မကြာမကြာ တီးဦးမယ် (၃)
ယျာတင် (MYARF)
RB News
8.6.2013
"မကြာမကြာ တီးဦးမယ် (၃)"
ခွဲခြားဆက်ဆံ၊ ရခိုင်ပြည်ရှိ ကျောင်းများ၏ စံ
“A-ခန်းတိုင်းသည် ရခိုင် လူမျိုးများ အတွက်သာ ဖြစ်သည် တဲ့”
အထက (၁)၊ မောင်တော၊ သတ္တမတန်း၌ တက်ရောက် နေသော ညီလေး၏ ညည်းညူးသံ။ အထက်ပါ စာတန်းကို စာသင်ခန်း၏ ကျောက်သင်ပုန်းပေါ် တရားဝင် ရေးသား ထားသည် တဲ့။
ညီလေး၏ ညည်းညူးသံကို ကြားရ၍ အခုတလော နာမည်ဆိုးနှင့်ကျော်ကြား နေသော အထက (၁)၊ မောင်တော၏ အခြေ အနေကို ကျွန်တော် ပို၍ နားလည် သဘောပေါက် လာ၏။ ကျောင်းဖွင့် စာသင် ပြနေတာ ဤနေ့နှင့်ဆို နှစ်ရက်သာ ရှိသည်။ ဤနှစ်ရက် ဆိုသော အချိန် ကလေး အတွင်း အထက (၁) ကျောင်းမှာ ရခိုင် လူမျိုးတွေ မဟုတ်သော အခြား ကျောင်းသူ/သား များက ဆရာ/မများ၏ ခွဲခြား ဆက်ဆံမှု အမျိုးမျိုးတွေ ခံခဲ့ရ၏။ အဆိုးဆုံးက ရခိုင် လူမျိုး ကျောင်းသား/သူ များကို A-ခန်း၌ သပ်သပ် ထား၍ သင်ပြ နေခြင်းပင်။
ကျွန်တော်တို့ ခေတ်မှာ ဆိုလျှင် ကိုယ်အောင် လာတဲ့ အတန်း၏ အမှတ်၊ အကျင့် စာရိတ္တ များကို အကဲ ခတ်ပြီး အခန်းခွဲ ပေးလေ့ ရှိခဲ့သည်။ အကျင့် စာရိတ္တ ကောင်းမွန်၊ စာလည်း တော်လျှင် “A” ခန်း၊ ထိုအခန်း “A” တွင် လူမျိုးစုံ ဘာသာစုံက ကျောင်းသား/သူတွေ၊ အလွန် ပျော်ဖို့ ကောင်းခဲ့၏။ ရခိုင် လူမျိုး ဆရာ၊ ဆရာမများ ကလည်း သူတို့၏ ရင်ထဲက ခွဲခြား ဆက်ဆံ စိတ်ကို ရင်ထဲ၌သာ သိမ်းထား၊ မျက်နှာပေါ် ဟန်ဆောင် အပြုံးတွေ ဆောင်ရင်း ကျောင်းသား/သူ များကို ကောင်းမွန်စွာ မဟုတ် ရင်တောင် အဆိုးဆုံး မဟုတ်သော စနစ်နှင့် သင်ပြ ပို့ချခဲ့သည်။ ဤအကျိုး ရလဒ်ကြောင့် ကျွန်တော်သည် ၁၀-တန်း ဟူသော မဟာအတားအဆီး တောင်တန်းကိုအတားအဆီးမဲ့စွာအမှတ် ကောင်းကောင်းနှင့် နှစ်ချင်းပေါက် အောင်မြင် ခဲ့လေသည်။ ထိုခေတ်က ဆရာ/မများ ကို ယ္ခုထိ သတိရဆဲ . . . လေးစားဆဲပါ။
ခုကျတော့ ဤကျောင်းသည် ခွဲခြား ဆက်ဆံမှု၏ ရင်းမြစ် ဖြစ်နေသည်။ ကျောင်းဆိုသည်မှာ နိုင်ငံတော်၏ အနာဂတ် ကြယ်ပွင့် များကို သူတို့၏ မနက်ဖြန်တိုင်း လင်းလက် လာစေရန်၊ တန်ဖိုး ရှိစေရန်၊ အများ အကျိုး၊ နိုင်ငံ့ အကျိုး ဆောင်ကြဉ် နိုင်စေရန် အလို့ငှာ အတတ် ပညာ၊ အသိ ပညာတွေ သင်ပြ သွန် သင် ပေးတတ်သော နေရာ ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ တိုးတက် ရေးသည် ထိုနိုင်ငံ၏ ပညာရေး အ ဆင့် အတန်းနှင့် တိုက်ရိုက် အကျိုး ကျသည် ။မောင်တော အထကကျောင်းများကဲ့သို့ အခြား ကျောင်း များ သည် ခွဲခြားမှု ရင်းမြစ်များ ဖြစ်နေလျှင် ထိုကျောင်းရှိ ကျောင်းသား/သူများ ဘာမှ မတတ် လျှင် နောင် တစ် ချိန်မှာ နိုင်ငံတော် ကြီးလည်း ဘာမှ မတတ် နိုင်သော နိုင်ငံ ဖြစ်သွားမှာ စိုးရိမ်မိ၏။ ဤကဲ့သို့ အဖြစ် မျိုးကို ကျွန်တော့် အနေနှင့် လုံးဝ သည်းမခံနိုင်၊ လက်မခံ နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်သည် အမိ မြန်မာ နိုင်ငံတော် ကြီးကို နှလုံးသား စစ်စစ်နှင့် ချစ်မြတ်နိုး သောကြောင့် ဖြစ်သည်။
“ A-ခန်း ကိုပဲ ဦးစားပေး သင်ပြ မှာတဲ့ . . . ကျန်အခန်း တွေဆို လွတ်လွတ် လပ်လပ်တဲ့။ ဆိုလို ချင်တာက တက်ချင် ရင်တက်၊ မတက်ချင် ရင်လည်း ရတယ်တဲ့ (ဆရာ/မများ၊ ကျောင်းသား/သူများ)၊ ဒီကျောင်းက ရခိုင် လူမျိုးတွေ အတွက် သာတဲ့”
တွေးလို့ ကောင်းနေတုန်း ညီလေးက ဆက်ညည်းညူး လာ၍ ကျွန်တော် တွေဝေသွား၏။ ရင်ထဲ နာကျင် သွားမိသည်။ ကျောင်းကိုသာ တက်ခွင့် ရသော်လည်း ကျောင်းမှာ ကျွန်တော်တို့ အတွက် ဘာအခွင့် အရေး မှ မရှိ ပါလား။ ညီလေး တို့၏ အနာဂတ် လေးသည် မှောင်မိုက် နေသည်။ ညီလေး၏ ပြော ဆို နေ သံတွင် အားငယ် သံက အပြည့်။ ညီလေးကို နှစ်သိမ့် အားပေးမှ။
“ရှိပါစေ . . . လုပ်ပါစေ . . . ညီလေး ဘာမှ အားငယ် မနေနဲ့၊ ညီလေး ဘေးမှာ ဘွဲ့ရ အစ်ကို တစ်ယောက် လုံးရှိ နေတာပဲ။ အစ်ကို ပြပေး မယ်လေ .ညီလေးနားမလည်တာကိုသာအစ်ကိုကိုအချိန်မရွေးလာပြောနော် . . .”
ကျွန်တော့် အတွေးနှင့် ကျွန်တော် ပြောလိုက်ခြင်း ဖြစ်သည်။ ညီလေးက
“ညီလေး မှာသာ ဘွဲ့ရ အစ်ကို ရှိတာ . . . ကျန်တဲ့ ကျောင်းသား တွေမှာကော ညီလေးလို ဘွဲ့ရ အစ်ကိုများ ရှိပါ့ မလား . . . တစ်ယောက် တည်းရဲ့ အကျိုးကို မကြည့်ဘဲ အများ အကျိုးကို ကြည့်ပါလား အစ်ကိုရာ”
ညီလေး ပြောနေတာ ချွင်းချက် မရှိမှန် နေ၍ ကျွန်တော် မှင်တက် သွားမိ၏။ တစ်ဆက်တည်း ဂုဏ်လည်း ယူမိသည်။ ဤကဲ့သို့ အများ အကျိုး အတွက် စဉ်းစား တတ်သော ညီလေး တစ်ယောက် ကျွန်တော့်မှာ ရှိနေခြင်း သည် ဆုလာဘ် တစ်ခု ဖြစ်နေ၏။ ညီလေး ပြောသလို ညီလေး တစ်ယောက် အများ အကျိုး ထမ်းရွက် ဆောင်ကြဉ် နိုင်ပါစေ။ စိတ်ထဲ ကနေ ဆုတောင်း နေမိသည်။
စာဖတ်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝပါစေ . . .
ကျေးဇူးတင်လျက်
(ယျာတင်)