နောက်ဆုံးသတင်း/ဆောင်းပါးများ

အမှန်တရားကို မဖေါ်ထုတ်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်

စကထဲက လွဲခဲ့သော ကော်မရှင်

ကော်မရှင်က ထမ်းဆောင် ရမည့် အဓိက ကျသော သုတေသန မေးခွန်း[1]နှင့် စပ်လျှဉ်း၍ စကထဲက လွဲခဲ့ သည်။၂၀၁၂ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့စွဲဖြင့် သမတ ဦးသိန်းစိန်၏ တာဝန် ပေးစာတွင် “ရခိုင် ပြည် နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ် အေးချမ်းရေး နှင့် ဥပဒေ စိုးမိုးရေး ကို ထိခိုက် ပျက်ပြား စေသည့် လူစု လူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက် မှုများ၊ တိုက်ခိုက် သတ့် ဖြတ်မှု များ ဖြစ်ပေါ် ခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုနှင့် စပ်လျှဉ်း၍ ဖြစ်စဉ် ဖြစ်ရပ် အမှန် ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေး ရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးအပ် လိုက်ပါသည်။” ဟူ၍ ဖေါ်ပြ ထားခဲ့သည်။ 

၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်စွဲဖြင့် ကော်မရှင်၏ အစီရင်ခံစာ ထွက်လာပြီး နောက် ကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးမြင့် လက်မှတ် ရေးထိုး ထားသည့် ဥယျောဇဉ် တွင် ပထမဆုံး စာကြောင်း၌ “ရခိုင် ပြည် နယ် အတွင်း ဖြစ်ပွား ခဲ့သော လူမျိုးရေး ပဋိပက္ခ များ၏ ဖြစ်ပွား ရသည့် အကြောင်းရင်း များ နှင့် အနာဂါတ်တွင် ထိုပဋိပက္ခမျိုး ထပ်မံ မဖြစ်ပွား စေရေး ကြိုတင် ကာကွယ် နိုင်ရန်နှင့် လုပ်ဆောင် ရမည့် အချက် များကို သိရှိ နိုင်ရန် အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ကိုဖွဲ့စည်း ခဲ့ပါသည်။” ဟူ၍ ဖေါ်ပြ ထားခဲ့သည်။

သမတ၏ တာဝန် ပေးစာ ပထမပိုင်းကို ချုပ်ပြီး ကြည့်လျှင် “ရခိုင် ပြည်နယ်တွင် တည်ငြိမ် အေးချမ်း ရေးနှင့် ဥပဒေ စိုးမိုး ရေးကို ထိခိုက် ပျက်ပြား စေသည့် လူစု လူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက် မှုများ၊ တိုက်ခိုက် သတ်ဖြတ် မှုများ၊ ပဋိပက္ခ ဖြစ် ပွား မှုများ နှင့် စပ်လျှဉ်း ၍ ဖြစ်စဉ် ဖြစ်ရပ် အမှန် ပေါ်ပေါက် ရေး စုံစမ်း စစ်ဆေးရန်” ဟူ၍ တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ သို့ရာတွင် ကော်မရှင် ဥက္ကဌ ၏စာ ပထမပိုင်း အရမူ “ရခိုင် ပြည်နယ် အတွင်း လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွား ရသည့် အကြောင်း ရင်းများကို စုံစမ်း စစ်ဆေးရန်” ဟူ၍ တာဝန်ကို ခံယူ ထားကြောင်း နားလည် နိုင်ပါသည်။

သို့ဖြစ်၍ သုတေသန လုပ်ငန်း သဘော အရ စူးစိုက် လေ့လာ စုံစမ်း စစ်ဆေး ရမည့် အကြောင်း ရပ်တွင် ကော်မရှင် သည် စကထဲက လွဲနေကြောင်း တွေ့နိုင်သည်။ လူမျိုးရေး ပဋိပက္ခ ကို မလေ့လာ ရဟု ဆိုလိုရင်း မဟုတ်ပါ။ ယင်း မှာ နောက်ခံ အကြောင်းရပ် ဖြစ်သည်။ ဆက်စပ် လေ့လာ ဖေါ်ထုတ်ဘို့ လိုပါ မည်။ သို့ရာတွင် သမတ၏ တာဝန် ပေးစာ အရမူ စူးစိုက် လေ့လာ ရမည့် သုတေသန မေးခွန်း၏ အချိန် ကာလ အ၀န်း အ၀ိုင်း ဖြစ်သည့် ၂၀၁၂ခုနှစ် မေလနှင့် ဇွန်လ အတွင်း၌ ပဋိပက္ခ ဖြစ်ပွားသည့် လတ် တလော အကြောင်းရပ် [2] ကိုအဓိက လေ့လာ ရပါမည်။

လတ်တလော အကြောင်းရပ် များကို အဓိက ထား စုံစမ်း စစ်ဆေးခြင်း မပြုခဲ့သည့် ကော်မရှင်။

ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေနှင့် ဇွန်လ များအတွင်း ဥပဒေ စိုးမိုးရေး ကို ထိခိုက် ပျက်ပြားကာ ပဋိ ပက္ခ များဖြစ်ပေါ် စေခဲ့သည့် လတ်တလော အကြောင်းမှာနှစ်ရပ်မှာ ကျောက်နီမော် လူသတ်မှု နှင့် တောင် ကုတ် လူသတ်မှုတို့ဖြစ်သည်။ ယင်းတို့သည်ပြင်းထန် လှသည့် အဓိကရုဏ်း ကြီး အား ဖေါက် ခွဲ ခဲ့သည့် စနက်တန်များ သဘွယ် ဖြစ်ခဲ့သည်။ ဤစနက်တန် များကို ဖြုတ်သူများ ကိုယ်တိုင်သည်သာ ပြစ်မှု ကျူး လွန် သူများ ဖြစ်သလား။ သို့မဟုတ် စနက်တန် ဖြုတ်သူများအား နောက်ကွယ်က အင်အားစု တစုံ တရာက စနစ် တကျ စီစဉ် အမိန့်ပေးညွှန် ကြားမှု ရှိသလား။ ကော်မရှင် သည် လတ် တလော အကြောင်း အား တိတိ ကျကျ လေ့လာ စုံစမ်း စစ်ဆေးကာ အမှန် တရားကို ဖေါ်ထုတ်ရန် တာဝန်ရှိ သည်။ ကော်မရှင် သည် ယင်း တာဝန်ကို ထမ်းဆောင် ခဲ့ခြင်း မရှိ သဖြင့် အမှန် တရားကို မဖေါ် ထုတ် နိုင်ခဲ့ပါ။

ကော်မရှင်၏ အစီ ရင်ခံ စာ၌ ပဋိပက္ခ များဖြစ်ပွား ရသည့် နောက်ခံ အကြောင်းကို စာမျက်နှာ (၁၂) မျက်နှာ တင်ပြခဲ့ သည်။ ယင်းသို့ ဖြစ်လျှင် ပို၍ အရေး တကြီး ထားကာ အဓိက လေ့လာ ရမည့် လတ် တလော အကြောင်းကို အနည်းဆုံး နှစ်ဆ၊ (၂၄) မျက်နှာခန့် တင်ပြ သင့်သည်။ သို့ရာတွင် စက ထဲက လွဲခဲ့သော ကော်မရှင်၏ အစီရင်ခံစာ ရှည်ကြီးတွင် ကျမ်းကိုးများ၊နောက်ဆက် တွဲများ ပါထည့် သွင်း တွက်ချက် ပါက စုစုပေါင်း ၁၈၅ မျက်နှာ ရှိသော် လည်း လတ်တလော အကြောင်း ၏ ကြော ရိုး ပြစ် မှုကြီး နှစ်ရပ်နှင့် စပ်လျှဉ်း၍ မူစာ တမျက်နှာ ခန့်သာ ဖေါ်ပြ နိုင်ခဲ့ သည်။ [3] ပထမ ပြစ်မှုကြီး အ တွက် မူစာကြောင်း တကြောင်း မျှသာ ဖေါ်ပြ ခဲ့သည်။ 

ဥပဒေ စိုးမိုးရေး၏ အခြေခံ အကျဆုံး အနေဖြင့် ပြစ်မှု ကျူးလွန် သူအား အပြစ် ပေးနိုင် ရေးကိုပင် ထိထိ ရောက်ရောက် မဆောင် ရွက်ခဲ့သော ကော်မရှင်။

ပြစ်မှု ကျူးလွန် သူများအား အရေး ယူရန် အစီရင် ခံစာတွင် ဖေါ်ပြ ထားမှု မရှိသည့် အပေါ် ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စား လှယ် မစ္စတာ ကင်တား နားက ထောက်ပြ သောအခါ ကော်မရှင် အတွင်း ရေးမှုး ဒေါက်တာ ကျော်ရင်လှိုင် က ၂၀၁၃ ခုနှစ် မေလ (၃) ရက်နေ့နံက် ဘီဘီစီ နှင့်အင်တာ ဗျူး တွင် “ ကျွန်တော် တို့အင်တာဗျူး တွေ လုပ် ပါတယ်။ ဒါပေမယ့် တကယ့်ကို သက်သေ သက္ကာယ နဲ့ ခိုင် ခိုင် မာမာ ပြနိုင် တာက အားနည်းတယ်။ သက်သေ သက္ကာယ အရ ဒီမှာ ဒါဖြစ် ခဲ့တယ် ဆိုတာ ရှိခဲ့ရင် အဲဒါ ကို ကျွန်တော်တို့ ပြောပါတယ်။ ဒါပေမယ့် အကြား လောက်ဘဲ အမြင် လောက်ဘဲ ပြောပြီးတော့ Circumstantial Evidence မရှိတာတွေ ပြောလာရင် ကျွန်တော်တို့ အကြံ ပြုနိုင် တာက ဥပဒေနဲ့ အညီ လုပ်ဘို့ အသေ အချာ ဂရုပြု ရမယ် ဆိုတဲ့ အဆင့် လောက် ပါဘဲ။” ဟူ၍ ပြောကြား သွားခဲ့သည်။

ဥပဒေ နှင့် အညီ လုပ်ဘို့ အသေ အချာ ဂရုပြု ရမယ်ဟု ပြောခဲ့သော ကော်မရှင် အတွင်း ရေးမှုးကြီး ကိုယ်တိုင်က ပြည်တွင်း တွင် ကျင့်သုံး လျှက်ရှိသော သက်သေခံ ဥပဒေကို မသိ သောအခါ ပြသနာ တက်လာသည်။ သက်သေခံ ဥပဒေ ပုဒ်မ (၅၉) အရ “စာတမ်း အမှတ် အသား များ၏ အနှစ် သာရ များမှ လွဲ၍ အချက် အလက် များ အားလုံးကို နုတ် သက်သေခံ ချက်ဖြင့် သက်သေ ပြရမည်။” ဟု လည်းကောင်း၊ ပုဒ်မ (၆၀) အရ “နုတ်သက်သေ ခံချက် သည် တိုက်ရိုက် ဖြစ်စေ ရမည်။” ဟု လည်းကောင်း ပြဌာန်း ထားသည်။ ပြစ်မှု ဆိုင်ရာ မှုခင်း များတွင် တဆင့်ကြား [4] မဟုတ်ဘဲ ကိုယ်တိုင်ကြား၊ ကိုယ်တိုင် မြင်သူ များ၏ သက်သေ ခံချက်ကို Circumstantial Evidence ဟုခေါ်သော ပတ်ဝန်း ကျင် သက်သေ ခံချက် ထက် ပိုမို တန်ဘိုး ထား၍ တရားရုံး များက လက်ခံကြ ရသည်။ ကော်မရှင် အတွင်း ရေးမှုးကြီး သည် အဘယ်ကြောင့် ပြောင်းပြန် ပြောနေ ပါသနည်း။ ပြစ်မှု ဆိုင်ရာ မှုခင်း များတွင် မည်သည့် သက်သေ ခံချက်ကို မည်သို့ မည်ပုံ လက်ခံ သုံးသပ် ရမည် ဟုပင် နားမလည် ပါက ကော်မရှင် သည် အမှန် တ ရား ပေါ်အောင် မည်သို့ စုံစမ်း စစ်ဆေး ပါမည်နည်း။

အစိုးရ အာဏာ ပိုင်များ ပါဝင် ပတ်သက် ကျူးလွန် မှုရှိ မရှိ၊ လူ့အခွင့် အရေး လေ့ လာ စောင့် ကြည့် ရေး အဖွဲ့ နှင့် မစ္စတာ ကင်တားနား တို့ ပြောတာ မမှန် ဘူးလား ဟူသော မေးခွန်း ကို ကော်မရှင် အတွင်း ရေး မှုး က “ ဒီလိုမျိုး အကြောင်း အရာ တွေကို စစ်ဆေး ဘို့ဆိုရင် အခု ရတဲ့ အချိန် လောက်နဲ့ မလုံ လောက် ဘူး။ အကြာကြီး ပြန်လုပ် ရမှာ။” ဟု ဖြေ ခဲ့သည်။

စင်စစ် အားဖြင့်မူ အချိန်သည် လိုသည် ထက်ပင် ပိုပါ သေးသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့တွင် စတင် တာဝန် ထမ်းဆောင် ခဲ့ သော ကော်မရှင် သည် ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ အထိ စုစုပေါင်း အချိန် ရှစ်လ နှင့် သုံးရက် ရခဲ့ သည်။ အဓိက ရုဏ်း ကြီးအား ဖေါက်ခွဲ ခဲ့သည့် စနက် တန် များ သဘွယ် အရေးကြီး လှသည့် ပြစ်မှုကြီး နှစ်ခုအား အဓိက ထား၍ စုံစမ်း ဖေါ်ထုတ်မှု မပြု ခဲ့ဘဲ သ မိုင်း ကြောင်း များအပေါ် တွင်လည်းကောင်း၊ ပြစ်မှု ဖြစ်ပွား ပြီးနောက် အကျိုး သက် ရောက်မှုများ အပေါ် တွင် လည်းကောင်း လိုအပ် သည်ထက် ပိုမို အချိန်ယူ ခဲ့ခြင်း ကြောင့်သာ အချိန် ပြဿနာ ပေါ်ခဲ့ ရသည်။ 

ဥပဒေ စိုးမိုးရေး၏ ၀င်ရိုး ဖြစ်သော တရား စီရင်ရေးနှင့် စပ်လျှဉ်း၍ လေ့လာ စုံစမ်း ဖေါ်ထုတ်ခြင်း မပြုခဲ့ သဖြင့် အမှန် တရားကို ပျောက်ဆုံး စေခဲ့သည့် ကော်မရှင်။

ပထမ အမှုတွင် ရခိုင် အမျိုး သမီး ကလေးအား မုဒိန်းကျင့် သတ်ဖြတ်၍ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲ ခံရသူ သုံးဦး အနက် တဦးမှာ အချုပ် ခန်းထဲ တွင် ကြိုးဆွဲချ သေသွား ခဲ့ကြောင်း သိရသည်။ မှုခင်း တွင် နောက်ကွယ် က ကြိုးကိုင် စီစဉ်သူ များအား မဖေါ် ထုတ်နိုင်စေ ရန် နုတ်ပိတ် လိုက်ခြင်း များဖြစ် သ လား။ စုံစမ်း စစ်ဆေး ဖေါ်ထုတ် ခွင့်ရ ပါလျှက် ကော်မရှင်သည် မည်သို့ မျှ မဆောင် ရွက်ခဲ့။ ရခိုင် အမျိုး သမီး ကလေး အား မုဒိန်း ကျင့် သတ်ဖြတ်သူ မည်သူ့ကို မဆို အရေးယူ အပြစ် ပေးရ ပါမည်။ သို့ရာတွင် တရားခံ များဘက် တွင် ခုခံ ထုခြေခွင့် အပြည့် အ၀ရှိ ဘို့လိုသည်။ ဤမျှ ကြီးမား လှသော လူ သတ်မှု ကြီးအား အလွန် တိုတောင်း လှသည့် ရက် သတ္တ သုံးပတ်မျှ အတွင်း ရုံးတင် စစ်ဆေးပြီး ကျန် တရားခံ နှစ်ဦး အပေါ် သေဒဏ် ချမှတ် ခဲ့သည် ဆိုသည်မှာ မြန်မာ နိုင်ငံ တရား စီရင်ရေး သမိုင်းတွင် မကြား မိဘူးခဲ့။ ကျန်သူ နှစ်ဦး ကိုပါ ထပ်မံ နုတ်ပိတ် လို၍လား သံသယ ဖြစ်ဖွယ်ပင်။

ဒုတိယ အမှုတွင် လူ (၁၀) ဦးအား ပေါ်ပေါ် ထင်ထင် တပြိုင်နက် သတ်ဖြတ် ပစ်သည် အထိ ပြစ်မှု ကျူးလွန် ကြသူများ သည် မည်သူ တို့ နည်း။ ဤမျှ ကြီးမား လှသော ပြစ်မှု ကြီးကို နောက်ကွယ်မှ နေ၍ ကြိုးကိုင် စီစဉ်၊ သို့မဟုတ် ဖုံးအုပ်ကာ ကွယ်ပေး ထားသော အဖွဲ့ အစည်းများ ရှိလျှင် မည်သည် တို့နည်း။ တိတိ ကျကျ ဖေါ်ထုတ် ရန် ကော်မရှင် တွင် တာဝန်ရှိ သည်။ မဖေါ် ထုတ်ခဲ့။ အပြစ်ပေး အရေးယူ ရန် မတောင်း ဆိုခဲ့။ တရား စီရင် ရေးပိုင်း အရ အားနည်း ချက်တွေ ရှိသည် ဆိုလျှင် လည်း လွတ်လပ်၊ ဘက်မလိုက်၊ အားကောင်း ထက်မြက်သော တရား စီရင်ရေး စနစ် ပေါ်ပေါက် လာရေး အတွက် မည်သည့် အဆိုပြုမှုမျှ မတင်သွင်းခဲ့ ။ကော်မရှင်ကိုယ်တိုင်က ဥပဒေစိုးမိုးရေး၏ မရှိမဖြစ် အရေးပါလှသည့် အခြေခံများကို ဥပက္ခာ ပြုထားသောအခါ နောက်ထပ် အလားတူ ပြစ်မှုကြီး များ ကျူးလွန်မှုမရှိ စေရန် မည်သို့ ကာကွယ် တားဆီး မည်နည်း။

အစိုးရ၏ တာဝန်ရှိ မှုကို ပြတ်ပြတ် သားသား ဖေါ်ထုတ် တင်ပြမှု မပြုခဲ့သည့် ကော်မရှင်။

မည်သည့် နိုင်ငံ တွင်မဆို အစိုးရ တိုင်း၏ အခြေခံ အကျဆုံး တာဝန်သည် ပြည်သူ လူထု၏ လုံခြုံမှုကို ကာကွယ် စောင့် ရှောက်ရန်ဖြစ် သည်။ ကော်မရှင်၏ အစီရင် ခံစာ အရ ပေါ်လွင် သည်မှာ ပဋိ ပက္ခ ဖြစ်စဉ်များ အတွင်း တိုက်ရိုက် အမိန့်ပေး ကိုင်တွယ် သူမှာ အဓိက အားဖြင့် ဒေသ ဆိုင်ရာ အာဏာ ပိုင်များ မဟုတ်၊ နေပြည် တော်မှ ဗဟို အစိုးရ ဖြစ်သည်။ ကော်မရှင် ၏ အစီ ရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ရှိနေ ကြောင်းနှင့် လုံခြုံရေး အဖွဲ့ အစည်း များသည် သက်ဆိုင်ရာ ၀န်ကြီး ဌာန များ၏ အမိန့် ကိုသာ နာခံ ရပြီး ဒေသ ဆိုင်ရာ အုပ်ချုပ် ရေးဆောင်ရွက် သူများ၏ အမိန့်ကို နာခံ နိုင်ခြင်း မရှိ သည်ကို တွေ့ရှိ ရကြောင်း” အတိ အလင်း ဖေါ်ပြ ထားသည်။ ဤတွင် ကော်မရှင် သည် ကောင်းမွန် သော လွှမ်းမိုး အုပ်ချုပ်မှု [5] ကို ကျင့် သုံးသည့် နိုင်ငံ တကာ အစဉ် အလာ [6] အရ အမိန့် ပေး ခြင်း အရ တာဝန် ရှိမှု [7] ကို ဖေါ်ထုတ် ရပါမည်။ 

မျက်စိ ရှေ့မှောက် တွင် ပြစ်မှု ကြီးများ ကျူးလွန် ဖြစ်ပွား နေကြောင်း တွေ့ရ ပါလျှက် လုံခြုံရေး အဖွဲ့ အစည်း များသည် ချက်ခြင်း အရေးယူ ဆောင်ရွက် မှုမပြုဘဲ ရပ် ကြည့်နေ ခဲ့ကြ သည်ကို ရခိုင် ပဋိပက္ခ များ အတွင်း စတင် တွေ့မြင် ခဲ့ရပြီး နောက်ပိုင်း တွင် တပြည် လုံးသို့ ပြန့်လာ နေပြီ ဖြစ်သည်။ ယင်း အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အရ ထိပ်ဆုံး တွင် တိုင်း ပြည် အာဏာကို ချုပ်ကိုင် ထားသော အမျိုး သား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ နှင့် ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင် စုအစိုးရ တွင် အဓိက တာဝန် ရှိသည်။ ကော်မရှင် က ရခိုင် ပဋိပက္ခ များ အတွင်း အမိန့် ပေးခြင်း အရ တာဝန် ရှိမှုကို စနစ် တကျ တိတိ ကျကျ မဖေါ် ထုတ်ခဲ့ခြင်း အားဖြင့် ကာလုံနှင့် နေပြည်တော် အစိုးရကို အကာ အကွယ် ပေး ရာ ရောက်သည်။ တပြည် လုံးတွင် ပြစ်မှု ကြီးများ တောက်လျှောက် ဖြစ်ပွား ကျူး လွန် နေရာ၌ ကာ လုံနှင့် နေပြည်တော် အစိုးရ၏ တာဝန် ရှိမှုကို ဆက်လက် ဖုံးကွယ် ထားနိုင် သည့် အုတ်မြစ် အားကော်မရှင် က ချပေး လိုက်ရာ ရောက်သည်။ 

နိဂုံးချုပ် သုံးသပ်ချက်

ကော်မရှင်၏ အစီရင် ခံစာတွင် လေ့လာ အသုံးချ သင့်သော အကြောင်း အရာ များလည်း ပါရှိ သည်။သို့ရာတွင် စာမျက်နှာ ၂၂ ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွား ရသည့် အကြောင်း ရင်းများ ဟူသော ခေါင်းစဉ် အောက်တွင် သုံးသပ်ချက် အများ စုကြီးမှာ ထင်မြင် ချက် များကို စုစည်း ဖေါ်ပြ ချက် များ ကဲ့ သို့ ဖြစ်နေသည်။ တိတိ ကျကျ အဖြေရှာ မှုမတွေ့ရ။ မည်သည့် အမှန် တရား ကို မျှ ပြတ် သား စွာ ဖေါ်ထုတ့် ပြမထားပါ။

ကော်မရှင်သည် ဥပဒေ စိုးမိုးရေး၏ အရေးပါ လှသည့် အခြေခံ များကို မထောက်ပြ၊ အစိုးရ၏ အမိန့် ပေးခြင်း အရ တာဝန် ရှိမှုကို မဖေါ်ထုတ်၊ လွတ်လပ် ဘက်မလိုက် အားကောင်းပြီး လူ့အခွင့် အရေးနှင့် ဥပဒေ စိုးမိုးရေးကို လေးစား လိုက်နာ သည့် တိုင်းပြည် လုံခြုံရေး အဖွဲ့ အစည်း [8] များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်း ရေးကို တွန်းအား မပေး၊ ပြစ်မှု ကြီးများ ဖြစ်ပွား သည့်အခါ တိုင်း မျှတသော တရား စီရင် စစ်ဆေးမှု [9] အခြေခံ တွင် တရားရုံး များအား အားကိုး ဖြေရှင်း နိုင်ကြစေ ရေး မီးမောင်း ထိုးမပြခဲ့။ယင်းတို့ အစား တာဝန် ခံမှု မရှိသော ကာလုံ၏ တိုက်ရိုက် ကွပ်ကဲမှု အောက်ရှိ တလက်ကိုင် လုံခြုံရေး အဖွဲ့ အစည်း များအား အင်အား နှစ်ဆ တိုးကာ ရခိုင် ပြည်နယ် တွင် ထပ်မံ ချထားရန် ကိုသာ အဓိက အားဖြင့် တွန်းအားပေး လျှက်ရှိ သဖြင့် ရေရှည်တွင် ရခိုင် ပြည်နယ် တွင် သာမက ပြည်ထောင်စု တ၀ှမ်း လုံးမှာပင် သေနတ် ကိုဒူး ထောက် ရှစ်ခိုး၊ သေနတ် အောက်တွင်ပင် အသက်ရှင် ခိုလှုံ ရမည့် ဘ၀သို့ လူထုကြီး တရပ်လုံး ကျဆင်း စေအောင် ပြု လုပ် လိုက် သကဲ့သို့ ဖြစ်သည်။ 

ဦးအောင်ထူး (ရှေ့နေ) 
ဥပဒေ အထောက် အကူပြု ကွန်ယက် တည်ထောင်သူ 
ရက်စွဲ၊ မေလ (၃) ရက် ၂၀၁၃ ခုနှစ်

[1] Major research question
[2] Immediate cause
[3] ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ၁၃၊ ၁၄
[4] Hearsay
[5] Good governance
[6] International practice
[7] Command responsibility
[8] State institutions for security
[9] Fair Trial

Comment ရေးရန်

Rohingya Exodus