နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြောက်ပိုင်း လောင်းဒုံ ဆင်သေပြင် ကျေးရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက် စီးနင်း

MYARF
RB News
17.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဧပြီလ (၁၆) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအုပ်စု တောင်ရွာမှ ရွာသားတစ်ဦး  ပျောက်ဆုံးသွားခဲ့သည်ဟု အကြောင်းပြု၍ ဧပြီလ (၁၇) ရက်နေ့တွင် လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာသို့ နံနက် (၇) နာရီ အချိန်တွင် အင်အား (၄၀) ခန့်ရှိသည့် စစ်တပ်မှ အဖွဲ့တစ်ဖွဲ့၊ နံနက် (၈) နာရီ အချိန်တွင် အင်အား (၃၀) ခန့်ပါသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့၊ နံနက် (၉) နာရီအချိန်တွင် အင်အား (၆၀) ခန့်ပါသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့တစ်ဖွဲ့၊ နှစ်နာရီအတွင်း အင်အား (၁၃၀) ခန့်ရှိသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဆင်သေပြင်ရွာ တစ်ရွာလုံးကို ပိုက်စိတ်တိုက် ရှာဖွေခဲ့သည်။ ၎င်းတို့သည် တစ်စုံတစ်ရာ ရှာမတွေ့သော်လည်း အလယ်ရွာရှိ ဦးအဘူဘော်ကော်ရ်ဆိဒိတ်၏ နေအိမ်ကို တပ်ဖွဲ့ဝင် (၅) ဦးက နေအိမ်တံခါး ရိုက်ချိုး ၀င်ရောက်၍ နေအိမ်အတွင်းရှိ အ၀တ်အစား သေတ္တာများ၊ မှန်ဘီရိုများနှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် သစ်သားဘီရိုများကို ရိုက်ချိုး ဖျက်ဆီးသည့် အပြင် နေအိမ်အတွင်းရှိ အမျိုးသမီးများကို စာသင်ကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

တပ်ဖွဲ့ဝင်များက ရွာအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို နေအိမ်များမှ ဆွဲထုတ်၍ နေပူထဲတွင် ရပ်ခိုင်းထားခဲ့ကြောင်း၊ ကြိမ်ချောင်းရွာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည့် ရွာသားကို အမျိုးသမီးများနှင့် ကလေးငယ်များကို ရှာပေးရန် ပြောဆိုခဲ့ကြောင်း၊ ရှာမပေးလျှင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ရွာပါ ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဌာနဆိုင်ရာပေါင်းစုံရှိသည့် ကြိမ်ချောင်းရွာမှ ဧပြီလ (၁၆) ရက်နေ့တွင် ပျောက်ဆုံးသွားသည်ဟု ဆိုသူကို တစ်စုံတစ်ဦးက ကြိမ်ချောင်းရွာမှ ဖမ်းဆီးသွားသည်ဟု ဆိုလျှင် ကြိမ်ချောင်းရွာမှ ဖမ်းဆီး၍ ခေါ်ဆောင်သွားစဉ် သက်ဆိုင်ရာက မဖမ်းဆီးဘဲ ဧပြီလ (၁၇) ရက်နေ့တွင် ဆင်သေပြင်ရွာသို့ လာရောက်ရှာဖွေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ရှာဖွေမထုတ်နိုင်သည့်ကိစ္စကို အမျိုးသမီးများနှင့် ကလေးငယ်များကို ရှာဖွေဖော်ထုတ်ပေးရန် အမိန့်ပေး၍ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ ဆင်သေပြင်အလယ်ရွာမှ ဦးအဘူဘော်ကော်ရ်ဆိဒိတ်က ကြိမ်ချောင်းရွာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသူကို ဖမ်းဆီးလာသည်ဟု သံသယရှိလျှင် ဖမ်းဆီးလာစဉ် မဖမ်းခဲ့ဘဲ လွှတ်ထားခဲ့ခြင်း၊ ယခုကဲ့သို့ ဆင်သေပြင်ရွာကို ၀င်ရောက်စီးနင်း၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များကို လယ်ကွင်းပြင်တွင် နေပူလှန်းထားခြင်း တို့မှာ တည်ငြိမ်နေသည့် အခြေအနေကို ယိုယွင်းပျက်စီးစေရန် တမင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း ဖြစ်ပြီး၊ ကြိမ်ချောင်းရွာမှ ရွာသား ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆင်သေပြင်ရွာနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။




(ဓါတ်ပုံ - ဦးအဘူဘော်ကော်ရ်ဆိဒိတ်၏ နေအိမ်တွင်းသို့ ၀င်ရောက် ဖျက်ဆီးခဲ့သည့်ပုံများ)

Comment ရေးရန်

Rohingya Exodus