နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ဝေါဟာရနဲ့ အတူ ရှိနေတဲ့ ဂျီနိုဆိုက် ပြဿနာ



ရိုနေဆန်းလွင်
RB News
28.5.2016

မေလ (၂၂) ရက်နေ့ နေပြည်တော်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အကြောင်းကို ပြောဆိုသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ငြင်းခုန်နေတာထက် နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အဖြေကို ရှာရမယ်လို့ ပြောသွားခဲ့ပါတယ်။

ရိုဟင်ဂျာ ဝေါဟာရနဲ့ အတူ ရှိနေတဲ့ အကြီးမားဆုံး ပြဿနာက ဂျီနိုဆိုက်ပါ။ ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း သုံးရတဲ့ အခြေအနေမှာ တကယ်ရှိနေပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဲလို အသုံးအနှုန်းတစ်ခုကို သုံးဖို့ဆိုတာ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဆုံးဖြတ်ရတာ ဖြစ်တာနဲ့အညီ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက် မြောက်တယ်လို့ အတည်ပြု ပြောကြားထားတဲ့ အပြင် ကမ္ဘာ့နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် (၇) ဦးကလည်း ဂျီနိုဆိုက်လို့ ပြောခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်သွားပါပြီ။

အခေါ်အဝေါ် ကိစ္စပြောပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာကို တရားဝင် တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခဲ့ပြီး ရိုဟင်ဂျာများက ၁၉၇၄ ခုနှစ်လောက်ထိ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရခဲ့ကြပါတယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အဝေါ်ကို နိုင်ငံတော်က တရားဝင် အခမ်းအနားလုပ်ပြီး အသိအမှတ်ပြု ခေါ်ခဲ့တယ်။ အဲဒီတုန်းက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီး ကိုယ်တိုင် အခမ်းအနားတက် မိန့်ခွန်းပြော၊ သူနဲ့အတူ အရာရှိကြီးပေါင်းများစွာ တက်ရောက်ခဲ့တယ်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တယ်။ တပ်မတော်ဘက်ကလည်း မိမိတို့ရဲ့ ညီရင်းအစ်ကိုပမာ နွေးနွေးထွေးထွေး ဆက်ဆံပြီး တပ်မတော်ရဲ့ အာဘော် ဂျာနယ်မှာတောင် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ဆောင်းပါးရေးပြီး ဖော်ပြခဲ့တယ်။ အဲဒါတွေအပြင် မြန်မာ့အသံရဲ့ တိုင်းရင်းသားအစီအစဉ်မှာ ရိုဟင်ဂျာ အစီအစဉ်ကို ရိုဟင်ဂျာ ဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့တယ်။ စွယ်စုံကျမ်း၊ အခြေခံပညာ အထက်တန်းကျောင်း ပထ၀ီဝင် ဘာသာရပ်ရဲ့ မြန်မာပြည် မြေပုံမှာ ရိုဟင်ဂျာများ နေထိုင်ရာ ဒေသကို သီးသန့် ဖော်ပြတဲ့ အထိရှိခဲ့တဲ့ အပြင် ၂၀၁၂ ခုနှစ်ထုတ် အဝေးသင် တက္ကသိုလ် ပထ၀ီဝင်ရဲ့ သင်ရိုးညွန်းတမ်းမှာလည်း ပါလာပြန်တယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ရခိုင်တွေက လက်မခံဘူးဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင် ရိုဟင်ဂျာကို တရားဝင် အသိအမှတ်ပြုတုန်းက အခုရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ရခိုင်တွေလည်း အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက တရားဝင် အသိအမှတ် ပြုနေချိန်မှာ ရခိုင်တွေက မကန့်ကွက်ခဲ့ဘဲ၊ အခု တရားမ၀င်လို့ သတ်မှတ်ထားတဲ့ အချိန်ကျမှ ဘာကြောင့် ဒီလောက် အသည်းအသန် ကန့်ကွက်နေရသလဲ ဆိုတာကို လေ့လာ ဆန်းစစ်ဖို့ လိုပါမယ်။ တကယ်ပဲ ရခိုင်အားလုံးက လက်မခံတာလား? ဒါမှမဟုတ် ခေါင်းဆောင် ဆိုသူတွေက လက်မခံရဘူးလို့ ပြောထားလို့ ရခိုင်ပြည်သူတွေကပါ လက်မခံဘူးလို့ ပြောနေကြတာလား? ပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာတွေက ၁၉၄၂ ကနေ ၂၀၁၂ ထိ နှစ်ပေါင်း ၇၀ ကြာ အဓိကရုဏ်းတွေကြားမှာ နေခဲ့ကြတာလား? ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာလား? ရခိုင်နဲ့ ရိုဟင်ဂျာ ဆိုရင် ၂၀၁၂ ခုနှစ် နောက်ဆက်တွဲ ဇတ်လမ်း တစ်ခုတည်း မဟုတ်ဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက ဘယ်လို ရှိခဲ့သလဲ ဆိုတဲ့ သမိုင်းကို သေချာ ပြန်ဆန်းစစ်ဖို့ လိုပါမယ်။

အဲဒါတွေ အပြင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင်ကတည်းက ရှိခဲ့တဲ့ ဝေါဟာရလား၊ ပြီးတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်း အဲဒီဒေသမှာ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ မွတ်စလင်တွေ တကယ်ရှိခဲ့သလား ဆိုတာ သမိုင်းပညာရှင်များနဲ့ ဆန်းစစ်ဖို့ လိုပါမယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင် ကတည်းက ရှိနေခဲ့တဲ့ လူနည်းစုတစ်စု (မွတ်စလင်များ) ရဲ့ လူမျိုးအမည် “ရိုဟင်ဂျာ” ကို လူအများစုက မလိုလားလို့ ပြောင်းလဲရမယ်ဆိုတာက လူများစုက လူနည်းစုကို အနိုင်ကျင့်တာနဲ့ အတူတူပါပဲ။

ယနေ့ ရခိုင်ပြည်နယ်လို့ ခေါ်နေတဲ့ အာရ်ကာန်ဒေသရဲ့ သမိုင်းအစစ်အမှန်ကို သေချာဆန်းစစ်ပြီး အဖြေရှာမယ်ဆိုရင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ပြောင်းလဲပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဖြေကို ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “လူမျိုးအမည်ကလည်း သိပ်အရေးကြီးတယ် ဆိုတာကို ကျွန်မသိပါတယ်။ တစ်ကမ္ဘာလုံးက လူသားတိုင်းဟာ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်ချင်ကြတဲ့ ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြတယ် ဆိုတာကို ကျွန်မသိတယ်။ လူသားတိုင်းရဲ့ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်လိုမှုကို ကျွန်မ မဆန့်ကျင်ပါဘူး” လို့ပြောထားပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နှစ်ဖက်လက်ခံနိုင်အောင် ပြောင်းလဲပစ်တယ် ဆိုရင်တောင် ရိုဟင်ဂျာများရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတော်အစိုးရက ဒီလိုသတ်မှတ်လိုက်တယ် ဆိုတာမျိုးသာ ဖြစ်လာဖို့ ရှိမှာပါ။ အဲလို ပြောင်းလဲပစ်တယ် ဆိုရင် ရိုဟင်ဂျာများရဲ့ သမိုင်း၊ identity ကို လူအများစုက အနိုင်ကျင့်ပြီး ပြောင်းလဲပစ်တာမျိုးသာ ဖြစ်မယ်လို့ ထပ်ပြောပါရစေ။ ဘယ်ရိုဟင်ဂျာကမှ သူတို့ရဲ့ လူမျိုးအမည်ပြောင်းဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ နှစ်ပေါင်းများစွာ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားနေသူ တစ်ဦးအနေနဲ့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။

ဂျီနိုဆိုက် ကိစ္စပြောပါမယ်။ ဒီနေ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာများဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတည်မပြုခင်ကာလထိ နိုင်ငံသားများကိုသာ ထုတ်ပေးတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ပြီး နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ အစိုးရ၀န်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ခွင့်၊ ဆေးဝါးကုသခွင့်၊ အဆင့်မြင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ပညာသင်ကြားခွင့် အားလုံးကို အခြားသော တိုင်းရင်းသားများ နည်းတူ တန်းတူ ရရှိခဲ့ကြတယ်။

အဲဒီလို အခွင့်အရေး အပြည့်အ၀ ရခဲ့တဲ့ ရိုဟင်ဂျာများကို ဒီနေ့ ခိုးဝင်လာသူတွေ၊ တရားမ၀င် ပြောင်းရွှေ့လာသူတွေလို့ အမျိုးမျိုး စွပ်စွဲပြီး နိုင်ငံသားအဖြစ် အသိအမှတ် မပြုတော့ဘူး။ လူတွေက ဒီလူတွေပါပဲ။ ဒါပေမယ့် အဲဒီလူတွေ အပေါ်မှာ ကျင့်သုံးခဲ့တဲ့ မူ ပြောင်းသွားတာ တစ်ခုတည်းပါ။

၁၉၉၂ ခုနှစ်ကစပြီး ရိုဟင်ဂျာများရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သွားလာလှုပ်ရှားမှု၊ မွေးဖွားခွင့် အားလုံးကို န.စ.က အဖွဲ့က ကန့်သတ်ပြီး အမိုးပွင့် အကျဉ်းထောင်ထဲမှာ ထားတဲ့ပမာ ထားလာခဲ့တယ်။ စစ်အစိုးရ ဆင်းသွားပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားများ ဆိုတဲ့ အစိုးရ တက်လာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး န.စ.က ထက် ပိုမိုဆိုးဝါးတဲ့ ကန့်သတ်မှုတွေ လုပ်ပြန်တယ်။ တစ်ခါ အခု NLD အစိုးရ တက်လာတော့လည်း အဲလို ကန့်သတ်မှုတွေ ရပ်တန့်သွားသလားလို့ မေးရင် လုံးဝ (လုံးဝ) မရပ်တန့်ဘဲ ယခင်အတိုင်း ရှိနေဆဲပါပဲ လို့သာ ဖြေရပါမယ်။

ကန့်သတ်မှုတွေနဲ့ အတူ ညှဉ်းပန်း နှိပ်စက်မှုပေါင်းစုံလည်း ရှိနေဆဲပါ။ ရိုဟင်ဂျာ တစ်ဦးက အိမ်ထဲက အိမ်ပြင်ထွက်ရင် ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရပြီး၊ မိမိတို့ရဲ့ ရွာအတွင်း၊ အိမ်အတွင်းမှာ နေရင်းနဲ့ပဲ ညှဉ်းပန်း နှိပ်စက် ခံနေရတုန်းပါ။ အမျိုးသမီး ဘယ်နှစ်ဦး မုဒိန်းကျင့်ခံရသလဲ၊ အမျိုးသား ဘယ်နှစ်ဦး ပစ်သတ်ခံရသလဲ၊ ဘယ်နှစ်ဦးကို မတရားသဖြင့် ထောင်ချလိုက်သလဲလို့ မေးလာရင်လည်း မရေမတွက်နိုင်အောင် ရှိတယ်လို့သာ ဖြေရပါမယ်။ အမှန်တကယ် အဲဒီလို မရေတွက်နိုင်အောင် ရှိနေလို့ပါ။

ရိုဟင်ဂျာများ ညှဉ်းပန်းနှိပ်စက် ခံနေရတာတွေ၊ နှိပ်စက်မှုဒဏ်တွေကို မခံနိုင်လို့ စက်လှေတွေစီးပြီး နီးစပ်ရာ နိုင်ငံတွေကို ထွက်ပြေးနေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက စနစ်တကျ မှတ်တမ်းတင်နေတာ ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက် စကတည်းကပါ။ နှစ်ပေါင်း ၄၀ နီးပါး ရလာတဲ့ မှတ်တမ်းများကို သေချာဆန်းစစ်ပြီးမှ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ လိုနေပါပြီ၊ ဂျီနိုဆိုက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပါတဲ့ အချက်တွေ အတိုင်း ဒီလူတွေက တကယ်ခံစားနေရပြီဆိုတာကို သိပြီးတဲ့နောက်မှာ ပညာရှင်အချို့ သေချာကွင်းဆင်း လေ့လာပြီးမှ ဆုံးဖြတ်ခဲ့တာပါ။

NLD အစိုးရရဲ့ ရက်ပေါင်း (၁၀၀) စီမံကိန်းထဲမှာ နိုင်ငံသား စီစစ်ရေး ကိစ္စလည်း ပါဝင်ပါတယ်။ မေလ (၂၇) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေး ဆွေးနွေးတာမှာလည်း နိုင်ငံသား စီစစ်ရေး ကိစ္စပါဝင်ပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး ယနေ့ထိ ရိုဟင်ဂျာများကို စီမံချက် ခေါင်းစဉ် ပေါင်းစုံနဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီး၊ စီမံချက်တိုင်းမှာ ပါဝင်ခဲ့တာက ရိုဟင်ဂျာများရဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထားများကို အပြတ်ဖျောက်ပစ်ဖို့ပါ။ နိုင်ငံသားများသာ ကိုင်ဆောင်ခွင့်ရတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား တွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သိမ်းဆည်းခဲ့ပြီး၊ နောက်ဆုံးမှာ ယာယီသက်သေခံကဒ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒါတွေကိုလည်း လွန်ခဲ့တဲ့နှစ်က ပြန်သိမ်းခဲ့ပြီး အခုဆိုရင် ယာယီသက်သေခံကဒ်ပြား ပြန်အပ်ထားတဲ့ စက္ကူစာရွက် တစ်ရွက်စီသာ ကိုင်ထားရတဲ့ အခြေအနေကို တွန်းပို့ထားပါတယ်။ အဲဒါတွေကိုလည်း မြို့တွင်း သွားလာနေတဲ့ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စိတ်မထင်ရင် မထင်သလို ဆုတ်ဖြဲပစ်တာတွေ မနည်းပါဘူး။ အချုပ်အားဖြင့် ပြောရရင် စနစ်တကျနဲ့ အထောက်အထားတွေ ဖျောက်ပစ်ခံထားရတဲ့ လူတွေကို အထောက်အထား ပြပါဆိုရင် ပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဒီမှာ မေးခွန်းထုတ်ချင်တာက ၁၉၇၄ ခုနှစ် စံပယ်စီမံချက် ကစပြီး သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစီမံချက်နဲ့ သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၈၉ ခုနှစ်မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးမယ်ဆိုပြီး လိမ်ညာပြီး သိမ်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ ပြန်လည်ထုတ်ပေးပြီးမှ လိုအပ်တဲ့ အထောက်အထားတွေ တောင်းမလား ဆိုတာပါ။

ဦးနေ၀င်း အစိုးရလက်ထက်ကစပြီး လူသားမျိုးနွယ်စုတစ်စု အပေါ် စနစ်တကျ ကျူးလွန်လာတဲ့ ဒီရာဇ၀တ်မှုကြီးကို သေချာ လေ့လာဆန်းစစ်ဖို့ လိုပါမယ်။ ဒီလူတွေမှာ အထောက်အထား မရှိဘူးဆိုပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် ဦးနေ၀င်း ကျူးလွန်လာခဲ့တဲ့ ရာဇ၀တ်မှုကို ဆက်လက်ပြီး ကျူးလွန်သွားတာပဲ ဖြစ်မှာဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်ကစပြီး အခုလာမယ့် နိုင်ငံသားစီစစ်ခံဖို့ကိစ္စထိ ရိုဟင်ဂျာများ ကြုံတွေ့ရတဲ့ အတိဒုက္ခများ အားလုံးက ဂျီနိုဆိုက်မှာ အကျုံးဝင်နေတာကိုလည်း သတိပြုဖို့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Comment ရေးရန်

Rohingya Exodus