင်း၊ ဆေးရုံမှာလည်း လူမျိုးရေးခွဲခြားတတ်သည်ကတစ်ကြောင်း၊ အဲ့သလို အကြောင်းအမျိုးမျိုးကြောင့် သည်ဒေသက အမျိုးသမီးများသည် ဆေးရုံတက်ပြီး ကလေးမွေးရသည်ထက် ကိုယ့်အိမ်မှာပဲ လက်သည်အကူအညီနှင့် ကလေးမွေးတတ်သည်မှာ မည်သို့မျှ မဆန်း။
"ဟေ့ကောင်တွေ... ဘယ်သွားမလို့လဲ ... ရွာထွက်လက်မှတ်ပြ...."
ကင်းစခန်းမှ န.စ.က တစ်ယောက်၏ ခပ်ကြမ်းကြမ်း အသံက အတွေးထဲ မျှောပါနေသည့် အာဇီးမ်ကို တုန်လှုပ်စေသည်။
"ဆရာ...ဆေးခန်းသွားပြမလို့ပါ ... အရေးတကြီး ချက်ချင်းလာလိုက်ရတာနဲ့ ရွာထွက်လက်မှတ် မပါလိုက်ပါဘူး ဆရာ ..."
အာဇီးမ်က န.စ.က ရဲ ကို ညှင်ညှင်သာသာ ယဉ်ယဉ်ကျေးကျေး ပြောပြလိုက်သည်။
"မရဘူးကွ ... ဘယ်သွားပြပြ ကုလားဆို ရွာထွက်လက်မှတ်ပါရမယ်ဆိုတာ မင်းတို့ မသိဘူးလား ... သွားယူကွာ ..."
"ဆရာ... လူနာက ရက်စေ့နေတဲ့ ကိုယ်ဝန်နဲ့ပါ ... အရမ်း နာနေလို့ ချက်ချင်းထွက်လာလိုက်တာနဲ့ ရွာထွက်လက်မှတ် မယူနိုင်တာပါ.... နောက်တစ်ခါဆို ယူလာပါမယ်... ဒီတစ်ခါတော့ သွားခွင့်ပြုပါ..."
အာဇီးမ်က ခွင့်တောင်းသလို ပုံစံမျိုးဖြင့် အေးအေးဆေးဆေး တောင်းဆိုလိုက်တဲ့အဆုံး....
"ဟေ့ကုလား...လျှာရှည်မနေနဲ့.... သနားလာအောင် ပုံစံမျိုးနဲ့ လာမပြောနဲ့ ... ကုလားဆို မသနားတတ်ဘူး.... ရွာထွက်လက်မှတ်မပါရင် ပြန်ကွာ..."
န.စ.က ရဲ၏ ပြတ်သားသော အပြောကြောင့် အာဇီးမ်က သူ့ဒေါသကို ခေတ္တမျှ မထိန်းမနိုင်ဖြစ်သွားသည်။
"ရွာထွက်လက်မှတ်လည်း မပါဘူး ... ဒီအတိုင်းသွားမှာပဲ ...သတ်ချင်ရင်သတ်လို့ရတယ် ...လူနာကို ဆရာလည်း ကိုယ်တွေ့ပဲ ... "
"ငါလိုးမ ကုလား ... အာခံပြီး ပြောတယ်ပေါ့ ... ရော့ ..."
____________________×××____________________
(၂)
"ရော့ ...!!! ပြီးတော့ ဆက်ပြောပြလေ" ဆိုပြီး ကျွန်တော်က သိချင်စိတ်ပြင်းစွာ မေးကြည့်လိုက်လျှင် ဦးလေးဟာရုန်းက သူ့လက်သီးကို ငါ့ဝမ်းဗိုက်တည့်တည့်ကို အသာအယာ လာထိုးပြီး ပြောပြသည်။
"န.စ.က တွေက ဝိုင်းထိုးရိုက်တာပေါ့ကွာ ..."
"ပြီးတော့ ... ဦးလေးအာဇီးမ်ရဲ့ မိန်းမရော ... ပြီးတော့ နောက်ဘာဖြစ်သွားလဲ"

ကျွန်တော်က တရစပ်မေးကြည့်လိုက်ပြန်သည်။
"အေးပေါ့ကွ ... ငါ့မှာ တပူပေါ် နှစ်ပူဆင့်ရတာပေါ့ ... ဟိုက စိတ်ရှိတိုင်း ဝိုင်းထိုးရိုက်နှက်တာ ခံရတော့ အာဇီးမ်ဘိုင် လည်း သတိမေ့သွားတယ် ... သူ့မိန်းမကလည်း အရမ်းနာနေတယ် ဆိုပြီး အော်အော်နေတယ် ... ငါ့မှာ ရွေးချယ်စရာမှ မရှိခဲ့တာ ... အာဇီးမ်ဘိုင်ကိုပါ ဆိုက္ကားပေါ်တင်ပြီး အိမ်ပြန်လမ်းကို နှင်ရတာပေါ့ ... နေကလည်း ဝင်လုဆဲ ဖြစ်နေတော့ မှောင်စပြုလာတယ် ... ပြန်လာရင်းနဲ့ အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကလေးမွေးလိုက်ရတယ်လေ ... "
"ဘာ ...!!! လမ်းမှာ ကလေးမွေးတယ် ...!!! "တောက် ... ဒီ န.စ.က တွေမှာ လူ့စိတ်မရှိလိုက်တာဗျာ ...''
ဆိုက္ကားသမား ဦးလေးက လွန်ခဲ့သော နှစ် ၂၀ အရင်က အကြောင်းတစ်ခုကို တွေးတွေးပြီး ပြန်ကာပြောပြနေသည်ကို နားထောင်နေရသူ ကျွန်တော့မှာတော့ ကြက်သီးက တဖြန်းဖြန်းထလို့။
"အေးကွာ ... လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက် မီးဖွားနေတာကို ဆိုက္ကားသမားဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းကို မသိခဲ့ဘူး ... အဲ့ချိန်ခဏတော့ ငါ တကယ်ရူးသွားခဲ့တာပဲ ... ကလေးလည်း မွေးပြီးရော့ အာဇီးမ်ဘိုင် လည်း ပြန်ပြီး သတိရလာတယ် ... ဒီတော့ အာဇီးမ်ဘိုင် ... ငါ ဒီရွာကလူတွေကို အကူအညီသွားတောင်းမယ် ဆိုပြီး ပြေးသွားလိုက်တာ ... ဒါပေမယ့် အချိန်မမီလိုက်ဘူး ... ကူညီမယ့်လူတွေ ရောက်လာချိန်မှာတော့ အာဇီးမ်ဘိုင် က သူ့ အမျိုးသမီးရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း ငိုနေတာကိုပဲ တွေ့လိုက်ရတယ် ... သူ့မိန်းမ ဆုံးသွားရှာတယ် တူလေးရာ .... သူ့အသက်ဆုံးရှုံးသွားတယ် ..."
ပြောပြရင်းနှင့် ဆိုက္ကားသမား ဦးလေး တစ်ယောက် ချုံးပွဲချ ငိုကြွေးလိုက်တော့သည်။ ကျွန်တော့် ပါးပြင်မှာလည်း မျက်ရည်တွေ စီးကျပြီး နေရာယူနှင့်လို့။
၁၉၉၄ ခုနှစ်၏ တစ်ခုသော ညနေခင်း။ သည်လို ညနေခင်းမျိုး ရိုဟင်ဂျာတို့ဘဝမှာ ခပ်များများရယ်။
____________________×××____________________
(၃)
"ဟာရုန်းဘိုင် ... ဟာရုန်းဘိုင် ...ခင်ဗျား သိပြီးပြီလား ... ခင်ဗျား သိပြီးပြီလား ... ဆာဒဲက်လေ ...ဆာဒဲက်လေ ... "
ပြေးလာခဲ့သောကြောင့် အာဇီးမ်တစ်ယောက် မောဟိုက်နေ၏။ မောဟိုက်စွာ ပြောပြနေသော အာဇီးမ်၏ စကားလုံးတစ်ခုကြောင့် ဟာရုန်း၏ ရင်ထဲ မီးခဲ ထည့်လိုက်သလို ချက်ချင်း ပူလောင်သွားသည်။
"အာဇီးမ်ဘိုင် ... ဆာဒဲက် ဘာဖြစ်တာလဲ ...ငါ့ဆာဒဲက် ဘာဖြစ်တာလဲ"
"ဆာဒဲက် ဆယ်တန်းအောင်ပြီဗျာ ... ဂုဏ်ထူးလည်း လေးဘာသာ ပါတယ် ... ငါလေ ဒီသားတစ်ယောက်တည်းရဲ့ အဖေဖြစ်ရတာနဲ့တင် လူဖြစ်ရကျိုးနပ်ပြီဗျာ ... ငါ ဒီနေ့ အရမ်းပျော်တယ်..."
"ဟာကွာ ... မင်းက လူကို တမင် စိတ်ပူလာအောင်လုပ်လိုက်တယ် ... ငါဖြင့် စိုးရိမ်သွားလိုက်တာ ..."
ထိုအခါမှ ဆိုက္ကားသမားကြီး ဟာရုန်းတစ်ယောက် သက်ပြင်းချနိုင်ခဲ့ပြီ။
"ဘာလဲ မင်းရော မပျော်ဘူးလား ... ငါ့သား ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်း အောင်တာ မင်း မပျော်ဘူးလား ... မင်းလည်း ပျော်သင့်တာပေါ့ .. မဟုတ်ဘူးလား ဟာရုန်း ... ငါတော့ အရမ်းအရမ်းကို ပျော်တယ် ... မနက်ဖြန် နွားဖော်ပြီး ရွာသူရွာသားတွေကို ထမင်းဖိတ်ကျွေးမယ် ... မင်းလည်း စောစောစီးစီး လာကွာ ... ငါတော့ အရမ်း ပျော်နေတယ်... အရမ်းပဲ ..."
ငါလည်း သိပ်ပျော်တာပေါ့။ ဆာဒဲက်ဟာ ငါ့ လက်ပေါ်မှာပဲ မွေးဖွားလာသူ မဟုတ်လား။ ငါ့ကို ချစ်ချစ်ခင်ခင်နဲ့ ဘကြီးခေါ်တဲ့ မင်းသား ဆာဒဲက်ကို ငါလည်း သားအရင်း တစ်ယောက်လို ချစ်မြတ်နိုးတာ မင်းလည်း သိသားပဲ။
ကခုန်သည့်ဟန်ပန်ဖြင့် လျှောက်ကာ ပြန်သွားနေသော တစ်ရွာတည်းသား အာဇီးမ်ကို ငေးကြည့်ရင်း ဟာရုန်းတစ်ယောက် တစ်ကိုယ်တည်း တီးတိုးစွာ ပြောလိုက်သည်။
"မိန်းမရေ ... ငါ့ ချစ်တော်ကြီး ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်းအောင်တယ်တဲ့"
ဟာရုန်းက အိမ်နောက်ဖေးမှာ အလုပ်လုပ်နေသော သူ့မိန်းမကို တက်ကြွနေသည့်လေသံဖြင့် လှမ်းအော်ပြောလိုက်သည်။
အပြင်မှာ မိုးဖွဲ့ဖွဲ့ရွာနေသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လထဲက သည်နေ့ရက်သည် ၁၇ နှစ်ကြာကြာ ခံစားနေရသော အာဇီးမ်ဘိုင်၏ စိတ်ထိခိုက်နာကျင်ခံစားခဲ့ရမှုများကို ပျောက်ကင်းသွားပါစေလို့ ဟာရုန်းက စိတ်ထဲကနေ ဆုတောင်းပေးလိုက်သည်။

ပျော်ရွှင်မှု တိမ်တိုက်များ ကောင်းကင်တစ်ခွင်မှာ ပြန်ပြီး ထူထပ်နေလို့။
____________________×××____________________
(၄)
"ဦးလေး ... ပထမတစ်ခေါက် စိတ်ညစ်လို့ ငိုခဲ့ရပေမယ့် ဒီတစ်ခေါက်တော့ ဦးလေးတို့နဲ့အတူ ကျနော်လည်း ပျော်လာတယ် ... မိတဆိုး သားတစ်ယောက် ဆယ်တန်းကို လေးဘာသာနဲ့ အောင်အောင် ကြိုးစားခဲ့တာ တကယ် လေးစားဖို့လည်း ကောင်းတယ်... အင်မတန် လိမ္မာတဲ့ သားလေးပါပဲနော် ..."
ကျွန်တော်က ဒီတစ်ခါ ပျော်ရွှင်ပေါ့ပါးစွာ ပြောလိုက်လျှင် ...
"သိပ်မှန်တာပေါ့ကွယ် ... ဆာဒဲက်က တကယ့်ကို လူလိမ္မာလေး ... သူ့အဖေကလည်း သားရဲ့ ပညာရေးမှ ပညာရေးပဲ ... အလားတူ ဆာဒဲက်ကလည်း သူ့အဖေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရဖို့ အင်တိုက်အားတိုက် စာကြိုးစားတယ် ...ဒါပေမယ့် .... "
"ဒါပေမယ့်" ဆိုပြီး ဦးလေး ဟာရုန်းက စကားကိုရပ်တန့်လိုက်ပြီး ဟိုအဝေးကြီးကို ရီဝေစွာငေးနေ၏။ အတော်ကြာကြာအထိ ဘာမှပြောမလာသောအခါ ကျွန်တော်က ဝင်ထောက်ပေး၍ မေးလိုက်၏။
"ဒါပေမယ့် ... နောက်ဘာဖြစ်သွားတာလဲ ဦးလေး"
"ဒီလိုကွာ ... အာဇီးမ်ဘိုင်ရဲ့ ရည်မှန်းချက်က သူ့သားကို သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ထားတယ် ... နောက်ထပ်နောက်ထပ်သော အမျိုးသမီးတွေ သူ့အမေလို လမ်းတစ်ဝက်မှာ ကလေးမမွေးရအောင်ပေါ့တဲ့ ... သူ့အမေလို လမ်းတစ်ဝက်မှာ အကူအညီမဲ့ မသေရအောင်ပေါ့တဲ့ ... သူ့သားကလည်း အမှတ်မှီတယ် ... ဒါပေမယ့် ... ပညာရေးဝန်ကြီးဌာနက သူ့သားလျှောက်တဲ့ ဆေးတက္ကသိုလ်ကို မပေးဘဲ သာမန်ဘာသာရပ်မေဂျာတစ်ခု ချပေးတယ် ... စစ်တွေတက္ကသိုလ်မှာ တက်ပေါ့တဲ့ ... မှတ်ပုံတင်မရှိလို့တဲ့ ... ဟူး ..."
ဦးလေးဟာရုန်းက "ဟူး" သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး စကားကို ရပ်တန့်လိုက်ပြန်သည်။
ဒုက္ခသည်စခန်းရှိရာ တောင်။ ထိုတောင်ထိပ်၏ အပင်တစ်ပင်အောက်မှာ ထိုင်နေပြီး အတိတ်တစ်ခုကို ပြန်ပြီး တွေးတွေးပြောပြနေသော ဦးလေး ဟာရုန်းက အမိမြေ မြန်မာဖက်ခြမ်းကို အဆုံးအစမဲ့စွာ ငေးကြည့်နေ၏။ နေမင်းသည် အနောက်ရပ်ဝန်းသို့ အတော်ယိုင်သွားခဲ့ပြီ။ အတော်ကြာကြာအထိ စကားဆက်မလာသောကြောင့် သိချင်စိတ်ပြင်းပြနေသော ကျွန်တော်က ဦးလေးကို ထပ်တစ်ပြန် စကားဝင်ထောက်လိုက်၏။
"ပြီးတော့ ... ဆက်ပြီး ဘာဖြစ်သေးလဲ ဦးလေး ..."
"အာဇီးမ်ဘိုင်က ဒီလောက်တော်နေတဲ့ သူ့သားကို သာမန်မေဂျာတစ်ခုနဲ့ တက္ကသိုလ်တက်ပြီး အချိန်မကုန်စေချင်ဘူး ... သူ အင်မတန် မျှော်လင့်တဲ့ သားဖွားမီးယပ် အထူးကု ပညာရပ်ကို ဒီနိုင်ငံမှာ သင်ယူခွင့်မရရင်လည်း နိုင်ငံရပ်ခြားကို စေလွှတ်ပြီး သင်စေချင်တယ် ... သူ့မှာ ရှိတဲ့ လယ်ယာမြေ အများစုကို ရောင်းချလိုက်တယ် ... နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ဖို့ဆိုတာ ငွေအတော်လိုတယ်လေ ... ပြီးတော့ သူ့သားကို ဒီဘင်္ဂလားဒေရှ့်နိုင်ငံကို လွှတ်လိုက်တာပေါ့လေ .... အဲ့မှာပေါ့ဟ ... အဲ့မှာပေါ့ ..."
ဦးလေးဟာရုန်း၏ အသံမှာ ရှိုက်ငိုသံနှင့်အတူ တိမ်ကောသွားလို့။ ဆက်ပြီး ဘာဖြစ်ခဲ့သလဲဆိုသည်ကို ကျွန်တော် အတိအကျ မှန်းဖို့ခက်နေပေမယ့် သည်မိသားစု ထပ်ပြီး တစ်ခါ ဝမ်းနည်း နာကျင်စရာများနှင့် ကြုံတွေ့ခဲ့ရပြီဆိုတာကိုတော့ ယေဘုယျအားဖြင့် မှန်းလို့ရနေသည်။ ဦးလေးဟာရုန်း ဆက်ပြောပြလာမည်ကို ကျနော် စိတ်ဝင်တစား နားစွင့်နေမိ၏။
"သူ့သား စီးလာတဲ့ လှေက ဒီနတ်မြစ်အလယ်မှာ မြုပ်သွားခဲ့ပါလေရော ... အဲ့ဒီ သတင်းကြားကြားချင်း အာဇီးမ်ဘိုင်လည်း သတိလစ်သွားတယ် ... ငါတို့အားလုံးလည်း အရူးတစ်ပိုင်း ဖြစ်သွားခဲ့တာပေါ့ ... ဆာဒဲက်ကို ရှာဖို့ လိုက်သွားရမလား ... အာဇီးမ်ဘိုင်ကို ဆေးရုံတင်ရမလားနဲ့ပေါ့ ...
နှစ်ရက်အကြာမှာတော့ ဆာဒဲက်ရဲ့ ပုပ်စော်နံနေတဲ့ အလောင်းက မြစ်ထဲက မျှောလာပြီး ကမ်းခြေတစ်ခုမှာ တင်နေတာ တွေ့လိုက်ရတယ် ... အဲ့ချိန် အာဇီးမ်ဘိုင်က ပုပ်စော်နံနေတဲ့ သူ့သားကို ဖက်ပြီး "သားရေ" ဆိုပြီး အော်ဟစ်ငိုကြွေးခဲ့တဲ့ပုံရိပ်ဟာ ယခုထိ ငါ့အတွေးထဲက ထုတ်ရခက်နေတုန်းပါပဲ တူလေးရာ ..."
ဦးလေးဟာရုန်း၏ စကားအဟုန်တွင် စီးမျှောသွားရင်း ကျွန်တော်လည်း ရှိုက်ငိုလိုက်တော့သည်။
____________________×××____________________
(၅)
အခု ဆာဒဲက် အဖေရော ဘယ်မှာလဲ။ သူ နောက်အိမ်ထောင်ကျပြီး ဘဝကို နောက်တစ်ပြန် အစပြုခဲ့သလား။ ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက်ရှင်သန် ဖြတ်သန်းခဲ့သလဲ။ ကျွန်တော့ အတွေးထဲမှာ သိချင်စရာများစွာ ဖြစ်ပေါ်လာခဲ့ပေမယ့် ဦးလေး ဟာရုန်းကို ထပ်ပြီး ဘာမှမေးချင်တဲ့စိတ် ကျွန်တော့မှာ ရှိမနေတော့။
ဦးလေးဟာရုန်းကို ကျွန်တော်သိသည်မှာ သည်ဒုက္ခသည်စခန်းကို ရောက်ပြီးမှ ဖြစ်သည်။ အာရ်ကာန်မှာ ရှိစဉ် မမြင်မတွေ့ဖူးပေမယ့် အသက် ၆၀ ကျော်ရှိမည့် စိတ်စေတနာကောင်းသည့် ဦးလေးဟာရုန်းကို "ဦးလေး" ဆိုပြီး ကျွန်တော် တလေးတစား ခေါ်ခဲ့သည်။ အတိတ်က အကြောင်းအရာများကို စပ်စုတတ်သော ကျွန်တော်က ဦးလေးကို သူတို့ ငယ်စဉ်က အကြောင်းအရာများ မေးဖြစ်ခဲ့ရာမှ သည်ဖြစ်ရပ်မှန်လေးကို သူပြောပြခြင်းဖြစ်၏။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ အရေးအခင်းနောက်ပိုင်း အသက်လွတ်နိုင်ရာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့သော လူပေါင်း ၇ သိန်းနီးပါးမှာလည်း ဆာဒဲက်တို့မိသားစုလို ဖြစ်ရပ်ဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန် ဇတ်လမ်းများ ကိုယ်စီရှိနေဦးမည်ပင်။
တောင်ပေါ် အပင်၏ အရိပ်အောက်၌ ထိုင်နေသည့်နေရာမှ ကြည့်လိုက်လျှင် တစ်ခုနှင့် တစ်ခုကပ်ပြီး ဆောက်ထားသည့် ထူထပ်နေသော ဒုက္ခသည်စခန်းရှိ တဲအိမ်လေးများ၊ အိုးအိမ်ထားရစ်ပြီး အမိမြေကို စွန့်ခွာလာခဲ့ရသော မျှော်လင့်ချက်မဲ့နေသည့် ဒုက္ခသည်များကို တွေ့နေရ၏။
မကြာခင် နေမင်း ပျောက်ကွယ်ပြီး သည်နေရာလေးကို အမှောင်က မျိုသွားပါလိမ့်မည်။ ကျွန်တော်တို့ ရိုဟင်ဂျာများ၏ ဘဝနေ့ရက်များသည်လည်း အမှောင်၏ မျိုခြင်းကို ခံလာနေရသည်မှာ နှစ်ကာလအားဖြင့် အတော် ကြာရှည်လှခဲ့ပြီ ဖြစ်၏။
"တူလေး ... မနက်ဖြန် အလှူအတန်းပွဲတစ်ခုလုပ်ရအောင် ... မင်းလည်း လာကူညီပေးပါလား ..."
ဦးလေးဟာရုန်း၏ စကားကြောင့် အတန်ကြာကြာ အတွေးထဲနစ်မြုပ်နေသည့် ကျွန်တော် သတိပြန်ရလာသည်။
"ဘယ်သူ့အတွက် ရည်စူးပြီး လုပ်မှာလဲ ဦးလေး"
"ငါ့အချစ်တော်ကြီး ဆာဒဲက်နဲ့ ငါ့ကျေးဇူးရှင်ကြီး အာဇီးမ်အတွက်လေ ..."
ဦးလေး ဟာရုန်းက ခပ်ပြင်းပြင်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဆက်လက်ပြောပြသည်။
"ဆာဒဲက်ဆုံးတဲ့နေ့ကစပြီး သူ့အဖေလည်း စိတ်မမှန်တဲ့ ဘဝရောက်သွားတာလေ ... နောက်နှစ်နှစ်အကြာမှာ စိတ်ရောဂါနဲ့ပဲ ဆုံးသွားရှာတယ် ... သူဆုံးသွားတဲ့နောက် သူ့ပိုင်လယ်မြေတွေ ငါ့မိသားစုကို ပေးလိုက်ဖို့ သူ့အစ်ကိုကို မှာထားခဲ့တာတဲ့ ... အဲ့တော့ သူ့ပိုင်လယ်မြေတွေ သူ့အစ်ကိုက ငါ့ကို လွှဲပေးခဲ့တယ် ... ငါက အဲ့ဒီလယ်တွေလုပ်ပြီး ရလာတဲ့ အကျိုးအမြတ်ထဲက လေးပုံး သုံးပုံကို သူတို့ သားအဖ အမိ သုံးယောက်အတွက် နှစ်တိုင်း အလှူပွဲလုပ်တယ် ... ဒီနှစ်က ဖြစ်သွားတဲ့ အခြေအနေကြောင့် အဲ့ပွဲမျိုး မလုပ်နိုင်ခဲ့ဘူး ... သူပေးတဲ့ လယ်ယာမြေတွေကိုထားပြီး ဒီကိုလာခဲ့ရတယ် ဆိုပေမယ့် မလေးရှားက ငါ့သားလေးဆီက ပိုက်ဆံတောင်းလိုက်တယ် ... မနက်ဖြန် လုပ်ကြရအောင် ... ငါ သူတို့ မိသားစုကို အရမ်း သတိရနေပြီ တူလေးရာ ... ငါ့အပေါ် အရမ်းလည်း ကျေးဇူးကြီးမားခဲ့သူတွေလေ ..."
သည်တစ်ခါ ကျွန်တော်လည်း ဆာဒဲက်အဖေ၏ ဖြစ်ရပ်ဆိုးကို ကြားရပြီး သတိလစ်သွားလုမတတ် ခံစားခဲ့ရသည်။ စိတ်ထဲကနေလည်း ဆုတောင်းပေးလိုက်ပါတော့သည်။
ဆာဒဲက်တို့ သားအမိ အဖ သုံးယောက်စလုံး အမြင့်ဆုံးသော သုခဘုံမှာ ပြန်ဆုံဆည်းခွင့်ရပြီး အဆုံးမဲ့ ချမ်းမြေ့ပျော်ရွှင်မှုများနှင့် စံမြန်းခွင့်ရပါစေ။
ကျွန်တော်၏ ပါးပြင်ပေါ်က မျက်ရည်စက်များကို သုတ်လိုက်ပြီး ဒုက္ခသည်စခန်းထဲက တဲလေးဆီ ခြေလှမ်းစလိုက်တော့သည်။ ဒုက္ခသည်စခန်း၏ အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကိုလည်း အမှောင်က စိုးမိုးလိုက်နေခဲ့ပြီ။
ယျာတင် (ရိုဟင်းသား)
၃၁၊ ၁၂၊ ၂၀၁၇
ရိုကဗျာဥယျာဉ်သို့ အလယ်တစ်ခေါက် (၂)
ကဗျာထဲသို့ စီးဝင်ခံစားကြည့်ခြင်း
__________
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
28.11.2017
ကဗျာ ခေါင်းစဉ်က "ရိုမိခင်၏ ရင်တွင်းငိုသံ" တဲ့။ ကဗျာ့ခေါင်းစဉ်ကပဲ ကဗျာကိုအဆုံးထိ ခံစားကြည့်ဖို့ လက်ယပ်ခေါ်နေသည်။ မိခင်ဆိုသည့် တိုတောင်းသော စကားလုံးမှာ ရှည်လျားသည့် မေတ္တာတရား ကိန်းဝပ်နေသည်မှာ လူတိုင်းသိ၏။ ထိုသို့ မိခင်မာတာ၏ ရင်တွင်းငိုသံတဲ့လား။ ငိုခြင်းသည် ယေဘုယျအမြင်အားဖြင့် မျက်လုံးနှင့်သာဆိုင်သည့် အရေးတစ်ခုဖြစ်သည်ကို ကဗျာဆရာက "ရင်တွင်းငိုသံ"ဟု ဆန်းပြားစွာ သုံးနှုန်းထားသည်။ ခေါင်းစဉ်ကို ဖတ်ကြည့်ရလျှင်ပင် ကဗျာထဲပါနေမည့် ဇတ်ကောင်သည် နာကျင်စရာများစွာနှင့် ရင်ဆိုင်ခဲ့ရပြီဟု ကြိုတင်နားလည်ခံစားရမိသည်။
ကဗျာကို တစ်ခေါက်လောက် ဖတ်ကြည့်ရအောင်။
ရိုမိခင်၏ ရင်တွင်းငိုသံ
--------------------------
ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။
သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။
ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။
အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန်းထက်လွန်ကို၊ ဗျာဆုံရှာသည်။
သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့။

*----*
ပုံသရုပ်ဖော်ကဗျာဖြစ်သည့် ဤကဗျာသည် လွန်ခဲ့သော ဩဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာလက်နက်ကိုင်များက ဒေသခံရိုဟင်ဂျာများအပေါ် တရားလွန် ညှဉ်းပန်းခဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အသက်လုပြီးထွက်ပြေးလာခဲ့သည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများထဲက သားဖြစ်သူကိုဆုံးရှုံးလိုက်ရ၍ ပူဆွေးသောကရောက်နေသော မိခင်ဖြစ်သူတစ်ဦး၏ အဖြစ်ကို ပုံသရုပ်ဖော် ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကဗျာရေးဖွဲ့သူ၏ နောက်ခံအကြောင်းအရာကို တပ်အပ်သိရှိခြင်းမရှိပါ။ ကလောင်အမည်မှာ ရိုခရီးသည်ဖြစ်ပြီး Myint Naing နာမည်ဖြင့် Facebook သုံးနေသူဖြစ်သည်လောက်ကိုသာ သိရှိထားပါသည်။
ကဲ့ ... ကဗျာ၏ နိဒါန်းအပိုဒ်ထဲသို့ စီးဝင်ကြည့်ရအောင်။
"ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။"
သားဖြစ်သူကို ဝမ်းဗိုက်ထဲ လွယ်ပိုက်ထားစဉ်က မိခင်တစ်ဦးအနေဖြင့် သားအပေါ် မျှော်လင့်ချက် အမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံထားရှိခဲ့သည်ကို အမေက သူ့ရင်တွင်းသံကို သားဖြစ်သူအား တိုင်တည်ပြောပြနေဟန်ဖြင့် ဖွဲ့ဆိုထားသည်။ သားမွေးလာလျှင် နိုင်ငံ၏ ဂုဏ်ရောင်ကို ဆောင်ကျဉ်းပေးနိုင်အောင်၊ သူတစ်ပါးကို လမ်းမှန်ပြနိုင်ဖို့အတွက် သူတော်ကောင်း ပညာရှိတစ်ဦး ဖြစ်ရလာအောင် အမေက ပြုစုပျိုးထောင်ပေးရန်အာခဲထားသည်ဟု စိတ်ထဲတွင် စွဲစွဲမြဲမြဲ ပိုက်မှတ်ထားခဲ့ကြောင်းကို အမေဖြစ်သူက သားကို ရင်ဖွင့်ပြနေပုံမှာ ကြည်နူးစရာ သန္တရသကို ခံစားစေပါသည်။ လမ်းပျောက်နေသူများအတွက် သူ့သားမှာ ရုပ်ရည်ချောမောပြီး ပညာဂုဏ်ရောင်ဖြင့် လမ်းပြကြယ်တစ်ပွင့် ဖြစ်လာခဲ့မည့်ဟု မိခင်ဖြစ်သူက အာခဲထားသည်။ ကဗျာဆရာက မိခင်တိုင်း၏ သဘာဝတရားကို ဖော်ကျူးပြီး ကဗျာကို နိဒါန်းပြုထားသည်မှာ အလွန်ပင် ထိမိလှသော စာအဖွဲ့အနွဲ့ဖြစ်သည်။
ကဗျာ၏ ဒုတိယပိုင်းတွင် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်တစ်ပုံတပင်သည် ကံတရား၏ အသာမပေးမှုကြောင့် ရည်ရွယ်ထားခဲ့သလိုမျိုး ဖြစ်မလာခဲ့ကြောင်း၊ နှစ်သက်မြတ်နိုးဖွယ်ကောင်းသော မွေးရပ်ဌာနေတိုင်းပြည်ကို ငရဲပြည်က မိစ္ဆာများရောက်လာပြီး ဖျက်ဆီးလိုက်သကဲ့သို့ ထိုမိစ္ဆာများ၏ ဒုစရိုက်ကြောင့် ဌာနီပြည်ကြီးလည်း ပျက်စီးသွားရှာကြောင်းကို အမေဖြစ်သူက သူ့သားကို စိတ်ပျက်သည့်ပုံစံဖြင့် ဆက်လက်တိုင်တည်ပြောနေသည်ကို ကဗျာဆရာ ပုံဖော်ရေးဖွဲ့ထားသည်မှာ _
"သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။" ဟူ၍ တိုတိုနှင့်လိုရင်းရောက်အောင် ဝင်္ကာဝုတိအလင်္ကာသုံး၍ ရေးဖွဲ့ထားပုံမှာ ရင်ကိုစေသည့် ကဗျာဆရာ၏ စာတန်ဆာဆင်နိုင်မှု စွမ်းရည်ပင်ဖြစ်သည်။
ကဗျာ၏ ပထမပိုဒ်တွင် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်ကြီးမားပုံကို ပုံဖော်ထားပြီး ဒုတိယပိုင်းတွင် ထိုမျှော်လင့်ချက်များ တစ်စစီပျက်စီးသွားကြောင်းကို ပုံဖော်ထားသည်ကိုကြည့်လျှင် ကဗျာ၏ ဇတ်ရှိန် အမြင့်အကျမြန်ဆန်မှုကို တွေ့နိုင်ပါသည်။ ဤသည်မှာ ကဗျာဆရာ၏ ထူးခြားသော အစွမ်းဖြစ်ပြီး သန္တရသမှသည် ရက်စက်ကြမ်းကြုတ်သည့် ရုဒ္ဒရသနှင့် စက်ဆုပ်ရွံ့ရှာရသည့် ဝိဘစ္ဆရသ တို့သို့ ချက်ချင်း ပြောင်းလဲ ခံစားစေသည့် စာအဖွဲ့အနွဲ့မှာ အလွန်ပင် ရသမြောက်ပါသည်။
ကဗျာထဲသို့ ဆက်လက်စီးဝင်ကြည့်ကြရအောင်။
"ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။"
တန်ဖိုးမြင့်သည့် ရတနာများအပါအဝင် ဥစ္စာဓနများ ဓားပြတိုက်ခံခဲ့ရကြောင်း၊ အသက်ကိုလု၍ ပြေးထွက်လာခဲ့ရာတွင် အသင့်စောင့်နေသော ပင်လယ်ဘီလူးနှင့် မျက်နှာချင်းဆိုင်ခဲ့ရကြောင်း၊ သားဖြစ်သူ၏ အသက်ဇီဝိန်ကို ပင်လယ်ဘီလူးက မျိုချလိုက်ပြီး သားဖြစ်သူကိုလည်း စတေးလိုက်ရကြောင်းတို့ကို ဖော်ပြထားပါသည်။ မိမိတန်ဖိုးထားမြတ်နိုးသည့်အရာများ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦးအပေါ် သနားကြင်နာစိတ်ပေါ်လာအောင် ရေးဖွဲ့ထားပုံ၊ ထိုမိခင်၏ အဖြစ်သနစ်သည် စာဖတ်သူကို ကရုဏာရသကို အပြည့်အဝခံစားစေအောင် ရေးဖွဲ့ထားပုံမှာ အလွန်ပင် ထိမိလှပါသည်။
ကဗျာ၏ စတုတ္ထအပိုဒ်တွင်မှု အသက်မပါရှိသော သားကိုပွေ့ပိုက်ထားကာ မိခင်ဖြစ်သူ၏ ဝမ်းနည်းရမှု၊ ပူဆွေးသောကများခံစားရမှုများကို မိခင်ကိုယ်တိုင်က ရင်ဖွင့်ပြလိုက်သည့်ဟန် ဖွဲ့ဆိုထားပုံမှာ _
"အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန်းထက်လွန်ကို၊ ဗျာဆုံရှာသည်" ဟူ၍ဖြစ်သည်။
ပြည့်ဝန်းသော လစန္ဒာကဲ့သို့ လှပသည့် သား၏မျက်နှာကို ကြည့်ရှု၍ စိတ်နှလုံးထဲ မသက်သာပုံ၊ မြတ်နိုးရသည့်သားကို ထာဝရအတွက် ဆုံးရှုံးရသည်ဟုသိရ၍ စိုးရိမ်ကြောင့်ကြနေပုံ၊ ကြီးမားသည့်ဆုံးရှုံးမှုနှင့်ကြုံတွေ့နေရချိန် အလွန်းအလွန်ပင် ပူဆွေးသောကရောက်နေတတ်သည့် မိခင်တို့၏ သဘာဝတို့ကို ဤအပိုဒ်တွင် အတိုင်းသားမြင်တွေ့နေရ၏။ အဆိုပါမိခင်အပေါ် ကရုဏာလည်း ပို၍မြင့်မားစွာ သက်ရောက်လာစေပါသည်။
ကဗျာ၏ နောက်ဆုံးပိုဒ်တွင် မိခင်ဖြစ်သူက သားဖြစ်သူကို မှာကြားနေပုံဖြင့် ဖွဲ့ဆိုထားပါသည်။
"အသင်သား၊ နေမင်း လမင်းများကို ဖြစ်ကျော်၍ ဘုရားသခင်အပါးသို့ သင်ရောက်ရှိချိန်တွင် အမေတို့လူထု၏ တွေ့ကြုံခံစားနေရသော မတရားမှုများအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှု၊ ဖိနှိပ်ညှဉ်းပန်းမှု တို့၏ သံသရာအကြောင်းတို့ကို ဘုရားသခင်ထံ လျှောက်တင် တင်ပြလိုက်ပါလေ" ဆို၍ သားဖြစ်သူကို သေသေချာချာ မှာကြားပုံမှာ _
"သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့" ဟူ၍ဖြစ်သည်။ မိခင်ဖြစ်သူ၏ ဘရားသခင်ကို ယုံကြည် အားကိုးမှု၊ တွေ့ကြုံခဲ့ရသမျှ မတရားမှုအကြောင်းကို ဘုရားသခင်အား သိစေတိုင်တည်လိုမှုတို့သည် စာဖတ်သူကို တရားသဘောများ နားလည်လာစေပါသည်။
ကဗျာတစ်ပုဒ်လုံးကို ခြုံပြီး သုံးသပ်ကြည့်လျှင် လေးလုံးစပ်ပုံစံဖြင့် ရေးဖွဲ့ထားသောကြောင့် ကဗျာသည် ပေါ့ပါးသွက်လက်နေသည်။ ကဗျာဆရာက ရသပိုင်းကို အတက်အကျ မြန်အောင် ဖွဲ့ဆိုခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ သန္တရသမှ ရုဒ္ဒရသနှင့် ဝိဘစ္ဆရသသို့၊ ရုဒ္ဒရသနှင့် ဝိဘစ္ဆရသမှ ကရုဏာရသသို့၊ ခပ်မြန်မြန် ပြောင်းလဲခံစားစေအောင် ဖွဲ့ဆိုထားပုံမှာ ကဗျာဆရာ၏ အံ့မခန့် စာရေးအစွမ်းပင် ဖြစ်သည်။
ထို့အပြင် သက်မဲ့ပုံတစ်ပုံကို သရုပ်ဖော်ပြီး ဖွဲ့ဆိုသည့် ဤကဗျာကြောင့် အဆိုပါပုံလည်း သက်ဝင်လှုပ်ရှားလာသလို ဖြစ်၏။ ဇတ်ကောင်သုံးပြီး ဖွဲ့ဆိုသောကဗျာဖြစ်သော်ငြားလည်း ကဗျာသည် ကဗျာဆရာ၏ ရင်တွင်းဖြစ်များဖြစ်သည်နှင့်အညီ ရိုဟင်ဂျာမိခင်တစ်ဦး၏ ရင်တွင်းငိုသံကို ကြားနေသလို ကဗျာဆရာ၏ ရင်တွင်းငိုသံကိုလည်း တစ်ပြိုင်နက်တည်း ကြားနေရပါသည်။
ထို့ကြောင့် ဤကဗျာသည် Ro_Art Page "ပုံသရုပ်ဖော်ပြိုင်ပွဲ"၏ အကောင်းဆုံးဆုရ ကဗျာနှင့် ထိုက်တန်ပါကြောင်း ဤစာတိုဖြင့် ကဗျာဆရာကို အဝေးတစ်နေရာမှ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။
ကျနော် ယျာတင် (ရိုဟင်းသား) ပါ။

11.11.2017
ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။
သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။
ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။
အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန့်ထက်လွန်ကို၊ ဗျာဆုံရှာသည်။
သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့။
Ro_Art Page ၏ ပထမအကြိမ် "ပုံသရုပ်ဖော်ပြိုင်ပွဲ"ဝင်ကဗျာများထဲက အကောင်းဆုံးဆုရ ကဗျာ
၂၈ စက္ကန့် ဖန်သားပြင်ပေါ်က ရိုဟင်ဂျာ့ဘဝ တစ်စိတ်တစ်ပိုင်း
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
17.10.2017
(၁)
(၁)
စိမ်းလန်းတဲ့ ချုံပုတ်ကိုနောက်ခံထား
ချုံပုတ်ရှေ့က ချောင်းတစ်ခုလား
ချောင်းအလွန် လူတစ်အုပ် မြင်ရတာ ဝိုးတဝါးဝါး
သူတို့ ဘယ်သူတွေများလဲ။
(၂)
အုံ့မှိုင်းဖုံးလွမ်းလျက်ရှိတဲ့ မီးခိုရောင်တိမ်လွှာပြင်
ထိုတိမ်လွှာပြင်အောက် လူတစ်အုပ်
ထိုလူအုပ်ထဲမှာ အထုပ်ထမ်းသူက ထမ်းလျက်နဲ့
သူတို့ ဘယ်ကမ္ဘာကို ခရီးနှင်နေတဲ့ ခရီးသားလဲ
အဲ့ဒီမြေပြင်မှာ ပူပင်သောကတွေ ခင်းထားလေသလား
မရွှင်မပြရုပ်သွင်နဲ့လူသားများ ရုတ်လျက်သဲလျက်။
(၃)
ဖျော့တော့တော့ စပုဒ်ရှပ်အရောင်က
သူ့မျက်နှာသေးသေးကိုလည်း သွားလွှမ်းဖုံးထား
သွားနုလဲတဲ့ သက်ရွယ်က
အပြစ်ကင်းစင်တာ သက်သေဖြစ်မလား
အို ... ဒီကလေး နက်နက်နဲနဲ ရှိုက်နေလျက်
ရှိုက်သံက နှလုံးသားရဲ့ဗဟိုက ထွက်လာဘိအလား
စီးကျလာတဲ့ ပါးပြင်ပေါ်က မျည်ရည်ပူစပ်နေမလား
ကြည့်နေတဲ့ မျက်လုံးတွေမှာ
သူ့ဆုံးရှုံးမှုက ကြီးမားနေကြောင်းတော့ သိသာ။
(၄)
သဲပြင်က အမိုးအကာမဲ့၊ နေရောင်ကလည်းကျဲကျဲ
ထိုအဆီးအကာမဲ့ နေပူပြင်းပြင်းအောက်မှာ
အမျိုးသမီးတစ်ဦး ခြေကုန်လက်ပန်းကျနေသလား
သမီးရင်ခွင်ကိုတိုးကာ လဲလျောင်းနေလျက်
နွမ်းနယ်နေတဲ့ အမေကို ပိုက်ထားတဲ့သမီးက
မျက်ရည်ကို လက်ကလေးနှင့် သုတ်နေလျက်
တစ်ချို့သားသမီးတွေ မိခင့်ကိုယ်ပေါ်မှာ ခွေထိုင်နေလျက်
ကလေးငယ် နှစ်ယောက် ကောင်းကင်အောင်က တိမ်လွှာကို ငေးကြည့်နေလျက်
ဒါဟာ ...
စိတ်ကူးနဲ့ဆွဲတဲ့ ပန်းချီကားတစ်ချပ်လို့ ထင်နေသလား
ထင်သလို မဟုတ်တာ ငါတို့ ရှိနေဆဲပါ ထင်ထင်ရှားရှား။
(၅)
အိုး ... လောကဓံအတွေ့အကြုံရင့်တဲ့ အဘွားအို
မြေးလေးပုခုံးပေါ် နားခိုဖို့ လဲကျနေတာလား
လဲကျနေလို့ နားခိုနေတာလား
မောပန်းလွန်းတဲ့ အဘွားရဲ့အမှီခံ မြေးလေးရဲ့ရှိုက်အငိုကြောင့်
ဟောဒီနှလုံးသားကို တစ်စီကြေမွသွားစေတယ်။
(၆)
ဝိုးတဝါးမြင်နေရတဲ့ တောင်တန်း
ထိုတောင်တန်းအပေါ်မှာ မီးခိုးရောင် တိမ်ပြင်များ
ထိုတိမ်ပြင်နောက်ခံက အပြာရောင်ကောင်းကင်
ရှေ့မှာ ကမ်းမမြင်ရတဲ့ ပင်လယ်ပြာ တစ်ခု
ထိုပင်လယ်ရေပေါ်မှာ လှေဗလာ တစ်စီး
ပဲ့ကိုင်ရှင်နတ္တိ ဦးတည်ရာမရှိ
ပင်လယ်ရေလှိုင်း ရိုက်ခတ်ရာအောက်မှာ
သည်လှေရဲ့အနာဂတ် ဒီပင်လယ်မှာ
ဘယ်လောက်ကြာကြာ သာယာနေမှာလဲ။
(၇)
ထိုလှေကသယ်လာတဲ့ ရိုဟင်ဂျာတွေရဲ့အနာဂတ်ဟာလည်း
မရေရာမှုတွေပြည့်နှက်နေတဲ့ လှေရဲ့အနာဂတ်အတိုင်းလား။

Heartbreaking moments of Rohingya refugees arriving on the shore after crossing the River to Bangladesh, Sept 30, 2017. (Credit - AFP)
နိုင်ငံတော်အလံ နဲ့ သက်မဲ့ရိုကလေး
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
10.10.2017
ဘယ်ဖက်ရင်အုံးအောက်တည့်တည့် နီရဲတဲ့ နှလုံးသားရှိတယ်
ဝါ၊စိမ်း၊နီ၊ အလယ်မှာ ကြယ်တစ်ပွင့်နဲ့ အလံတော်
အဲ့ဒီအလံတော်ကို နှလုံးသားရှိရာ ဘယ်ဖက်ရင်အုံးနဲ့ ကပ်ထားတယ်
ဪ ....
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးတယ်
သူတို့က အလံတော်ကို တန်ဖိုးထားတယ်။
အသက်ရှိတုန်းကလည်း နှလုံးသားနဲ့ကပ်ထားတဲ့အလံတော်
အသက်မရှိတော့လည်း ဆက်လက်လွှင့်ထူနေဆဲပါ
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ဝတ်ဆင်ထားတယ်
သူတို့က အလံတော်ကို အသက်နဲ့လဲပြီး တန်ဖိုးထားတယ်။
ဒီမှာ ...!!!
ခိုးဝင်ခေါ်တာ ခင်ဗျားတို့အပိုင်း
ကိုယ့်နိုင်ငံကို ကိုယ်ချစ်မြတ်နိုးတာ ကိုယ့်အပိုင်း
ကိုယ့်အလံတော်ကို ကိုယ်တန်ဖိုးထားတာ ကိုယ့်အပိုင်း
လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာလေ။

နိုင်ငံတော်ရဲ့ ခွဲခြားဖိနှိပ်မှု သားကောင်ဖြစ်နေရသူများ
အသက်တွေကို နတ်မြစ်အလယ်မှာ ပေးဆပ်ခံလိုက်ရတယ်။
အသက်တွေကို နတ်မြစ်အလယ်မှာ ပေးဆပ်ခံလိုက်ရတယ်။
ဒါပေမယ့်....!!!
ကိုယ်ချစ်တဲ့ နိုင်ငံတော်အလံကို
နှလုံးသားအပေါ်တည့်တည့် ဘယ်ဖက်ရင်အုံးနဲ့ ကပ်ထားနေဆဲပါ
ဟုတ်တယ် ...
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ဝတ်ဆင်ထားတယ်
သူတို့က အလံတော်ကို အသက်နဲ့လဲပြီး တန်ဖိုးထားတယ်။
[ဓါတ်ပုံ - ဖိနှိပ်ရက်စက်မှုဒဏ်ကို မခံနိုင်၍ တိုင်းတစ်ပါးသို့ ထွက်ပြေးခိုလှုံနိုင်ရန် ကြိုးစားရင်း နတ်မြစ်အလယ်မှာ လှေမြုပ်၍ အသက်ဆုံးပါးသွားသည့် ရိုဟင်ဂျာ ကလေးငယ်များ]

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
5.10.2017
အမြောက်သံ၊ သေနတ်သံတွေကို ကာရံလုပ်ပြီး
သေကြေပျက်စီးမှုကို ကဗျာလုပ်ရအောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်။
လောင်ချာတွေ၊ အမြောက်တွေ
ကျည်ဆံတွေ၊ ဗုံးတွေ
မုန်းတီးမှုတွေ၊ မနာလိုမှုတွေ
ငါတို့ဌာနေမှာ တစ်ဖက်သတ် လာဖူးပွင့်တော့
ဌာနေထဲက ငှက်ကလေးတွေ
ရှောင်နိုင်ရာသို့ ဝရုန်းသုန်ကာ ပျံသန်းသွားချိန်
ငှက်ကလေးတွေရဲ့ အတောင်ပံတွေ
ရိုက်ချိုးခံရတဲ့ သတင်းစကားများ
ကြားရများတော့ နားခါးလွန်းပါတယ်။
ပြာလင်သောကောင်းကင်ကို နောက်ခံထားပြီး
ပျံသန်းခွင့် မသာဘူး
မီးခိုးတွေက တိမ်တိုက်တွေအစား နေရာယူ
မိုးသားတွေတောင် စိတ်ကောက်သွားတယ်။
ကောင်းမှာပဲ... မိုးတွေ ရွာသွန်းရင်လေ
လူနေအိမ်တွေကို ဝါးမြိုနေတဲ့ မီးကို
မီးထဲအပစ်ခံရတဲ့ အပြစ်မဲ့ ကလေးတွေကို
မိုးစက်တွေက သပ်ပေးနိုင်ခဲ့မှာပေါ့။
အတောင်စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်ရည်စက်တွေ
နေရာမှားမှာ စွန့်ပစ်ခံပစ္စည်း ဖြစ်နေရခြင်း မရှိရင်
မီးတောက်ထဲက အိမ်လေးတွေကို
အဲ့မျက်ရည်စက်တွေက ကယ်နိုင်ခဲ့မှာ။
မီးတောက်ထဲ အပစ်ခံရတဲ့ ကလေးငယ်ကိုလည်း
မျက်ရည်စက်တွေက သွားခြုံပေးနိုင်ခဲ့မှာပဲ။
လူ့ဂုဏ်သိက္ခာသေးသေးလေး အတွက်
ပေးဆပ်ရမှုက မတန်တဆဖြစ်နေရလေတော့
ရှေးက ကဝိတွေရဲ့ဆိုစကား နည်းပဒေသတွေတောင်
မှားယွင်းကုန်လေပြီ။
ကမ္ဘာ့အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ်မှ
အဆင့်လျှော့ပစ်ချင်နေတဲ့ လူတွေကို
အကြမ်းဖက်သမားဆိုပြီး အပြစ်တင်ရက်ရင်
သင့်လူသား ဝိသေသတွေဟာ
တောထဲက ကျားရိုင်းထက် မသာလောက်ပါဘူး။
မျက်စိအဆုံးမှာ ကောင်းကင်ရှိတယ်
မျှော်လင့်ချက်ကို အဲ့အထိ ဆွဲဆန့်လိုက်တယ်။
ဇီဝိန်တွေကို လမ်းခင်းလို့
အာဇာနည်တွေ ဆက်လျှောက်ခဲ့တယ်။
ဒါတွေက
မနေ့ညက မက်မိတဲ့ အိပ်မက်ပါလေ။
အမိဝမ်းမှ ထွက်လာကတည်းက
မမြည်းစမ်းနိုင်ခဲ့တဲ့ လူ့ဂုဏ်သိက္ခာတွေ
ကမ္ဘာပတ်ပြီး ရှာတွေ့ခွင့်မရတော့တဲ့ အခါ
ကိုယ့်အိုးနဲ့ ကိုယ်တိုင် ချက်စားချင်နေတဲ့
သင်တို့ ငတ်မွတ်နေသူတွေရဲ့လုပ်ရပ်က
လုံးဝဥဿုံ မမှန်ကန်ရင်တောင်
တစ်စက်လေးမှ မမှားပါဘူး။
အရွယ်စုံ လောင်စာတွေရဲ့ ပေးဆပ်ရမှုတွေ
မေ့ရခက်မယ့် သမိုင်းမှာ
ခမ်းနားကြီးကျယ်စွာ ရေးမိခွင့်ရဖို့
ငါတို့မှာ
အသက်စုံတွေ စာမျက်နှာ လုပ်နေရတာ
တကယ်တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်။

ဓါတ်ပုံသတင်း
- မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်
- ဘင်္ဂလီ-ရခိုင် တစ်ဦး၏ လုပ်ကြံ သတင်း ရောင်းစားမှုကြောင့် ဒေသခံများ စိုးရိမ်
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- မောင်တော မြောက်ပိုင်း ဒိုးတန်း လမ်ဘာဂူနားမှ ရိုဟင်ဂျာ (၄) ဦးကို စစ်သားများနှင့် ရခိုင်အစွန်းရောက်များက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
- ၉ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေးကို ၂၃၄ တပ်ရင်းမှ စစ်သားတစ်ဦးက အတင်းအဓမ္မ မုဒိန်းကျင့်
- လူဦးရေ စစ်ဆေးရေး အဖွဲ့မှ ဒေသခံ များကို ရိုက်နှက်၍ နေအိမ်များ ဖျက်ဆီး
- ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည် လက်ခံရန် ဆွေးနွေးမည်
- လုံခြုံရေးကောင်စီက ကြေညာချက် တောင်းဆိုသည်ကို အရေးမစိုက်ဘဲ ရိုဟင်ဂျာကျေးရွာများကို မြန်မာအစိုးရက ဆက်လက်မီးရှို့နေ
- ခမောင်းဆိပ်မှ ကာကွယ်ဆေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရသို့ Ro Nay San Lwin ၏ တုံ့ပြန်ချက်
- ရဲအုပ် သောင်းထွန်း ပြောင်းရွှေ့သည့် အတွက်ဟု ဆိုကာ အတင်း အဓမ္မကောက်ခံလျက်ရှိ