နောက်ဆုံးသတင်း/ဆောင်းပါးများ

Aleppo မြို့ စစ်မြေပြင်မှ ခလေးငယ်များ



မင်းသိန်း
8.5.2016

ဧည့်ခန်းကျယ်ကြီး အတွင်း လူသံတိတ်ဆိတ် နေသည်။ တချက်တချက် ခပ်ပြင်းပြင်း နှလုံးခုန်သံ တစ်ခု ကြားရရုံမှ အပ အခန်းတခန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ အာရဗီ ကော်ဖီကရား ပူပူကို လက်တဖက်က ကိုင်ရင်း ခွက်ထဲကို ကော်ဖီငှဲ့ထည့် နေတဲ့ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးရဲ့ မျက်နှာပြင်မှာ သူမရဲ့ ရင်တွင်းက ဝေဒနာ မီးတောက်ကို အထင်းသား မြင်နေကြ ရတယ်။

"ဒီလို မနက်စောစော ကော်ဖီ သောက်တဲ့ အချိန်ဟာ ကျွန်မအတွက် ရူးမတတ် ခံစားရတဲ့ အချိန်တချိန်ပါဘဲရှင်"။ သား၊သမီး ၄ ယောက်ရဲ့ မိခင် Hala က တိတ်ဆိတ် ငြိမ်သက်နေတဲ့ အခန်းကို သူမရဲ့ နှလုံးသားထဲက ပွင့်အံ ထွက်လာတဲ့ စကားလုံးတွေနှင့် ဖြိုခွင်းလိုက်တယ်။ ခရားရေလွှတ် ထွက်လာတဲ့ သူမရဲ့ စကားတွေကို နားထောင်ရင်း ဧည့်သည်တစ်စု အသက်ရှူ ဖို့ မေ့နေတဲ့ အလား ဖြစ်နေကြတယ်။

"မနက်စောစော အိပ်ယာထတိုင်း ကျွန်မရဲ့ ပထမဆုံးအလုပ်က ကော်ဖီ အိုးပြေးတည်ရတယ်။ သူနှင့်အတူ ကော်ဖီ ထိုင်သောက်ရတယ်။ သူအလုပ်သွားပြီ ဆိုမှ အိမ်အလုပ်တွေကို စလုပ်ရတာ။ တခါတခါ အလုပ်ထဲကနေ အလုပ်နားရင် သူ ကော်ဖီလာသောက်မယ် ဆိုပြီး ဖုန်းလှမ်းဆက်တယ်။ သူက ကော်ဖီ အရမ်းကြိုက်တာ။ အရသာခံပြီးလဲ တစိမ့်စိမ် သောက်တတ်တယ်။ စားစရာ ဘာမှမရှိရင် နေပါစေ၊ ကော်ဖီ ခါးခါးလေး တစ်ခွက်ရရင် သူ့အတွက် လုံလောက်ပြီ"။

Hala ပြောပြနေတဲ့ (သူ) ဆိုတာ အာဏာရှင် Assad ရဲ့ အစိုးရကို ပထမဆုံး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ပြည်သူထဲက တော်လှန်ရေး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ သူမရဲ့ခင်ပွန်း Abu Ali အကြောင်းဘဲ ဖြစ်ပါတယ်။ Abu Ali ဟာ အာဏာရှင် Assad ရဲ့ စစ်တပ်တွေ Aleppo မြို့ကို တိုက်ခိုက်လာတဲ့ အချိန် Aleppo မြို့ အာဏာရှင် လက်ထဲ ကျရာက် မသွားအောင် ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
 
"ဆီးရီးယားမှာ Assad အစိုးရကို ပြည်သူတွေ လက်မခံတော့ မြို့တိုင်းလိုလိုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အာဏာရှင် Assad စစ်တပ်က အကြမ်းနည်းနှင့် ဖြေရှင်းလာတော့ ပြည်သူတွေမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ရရာ လက်နက်စွဲကိုင် ကြရတယ်။ တချို့မိသားစုတွေက ကိုယ်ပိုင်ဆိုင်တာတွေထဲက သယ်နိုင်တာတွေ အားလုံးကို ယူပြီး ထွက်သွားကြတယ်။ တချို့ မိသားစုတွေမှာ ယောက်ျားတွေဟာ စစ်မြေပြင်မှာ ကျန်ခဲ့ပြီး မိသားစု သားသမီး အားလုံးကို အန္တရာယ် ကင်းမယ် ထင်တဲ့ နေရာတွေကို ပို့ကြတယ်။ သူများတွေလိုဘဲ ကျွန်မ ယောက်ျားက ကျွန်မကိုခေါ်ပြီး ခလေးတွေကို ခေါ်ပြီး စစ်မြေပြင်နှင့် ဝေးရာကို ထွက်သွားဖို့ ပြောလာတယ်။ သူကတော့ အာဏာရှင် လက်အောက်က ပြည်သူတွေ လွတ်မြောက်ရေး အတွက် အသက်ကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်တဲ့အတွက် အာဏာရှင် ပြုတ်ကျသွားတဲ့ အထိ ဒီနေရာက ဘယ်မှမခွာတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလာခဲ့တယ်"။

အဆက်မပြတ် စီးကျလာနေတဲ့ မျက်ရည်တွေကို သုတ်ရင်း သူ့ရဲ့ငိုနေတဲ့ မျက်လုံးတွေနဲ့ ဧည့်သည်တွေကို စိုက်ကြည့်ရင်း မေးခွန်းတစ်ခု မေးလိုက်တယ်။ "တကယ်လို့ ရှင်တို့သာ ကျွန်မနေရာမှာ ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ" မမျှော်လင့်ဘဲ မေးခွန်း မေးခံလိုက်ရတဲ့ ဧည့်သည်တွေက ဆွံ့အသလို ဖြစ်နေတဲ့အချိန် အဖြေ ကို စောင့်မနေတော့ဘဲ Hala က ပြောလက်စ စကားကို ဆက်ပြောလာတယ်။" ကျွန်မတို့ အိမ်ထောင်သက် ရှစ်နှစ်ပြည့်တဲ့ထိ သား၊သမီး မရနိုင်ခဲ့ဘူး။ ကျွန်မတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံး အသျှင်မြတ်ရဲ့ သနားကြင်နာမှုနှင့် ဒီခလေး လေးယောက် ရလာခဲ့တယ်။ သူဟာ ကျွန်မတို့ မိသားစု အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖခင် တစ်ယောက် ဖြစ်တယ်။ သူဟာ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်နှင့် မချတတ်သလို၊ လွယ်လွယ်နှင့် မဖျက်တတ်တာ သိနေတဲ့ ကျွန်မအတွက် အဲဒီညဟာ ကျွန်မအတွက် တကယ့် ကမ္ဘာပျက်တဲ့ညတညလို ပါဘဲ။ ရှင်တို့ စဉ်းစားကြည့်လေ အာဏာရှင် Assad ဟာ ခလေးတွေကိုဘဲ ရှာပြီးသတ်နေသလားလို့ ထင်ရလောက်အောင် Aleppo မြို့နှင့် နိုင်ငံတ၀န်းမှာ သေလိုက်တဲ့ ခလေးတွေ။ ကျွန်မခလေး တွေလဲ ဒီမှာနေရင် တနေ့ မဟုတ်တနေ့ ဒီအဖြစ်ဆိုးနှင့် ကြုံလာရမှာဘဲ။ ကျွန်မ ခလေးတွေ အားလုံးက လူမမယ်လေးတွေ၊ ဘာမှ သိတတ်ကြသေးတာ မဟုတ်ဘူး။သူတို့ အဖေကတော့ သူပြောချင်တာ ပြောပြီး သေနတ်တစ်လက်ကိုင်ပြီး ထွက်သွားလိုက်ပြီ။ အပြစ်ကင်းတဲ့ ကျွန်မ ခလေးတွေရဲ့ မျက်နှာကို အစိမ့်စိမ့်ကြည့်ရင်း ကျွန်မ နှလုံးသားထဲမှာ ဗလောင်ဆူနေ ခဲ့တယ်။ ကျွန်မဆုံးဖြတ်ချက် တခု ပီပီပြင်ပြင်ချဖို့ လိုအပ်ပြီလို့ အားတင်းလိုက်ပြီး ခလေးအားလုံးကို ကျွန်မအနားကို ခေါ်လိုက်တယ်။ ကျွန်မ အတတ်နိုင်ဆုံး ရင်ထဲက ခံစားချက်တွေကို ခလေးတွေ မရိပ်မိအောင် မြိုသိပ်ရင်း သူတို့အဖေ ပြောခဲ့တဲ့ စကားတွေထဲက လိုရင်းကို ပြောပြလိုက်တယ်။" 

နင်တို့အဖေက ငါတို့အားလုံးကို လုံခြုံတဲ့ နေရာကို ထွက်သွားခိုင်းတယ်။ ဒီမှာက တနေ့ထက်တနေ့ အန္တရာယ်က ပိုများလာနေတယ်။ နင်တို့ ဘယ်လိုသဘောရလဲလို့ မေးလိုက်တော့ ခြောက်နှစ်အရွယ် ကျွန်မသမီးလေး Sara က "ကျွန်မအဖေနှင့် အတူနေခဲ့မယ်" လို့ချက်ချင်းပြောပြီး သူ့အဖေရှိရာကို ထွက်သွားလိုက်တယ်။ ကျွန်မအတန်တန် အော်ခေါ်တာတောင် လှည့်မကြည့်ခဲ့ဘူး။ စဉ်းစားကြည့်ပါရှင် Abu Ali နှင့် ကျွန်မက အဆိုးအကောင်း အားလုံးကို မျှဝေ ခံစားမယ်ဆိုပြီး ဘ၀တစ်ခုကို အတူတူ လက်တွဲ တည်ဆောက် ခဲ့ကြတာလေ။ ပြီးတော့ ဒီအာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို ယောက်ျားတွေဘဲ သီးသန့် ခံနေရတာ မဟုတ်ဘူးလေး၊ ယောက်ျား၊ မိန်းမ၊ ခလေး၊ လူကြီး အားလုံးက ခံနေရတာ။ မိန်းမတွေ ကကော ဘာသားနှင့် ထုထားလို့လဲ ကျွန်မတို့မှာလဲ နိုင်ငံချစ်စိတ်၊ လွတ်မြောက်ချင်စိတ် ရှိတာပေါ့ရှင်။"

ရိုင်ဖယ်ကိုကိုင် ကာကွယ် နိုင်အောင်သာတိုက်ပါ မောင်ရယ်၊ မောင်တို့က ပုခုံးနှင့်ထမ်းလို့ မယ်တို့က ခေါင်းနှင့်ရွက်ပါ့မယ်" ဆိုသလို ဒီတော်လှန်ရေးမှာ ကျွန်မတို့လဲ ကိုယ့်ယောက်ျားနှင့် အတူ ကျရာ တာဝန်ကို ထမ်းဆောင်ခွင့် ရချင်တာပေါ့ရှင်။ မိခင် တယောက်ဖြစ်နေတဲ့ ကျွန်မအနေနှင့် စဉ်းစားတာ တခုဘဲ ရှိတယ်။ အပြစ်ကင်းစင်တဲ့ ခလေးတွေကို ကျွန်မတို့နှင့် အတူ နိုင်ငံအတွက် အသက်စွန့်ခိုင်းတာဟာ ကျွန်မတို့အတွက် သိပ်များ မတရားရာ ကျနေမလားလို့ပါ။ Sara လေးပြောလိုက်တဲ့ စကားကိုကြားပြီး ကျွန်မ မျက်လုံးတွေ လင်းဝင်းလာတယ်။ သားကြီးနှင့် သမီးကြီး မျက်နှာကိုလှည့် ကြည့်လိုက်တော့ သားကြီးက သူ့အဖေလို တည်ငြိမ်တယ်။ ကျွန်မ ပြောနေတာတွေကို တချိန်လုံး ခေါင်းငုံ့ပြီး နားထောင်နေရာကနေ ကျွန်မကို မော့ကြည့်ပြီး "အမေ သားတို့အားလုံး အဖေနှင့်အတူတူ ဒီမှာဘဲ နေရင်ကောင်းမယ်" လို့ ပြောလာတယ်။

ကျွန်မလေ သားကြီးစကားကို ကြားပြီး ၀မ်းသာလွန်းလို့ ချုံ့ပွဲချငိုပြစ် လိုက်မိတယ်။ ဘယ်လိုဝမ်းသာ သွားမှန်းကို မပြောတတ်တော့ ပါဘူးရှင်။ ခံတပ် လုပ်ထားတဲ့ နေရာကနေ သူ့အဖေ ပြန်ရောက်လာတော့ "ရှင့်ခလေးတွေ ရှင်နှင့်ခွဲပြီး ဘယ်မှမသွားဘူးလို့ ပြောကြတယ်။ သွားစေချင်ရင်တော့ ရှင်ကိုယ်တိုင် ရှင့်ခလေးတွေကို စည်းရုံးကြည့်" ပြောပြီး ကျွန်မ အိမ်ထဲဝင် သွားလိုက်တယ်။ သူကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ပြီး ဒီကိစ္စကို လေးလေးနက်နက် တွေးနေမယ်ဆိုတာ ကျွန်မသိနေတယ်။

Hala ရဲ့ လင်းဝင်း တက်ကြွလာတဲ့ မျက်နှာကိုကြည့်ပြီး ငြိမ်ပြီး နားထောင်နေကြတဲ့ ဧည့်သည်တွေဟာ အနည်းငယ် လှုပ်ရှား လာကြတယ်။ ခွက်ထဲက အေးစက်စက် ကော်ဖီကို မော့သောက်တဲ့သူကသောက်၊ ခန္ဓာကိုယ်သက်တောင့် သက်သာ အနေအထားဖြစ်အောင် နေရာ ရွေ့ထိုင်သူထိုင်နှင့် စကားဝိုင်းက နည်းနည်း လှုပ်ရှားလာတယ်။

"ISIS တွေ ဘယ်အချိန်လောက်က Aleppo မြို့ထဲကို ရောက်လာတာလဲ အမ" ဧည့်သည် တယောက်ရဲ့ မေးခွန်းက ပြန့်နေတဲ့ အာရုံတွေကို စုစည်းပေးလိုက်သလို ဖြစ်သွားတယ်။ တိုင်ပင် မထားဘဲ ဧည့်သည်အားလုံးရဲ့ မျက်လုံးဟာ Hala ဆီကို ဦးတည်လာပြီး သူမဆီက ထွက်လာမယ့် စကားသံကို နားစွင့်နေကြတယ်။

"၂၀၁၄ ခုနှစ် အစဟာ ကျွန်မတို့မိသားစု တစ်ခုရဲ့ ကမ္ဘာစပျက်တဲ့ ကာလပါဘဲရှင်။ ISIS တွေဟာ ကျွန်မတို့အိမ်ပေါ် တက်လာပြီး ကျွန်မယောက်ျားကို လက်ပြန် ကြိုးတုတ် ထားတယ်။ကျွန်မနှင့် ခလေးတွေကို သူနှင့် ခပ်လှမ်းလှမ်းက သူမြင်နိုင်လောက်တဲ့ တနေရာမှာ သေနတ်တွေနှင့် ချိန်ထားတယ်။ ကျွန်မ ယောက်ျားကို ရိုက်စစ်နေတဲ့လူတွေက မျက်ရိပ်ပြရင် ကျွန်မတို့ နားကကောင်တွေက ခလေးတွေရဲ့ ခေါင်းကို သေနတ်ပြောင်းနှင့် ထိုးချိန်တယ်။ အစ္စလာမ် နာမည်ကို အလွှဲသုံးစားလုပ်ပြီး ယုတ်မာနေတဲ့ လူတွေပါရှင်။ လူသားစိတ် တစ်စက်မှကို မရှိတဲ့ လူတွေလို့ဘဲ ကျွန်မကတော့ မြင်တယ်။ သူတို့ ကျွန်မယောက်ျားကို ကျွန်မရဲ့ ခလေးတွေရှေ့မှာ အမျိုးမျိုး နှိပ်စက်ပြီး နောက်ဆုံး ဖမ်းခေါ်သွားတယ်။ ဒီမိစ္ဆာတွေ အပေါ်ထားတဲ့ ဒေါသစိတ်ကြောင့် ကျွန်မ ခလေးတွေကို ထိမ်းဖို့မေ့နေတယ်။ ခလေးတွေကတော့ရှင် သူတို့အဖေ နှိပ်စက်ခံနေရတာကိုကြည့်ပြီး ကမ္ဘာ ပျက်နေကြတာပေါ့ရှင်။ ISIS တွေက အချုပ်ခန်းထဲမှာ သူ့ကိုနှိပ်စက်ပြီး သတ်ပြစ်လိုက်ပြီလို့ ပြောကြတယ်။ တချို့ကလဲ မသေသေးဘူး အသက်ရှင်လျက် ရှိနေသေးတယ်လို့ ပြောကြတယ်။ အတိအကျတော့ အခုထိ ဘယ်သူမှမသိကြဘူး။ သူ့တပ်သားတွေကတော့ သူနှင့်ပတ်သက်တဲ့ သတင်းတွေရရင် ကျွန်မဆီ ပို့ပေးပါတယ်။ 

သူမရှိတဲ့ နောက်ပိုင်း Aleppo မြို့ထဲက စစ်မြေပြင်မှာ မှတ်တမ်းယူနေတဲ့ ဂျာမန် သတင်းထောက် Marcel Mettelsiefen က ခလေးတွေရဲ့ အနာဂတ်အတွက် ဂျာမဏီနိုင်ငံကို ရွှေ့ပြောင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းလာတယ်။ ကျွန်မ ယောက်ျား ရှိစဉ်တုန်းကလည်း အိမ်ကို ရောက်လာတိုင်း Marcel ကကျွန်မကို ဂျာမဏီကိုပြောင်းရွှေ့ဖို့ သူအစစအရာရာ ကူညီမယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ်။ ကျွန်မ ယောက်ျားကိုလည်း သူခဏခဏ သွားပြောတယ်။ Abu Ali ကတော့ ဘာမှ ပြန်မပြော။ ကျွန်မကတော့ သူလာပြောတိုင်း ငြင်းတာပါဘဲ။ အခုလို ကျွန်မတို့ မိသားစုတွေ ဂျမဏီမှာ အဆင်ပြေပြေနေရတာ၊ ကျွန်မ ခလေးတွေ ကောင်းကောင်းမွန်မွန် ကျောင်းတက်နေရတာ သူရဲ့ အကူအညီတွေ အများကြီး ပါပါတယ်။

 ကျွန်မဟာ ဒီနိုင်ငံမှာ အဆင်ပြေပြေ နေရပေမယ့် ကျွန်မ ၀ိညာဉ် က Aleppo မြို့မှာ ကျန်ခဲ့ပါတယ်ရှင်။ ကျွန်မ ယောက်ျားက ISIS လက်က လွှတ်လာပြီး အသက်ရှင် နေသေးတယ် ဆိုရင်လည် သူ့ရဲ့ ဆုံးဖြတ်ချက် ချထားတဲ့ အတိုင်း တော်လှန်ရေးကို ဆက်ပြီး လုပ်စေချင်ပါတယ်။ ကျွန်မတို့ ဆီးရီးယား ပြည်သူတွေဟာ အာဏာရှင် Assad ကို တော်လှန်ကြတယ်။ အခုက မိစ္ဆာကောင်တွေကိုလည်း တိုက်ထုတ် နေကြရတယ်။ ကျွန်မတို့ ပြည်သူတွေ ဘယ်တော့များ ငြိမ်းငြိမ်း ချမ်းချမ်း နေကြရမလဲ မသိတော့ပါဘူးရှင်။ Hala ရဲ့ နိဂုံးချုပ်စကားကို ကြားပြီး ဧည့်သည်တွေဟာ တယောက် မျက်နှာ တယောက်ကြည့်ရင်း သူတို့ရဲ့ စာနာနားလည်မှုကို ကိုယ်စီ ဖော်ပြကြပြီး Hala ကို နှစ်သိမ့်ကြပါတယ်။ သား၊သမီးတွေ အတွက်ဘဲ အသက်ရှင်သန် နေရတဲ့ မိခင် တယောက်ရဲ့ ပုံရိပ်ကို Hala ဆီမှာ ပီပီပြင်ပြင် မြင်နေကြရတယ်။

မင်းသိန်း (မိခင်များနေ့ အမှတ်တရ မိခင်အားလုံးအား ဂုဏ်ပြုရင်း)

ဝန်ခံချက် ။ ။ ဂျာမန် TV ZDF မှ ပြသသော Der Kinder von Aleppo ကို ခံစားရေးဖွဲ့သည်။

Comment ရေးရန်

Rohingya Exodus