နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ ရွာမျက်နှာဖုံးများကို နယ်ခြားစောင့်ရဲ တပ်ရင်းမှူးက အစည်းအဝေး ဖိတ်ခေါ်ပြီးနောက် ဖမ်းဆီး၊ နှစ်ဦးကို သတ်ပစ်

MYARF
RB News
19.10.2016

မောင်တော ။    ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးက ငါးခူးရကျေးရွာမှ ကျေးရွာမျက်နှာဖုံး ပုဂ္ဂိုလ်များအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခဲ့သူများအား ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် အာဏာပိုင်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး ပူးပေါင်းခဲ့သူ ၁၁ ဦးကို ပြန်လာခွင့်မပေးဘဲ ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြောင်း၊ ၎င်း ၁၁ ဦးထဲမှ နှစ်ဦးကို သတ်ပစ်လိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက် (၉) နာရီခန့် အချိန်၌ ငါးခူးရ နယ်ခြားစောင့် တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူက ၎င်းနှင့် သိကျွမ်းနေသူ ငါးခူးရ ကျေးရွာမှ မျက်နှာဖုံး ပုဂ္ဂိုလ်များကို အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ပူးပေါင်း ကူညီပေးကြပါရန် ဖုန်းဆက်၍ ခေါ်ခဲ့ရာ ငါးခူးရ ကျေးရွာမှ အောက်အမည်ပါ ၁၁ ဦးတို့ သွားရောက်ခဲ့သည်။

၁။ ဦးအီဆုပ်အာလီ (ဘ) ဦးမာမူရော်ဖိက်- အသက် ၆၅ နှစ်။
၂။ ဦးအန္နာဝါရ် (ဘ) ဦးယူရှား - အသက် ၄၂ နှစ်။
၃။ ဦးဆာဒဲက်အာမတ် (ဘ) ဦးအာယုပ်- အသက် ၄၁ နှစ်။
၎။ ဦးဂျိန္နားခါန် (ဘ) ဦးနူရ်အာလောမ်- အသက် ၄၀ နှစ်
၅။ ဦးရှားအာလောမ် (ဘ) ဦးမာမတ်အာလောမ်
၆။ ဦးအန္နာဝါရ်ဝါ (ဘ) ဦးအစ္စလာမ်
၇။ ဦးအန္နာဝါရ် (ဘ) ဦးဟူးဆိန်အာမတ်
၈။ ဦးအန္နာဝါရ် (ဘ) ဦးဖော်ယာစ်အာမတ်
၉။ ဦးအဒူဇော်ဘ္ဘောရ် (ဘ) ဦးအမောက်အာလီ
၁၀။ ဦးခင်မောင်ထွန်း (ခ) ဆီရာစ်ဇူဒ္ဒိန်း (ဘ) ဦးဒီဒါရ်အာမတ်
၁၁။ ဦးမူစ်တာက်အာမတ် (ဘ) ဦးဇော်ကိရ်အာမတ်။

၎င်းတို့ထဲမှ နှစ်ဦးသည် ပန်းနာနှင့် သွေးတိုးရောဂါများဖြင့် သေဆုံးသွားသည်ဟု ယနေ့ ညနေပိုင်း ဘီဘီစီ မြန်မာပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အစိုးရမှ ပေးသည့်သတင်းများမှာ လုံးဝ မှန်ကန်မှု မရှိသဖြင့် ဘီဘီစီ မြန်မာပိုင်းမှ ပြောသည့် သတင်းလည်း မှန်ကန်မှုရှိမှာ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။

ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေက အောက်တိုဘာလ (၁၇) ရက်နေ့၌ မီဒီယာများသို့ ပြောကြားရာတွင် ဖမ်းဆီးထားသည့် လူများကို ညှဉ်းပန်းနှိပ်စက်ခြင်း မရှိကြောင်း ICRC က လာစစ်ချင်ရင်လည်း စစ်နိုင်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော် ဖမ်းဆီးထားသူများထဲမှ အများအပြား အသတ်ခံရသည်ဟု ယုံကြည်ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ လွန်ခဲ့သည့် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဖမ်းဆီးခဲ့သော အသက် ၅၈ နှစ်အရွယ်၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ရီဒါရွာမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မောင်တောရုံးခွဲ၏ အသိုင်းအ၀ိုင်း မြှင့်တင်ရေး ဆောင်ရွက်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကရိမ်းမူလ္လာကိုလည်း ယမန်နေ့က ညှဉ်းပန်းနှိပ်စက်၍ သတ်ခဲ့သည်။

ငါးခူးရ ဒေသခံတစ်ဦးက “တနေ့က ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံတွေကို တိုက်ခိုက်သူတွေကို ဖော်ထုတ်နိုင်ဖို့ ပူးပေါင်း ကူညီပေးကြပါ ဆိုပြီး မှာကြားတဲ့အတိုင်း ဒီလူတွေကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းခဲ့တာပါ။ တပ်ရင်းမှူးက ဖုန်းဆက်ခေါ်တာနဲ့ သွားပူးပေါင်းခဲ့တာပဲ။ ဒါပေမယ့် ဒီလူတွေကို ဖမ်းဆီးပြီးတော့မှ အကြမ်းဖက်သမား လုပ်ပစ်တာတော့ လုံးဝမတရားဘူးဗျာ။ ကျနော်ထင်တယ်။ အာဏာပိုင်တွေက ဒီကျေးရွာတွေက အပြစ်မဲ့ လူတွေ အထူးသဖြင့် ပညာတတ်နဲ့ ငွေရေးကြေးရေး အဆင်ပြေသူတွေကို ဒီပုံစံနဲ့ ဖမ်းဆီးပြီးတော့ အကြမ်းဖက်သမား လုပ်ပစ်မှာပဲ။ အာဏာပိုင်တွေကို ပြန်မေးခွင့်လည်း မရဘူး။ မေးတာနဲ့ သတ်ပစ်တယ်။ သူတို့လက်ထဲ ရောက်သွားရင်တော့ သေခြင်းတရားကိုပဲ မျှော်နေရမှာပါ။ တရားဥပဒေဆိုတာ ဒီမှာ မရှိဘူးဗျာ။” ဟု ၀မ်းနည်းစွာ ပြောသည်။

ယခု ဖမ်းဆီးခြင်းခံရသူများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရန် အင်တိုက်အားတိုက် ကူညီပေးခဲ့သူများ ဖြစ်ပြီး ဒေသခံအာဏာပိုင်များနှင့် နီးနီးစပ်စပ် နေသူများလည်း ဖြစ်သည်။

အလားတူ ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့၊ မွန်းလွှဲ ၁ နာရီခန့်အချိန်တွင် ငါးခူရ အလယ်ရွာရှိ ဦးကေဖာယဒ်အူလ္လာနှင့် ဦးအီဆာခ် တို့၏ နေအိမ်များသို့ စစ်သားအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး အိမ်နောက်ဖေးရှိ မြေနေရာ တစ်ခုကို တူးဖော်ကာ တစ်စုံတစ်ခုရှာသည့် ပုံစံလုပ်၍ တစ်စုံတစ်ခု မြုပ်နှံသွားခဲ့သည်။ ထိုစစ်သားအဖွဲ့ ပြန်သွားပြီး ငါးမိနစ်ခန့်အကြာတွင် နောက်ထပ် စစ်သားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ပထမ စစ်သားအဖွဲ့ မြုပ်နှံသွားခဲ့သော နေရာကို တူးဖော်ကာ လက်နက် တစ်လက် ထုတ်ယူလိုက်ပြီး ၎င်းတို့တွင် အသင့်ပါလာသော ကင်မရာဖြင့် အားလုံးကို ဗီဒီယို ရိုက်ယူသွားခဲ့သည်။

ထို့အပြင် လူငယ်ငါးဦးကိုလည်း ယနေ့ ထပ်မံဖမ်းဆီး သွားခဲ့သည်။ ၎င်းတို့သည် ယမန်နေ့က ဖမ်းဆီးခြင်းခံရသော ဦးဂျိန္နားခါန် နှင့် ဦးဆီရာစ်ဇူဒ္ဒိန်း တို့၏ သားနှစ်ဦးစီ ဖြစ်ပြီး နောက်ဦးမှာ ဦးဆီရာစ်ဇူးဒ္ဒိန်း၏ ညီဖြစ်သည်။

၁။ ဖရ်ဝါစ်ခါန်း (ဘ) ဦးဂျိန္နားခါန် - အသက် ၁၉ နှစ်။
၂။ ----------- (ဘ) ဦးဂျိန္နားခါန် - အသက် ၁၇ နှစ်။
၃။ အဘူး (ဘ) ဦးဆီရာစ်ဇူဒ္ဒိန်း - အသက် ၂၀ နှစ်။
၎။ အချေး (ဘ) ဦးဆီရာစ်ဇူဒိန်း - အသက် ၁၈ နှစ်။
၅။ ဆာဒဲက် (ဘ) ဦးဒီဒါရ်အမတ် - အသက် ၂၈ နှစ်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အကြမ်းဖက်သမား နာမည်ဖြင့် အပြစ်မဲ့ ပြည်သူများကို သက်သေအထောက်အထား မရှိဘဲ စွပ်စွဲ ဖမ်းဆီးခြင်း၊ ဖမ်းဆီးသူများကို လူမဆန်စွာ ရိုက်နှက်၍ သတ်ဖြတ်နေခြင်းများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသည့် တရားဥပဒေအတိုင်း လုပ်ဆောင်ပါသည်ဆိုသော စကားနှင့်လည်း လုံးဝခြားနားနေပါသည်။

ဒေသခံလူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက “သူတို့နဲ့ အတွေ့မခံရင်လည်း ပစ်သတ်တယ်။ သူတို့နဲ့ ပူးပေါင်းတော့လည်း ဖမ်းဆီးပြီး သတ်ပစ်တယ်။ ဒီကလူတွေ ထွက်ပြေးစရာလည်း မရှိဘူး။ ဘယ်သူမှလည်း လာမကူကြဘူး။ လူတွေ အစာရေစာလည်း ပြတ်လပ်နေတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဆို အာဏာပိုင်တွေရဲ့ ညှဉ်းပန်းမှုတွေကို မြင်တွေ့နေရတော့ ကြောက်ရွံ့စိတ်ဝင်လာတယ်။ ကျနော်ထင်တယ်။ ဒေသခံအာဏာပိုင်တွေက ၂၀၁၂ လို လူတွေ အစုလိုက်အပြုံလိုက် ဖမ်းပြီး သတ်ပစ်မှာဘဲ။ ဖမ်းဆီးသမျှ လူတွေကို အကြမ်းဖက်စာရင်းထဲ ထည့်ပစ်မှာဘဲ။ တိုက်ခိုက်တဲ့ အဖွဲ့ထဲမှာ လူပေါင်းရာကျော်ပါဝင်တယ်ဆိုပြီး လုပ်ကြံ ထုတ်ပြန်ခဲ့ကတည်းက သံသယဖြစ်နေတာ။ သူတို့ လူတွေ အများကြီး ဖမ်းချင်လို့ အဲ့လို စာရင်းထုတ်ထားတာလေ။ ပြီးတော့ လက်လုပ်သေနတ်တွေက သူတို့မှာ အသင့်ရှိတယ်။ လူတွေရဲ့အိမ်ခြံထဲလာပြီး မြုပ်မယ်။ ပြီးရင် ပြန်တူးမယ်။ ကင်မရာရိုက်မယ်။ ပြဇာတ်ပေါ့ဗျာ။ သူတို့ ရွာထဲဝင်တာနဲ့ လူတွေလည်း မနေရဲဘူး။ အဲ့တော့ သူတို့ လုပ်ကြံချင်သလို လုပ်လို့ရတာပဲ။ ရှောင်မနေလည်း မရဘူး။ ရှောင်နေလည်း ဒီလို လက်နက်မြုပ် ပြန်တူးတာတွေ လုပ်တယ်။ လူတွေ ယုံကြည်မှု ပျောက်ဆုံးနေတယ်ဗျာ။ ဘယ်သူ့ကို့ကို အားကိုးရမှန်း မသိဘူး ဖြစ်နေတယ်။ တရားဥပဒေ ဆိုတာ အခု မောင်တောမှာ သုည ရာခိုင်နှုန်းတောင်မရှိဘူး" ဟု ပြောသည်။

အသတ်ခံရသူ နှစ်ဦး


Comment ရေးရန်

Rohingya Exodus